
ရထားတစ်စီးပေါ်က ထိုင်ခုံတစ်ခုမှာ အဖိုးကြီးတစ်ယောက်၊ သူ့ရဲ့ အသက်နှစ်ဆယ့်ငါးနှစ်ရွယ် သားလူမောင်နဲ့ ဘေးချင်းကပ် ထိုင်နေတယ်။ ရထားက ဘူတာကနေ ထွက်ခွါခါနီးမို့ ခရီးသည်အားလုံးလည်း သူတို့ထိုင်ခုံတွေမှာ အသီးသီးနေရာယူ ၀င်ထိုင် နေကြတယ်။
မကြာမီ ရထား စထွက်တာနဲ့ သားလူမောင်ရဲ့ မျက်နှာမှာ သိလိုမြင်လိုမှုတွေ၊ ပျော်ရွှင်ကြည်နူးမှုတွေနဲ့ ပြည့်နှက်လာတယ်။ သူဟာ ရထားပြတင်းဘေးမှာ ထိုင်နေတယ်။ ပြီးတော့ လက်တစ်ဖက်ကို ပြတင်းပေါက် အပြင်ထုတ်လို့ အရှိန်နဲ့ဖြတ်သန်းတိုးဝှေ့သွားတဲ့ လေထုကို ခံစားကြည့်နေတယ်။
ဒီနောက် “ အဖေရေ သစ်ပင်တွေ အကုန်လုံး နောက်မှာကျန်, ကျန်ခဲ့တာ ကြည့်ပါဦး” လို့ အသံအကျယ်ကြီး ဟစ်လိုက်တယ်။ အဖိုးကြီးကတော့ပြုံးပြီး သူ့သား ပျော်မြူးနေတာကို သဘောတွေကျနေတယ်။
လူငယ်ရဲ့ မျက်နှာချင်းဆိုင် ထိုင်ခုံမှာတော့ လင်မယားစုံတွဲ တစ်တွဲထိုင်နေပြီး အဖေနဲ့သား ပြောနေတဲ့ စကားတွေကို နားစိုက်ထောင်နေကြတယ်။ သူတို့ဟာ အသက်နှစ်ဆယ့်ငါးနှစ်ရွယ် ကြီးတောင်ကြီးမား ယောင်္ကျားတစ်ယောက်က ကလေးလေးတစ်ယောက်လို တွေးခေါ်၊ ပြုမူ၊ ပြောဆိုနေတာနဲ့ ပတ်သက်ပြီး စိတ်ထဲမှာ နည်းနည်းတော့ ခိုးလိုးခုလုဖြစ်နေကြတယ်။
ရုတ်တရက်ဆိုသလိုပဲ “အဖေရေ ဟောဟိုရေအိုင်နဲ့ တိရိစ္ဆာန်လေးတွေကို ကြည့်ပါဦး။ မိုးတိမ်တွေကလည်း ရထားကြီးနဲ့အတူ ရွေ့ရှားနေတယ်နော်” လို့ လူရွယ်ဟာ ထပ် အော်ပြောလိုက် ပြန်တယ်။
လင်မယားနှစ်ယောက်ဟာ အမြင်ကတ်ကတ်နဲ့ပဲ လူရွယ်ကို ဆက်စောင့်ကြည့်နေကြတယ်။
ခုတော့ မိုးတွေ စရွာလာပြီး မိုးရေစက်လေးတွေဟာ လူရွယ်ရဲ့လက်ပေါ် ကျရောက် တို့ထိလာကြတယ်။ လူရွယ်ဟာ ရင်တခွင်လုံး အပျော်တွေနဲ့ပြည့်ပြီး မျက်လုံးတွေကို မှေးစင်းထားလေရဲ့။
ဒီနောက် “အဖေရေ မိုးတွေ ရွာနေတယ်ဗျ။ ကျနော့်ကို မိုးစက်တွေ လာဖြန်းပက်နေကြတယ်။ ကြည့်ပါဦးအဖေရ” လို့ အော်ကြီးဟစ်ကျယ် ပြောဆိုလိုက်ပြန်တယ်။
လင်မယားနှစ်ယောက်ဟာ သူတို့စိတ်ကို သူတို့ မထိန်းနိုင်ကြတော့ပဲ အဖိုးကြီးကို
“ဦးရဲ့သားကို ဆေးဝါးကုသမှု ခံယူဖို့အတွက် ဆရာဝန်ဆီိ ဘာကြောင့် မခေါ်သွားရတာလဲ” လို့ ပြိုင်တူ မေးလိုက်ကြတယ်။
ဒီတော့ အဖိုးကြီးက “ဟုတ်ပါရဲ့ကွယ်။ ကျုပ်တို့ ဆေးရုံကနေ ပြန်တောင် ပြန်လာခဲ့ကြပေါ့။ ဟောဒီ ကျုပ်သား သူ့ဘ၀ရဲ့ ပထမဆုံး မျက်စေ့နှစ်ကွင်း အလင်းပြန်ရလာတဲ့ ဒီနေ့မှာပဲ ဆိုပါတော့” လို့ ပြန်ဖြေလိုက်ပါသတဲ့။
No comments:
Post a Comment