မိမိရဲ့ မိတ်ဆွေ တစ်ဦးဟာ မြန်မာပြည်ကနေ စင်္ကာပူအသွား၊ စင်္ကာပူ လေယာဉ်ကွင်း အရောက်မှာမှ ပြည်ဝင်ခွင့် မရဘဲ မြန်မာပြည်သို့ ပြန်တဲ့ လေယာဉ်ပျံနဲ့ ပြန်ထည့် ပေးလိုက်တာ ခံရတဲ့ အကြောင်း တစ်ခု ကြားသိရပါတယ်။
အဖြစ်အပျက်ကို မိမိက မေးကြည့်တဲ့ အခါမှာ သူက ကံမကောင်းလို့ ဖြစ်ကြောင်း၊ ပထမဦးစွာ သူ့အနေနဲ့ အင်္ဂလိပ်လို လည်လည် ပတ်ပတ် ပြောဆိုနိုင်တာ၊ ဝတ်စား ဆင်ယင်မှုက ခေတ်ဆန်နေတာ၊ စသည်တို့ကြောင့် သူ့ကို မသင်္ကာလို့ စစ်ဆေးရာမှ သူဟာ စင်္ကာပူနိုင်ငံကို ယခင်က ရောက်ဖူးခဲ့ ပြီးနောက် ဗီဇာရက်လွန် နေထိုင်ခဲ့သောကြောင့် ပါ့စ်ပို့ အသစ်နဲ့ ပြန်အဝင်မှာ သူ့အား ခွင့်မပြုတော့တာ ဖြစ်ကြောင်း ပြောပြပါတယ်။ အမှန်မှာ သူဟာ စင်္ကာပူမှာလည်း စင်္ကာပူ လူမျိုး လူခံကောင်းကောင်း ရှိတဲ့ သူတစ်ယောက် ဖြစ်ပါတယ်။ သို့သော် သူဟာ ဥပဒေ စည်းကမ်းတွေကို ရှင်းပြတဲ့ အခါမှာ စာအုပ်ကြီးထဲက ဟာတွေ အပြင်လက်တွေ့မှာ အသုံးမတည့်တာလို့ ထင်မြင်ယူဆ တတ်သူမျိုးဖြစ်ပါတယ်။
စင်္ကာပူ လူဝင်မှု ကြီးကြပ်ရေး အရာရှိ တစ်ယောက် ဖြစ်ဖို့ဆိုတာ၊ မြန်မာပြည်မှာလို လူကြီးကို ကပ်ပေါင်းပြီး အရည်အခြင်း မရှိဘဲ ဖြစ်နိုင်တာမျိုး မဟုတ်တာကို သူသတိထားမိမယ် မထင်ပါဖူး။ ကမ္ဘာ့ အဆင့်အတန်းမှီ တက္ကသိုလ်ကနေ ဘွဲ့ရပြီးနောက် အလုပ်သင် သင်တန်းတွေ ကျိုးကျိုးစားစား အောင်မြင်ပြီးမှ ဒီလို ရာထူးဌာနမျိုး မှာတာဝန် ယူကြရတဲ့ သူတွေကို ဥာဏ်သေးသေးလေးနဲ့ သွားလှည့်စားလို့ ရဖို့ဆိုတာ လွယ်တဲ့ ကိစ္စမျိုး မဟုတ်ပါဖူး။
စင်္ကာပူ လူဝင်မှု ကြီးကြပ်ရေး အရာရှိ တစ်ဦးနဲ့ မိမိ စင်္ကာပူမှာ ရှိစဉ် ခင်မင်ရင်းနှီးဖူးပါတယ်။ သူက မိမိကို ဒီလို ရှင်းပြခဲ့ပါတယ် – သူတို့ဟာ သူတို့နိုင်ငံကို ဝင်လာတဲ့ လူတစ်ယောက်ကို ပါ့(စ်)ပို့၊ အပြန် လေပျံလက်မှတ်၊ စင်္ကာပူနိုင်ငံ အတွင်း နေထိုင်စဉ် လုံလောက်တဲ့ ငွေပမာဏ ရှိမရှိ နဲ့ ဗီဇာလိုတဲ့ နိုင်ငံက ပါ့(စ်)ပို့ ဆိုရင် ဗီဇာတို့ကို စစ်ဆေးရပါတယ်၊ အဲဒီလို စစ်ဆေးတဲ့ နေရာမှာ လူတိုင်းကို အသေးစိတ် သိပ်ပြီး နှိုက်နှိုက်ချွတ်ချွတ် လုပ်မနေပါဖူး၊ ဘာလို့လဲ ဆိုတော့ အဲသည်လို လိုက်လုပ်နေမယ် ဆိုရင် အချိန်သိပ်ကြာပြီး တန်းစီနေတဲ့ လူနဲ့ နောက်ဝင်လာမဲ့ လူတွေ အတွက် အချိန်တွေ တိုက်ဆိုင် ကုန်ပါလိမ့်မယ်၊ ဒါကြောင့် လူကြည့်ပြီး အသေးစိတ် စစ်ဆေးသင့်မှ စစ်ဆေးပါတယ်၊ လို့ ပြောပြပါတယ်။ ပြီးတော့ နိုင်ငံကြီးသားတွေ ဆိုရင် သိပ်မစစ်ဆေးပါဖူး၊ ဘာကြောင့်လဲ ဆိုတော့ သူတို့ကို သူတို့ သံရုံးတွေက တာဝန်ယူကြတဲ့ အတွက် တစ်စုံတစ်ခု ဆိုရင် သူတို့ သံရုံးတွေက ပူးပေါင်း အကူအညီ ပေးလို့ ဖြစ်ပါတယ်။ စင်္ကာပူမှာ သံရုံးမရှိတဲ့ နိုင်ငံတွေ၊ နောက် မြန်မာနိုင်ငံလို သံရုံးက တာဝန်မယူဘဲ ခေါင်းရှောင်တတ်တဲ့ နိုင်ငံတွေက လာတဲ့ လူတွေဆိုရင်တော့ သေသေချာချာ ဂရုစိုက် စစ်ဆေးပါတယ်။ နောက်တစ်ခါ စင်္ကာပူ လူဝင်မှု ကြီးကြပ်ရေးမှာ အမှုအခင်း အများဆုံး တက်လာတဲ့ နေထိုင်ခွင့် ဗီဇာ ကျော်နေတဲ့ နိုင်ငံသားတွေ၊ အလုပ်လုပ်ကိုင်ခွင့် မရှိဘဲ အလုပ်လုပ်ကိုင်ကြတဲ့ နိုင်ငံသားတွေ ဆိုရင် အဝင်မှာပင် အထူးဂရုစိုက် စစ်ဆေးပါတယ်။ အဲဒီမှာ မြန်မာနိုင်ငံသားတွေဆိုရင် စင်္ကာပူ လူဝင်မှု ကြီးကြပ်ရေး ဥပဒေကို ချိုးဖောက်တဲ့ ထဲမှာ ထိပ်ဆုံးက စာရင်းပါနေလို့ မြန်မာ ပါ့(စ်)ပို့ ဆိုရင် သေသေချာချာ စစ်ဆေးဖို့ အထူးညွန်ကြားချက် ရှိပါတယ်။ ဒီ့အပြင် သူတို့ဟာ လူဝင်မှု ကြီးကြပ်ရေးရဲ့ အမှုအခင်းတွေ လျှော့ပါးစေဖို့ အဓိက တာဝန်ယူကြရတဲ့ သူတွေ ဖြစ်ကြပါတယ်။ ဒါကြောင့်မို့ ရှေးဦးစွာ သူတို့နိုင်ငံထဲကို ဝင်လာသူတွေဟာ လူဝင်မှုကြီးကြပ်ရေး ဥပဒေနှင့် အခြား စင်္ကာပူက ဥပဒေတွေကို လိုက်နာမည့် သူမျိုးတွေ မဟုတ်ဖူးလို့ သံသယ ဖြစ်စရာတွေ့ရင် သူတို့က တားမြစ်ရမှာပါ၊ သို့မဟုတ်ပါက သူတို့ ခွင့်ပြုလိုက်တဲ့ လူတစ်ယောက်က ပြဿနာ ဖြစ်ခဲ့ရင် မည်သည့် အရာရှိလက်မှ ထွက်လာတာကို သိနိုင်တဲ့ အတွက်မို့ သူတို့တာဝန် မကျေပွန်သလို ဖြစ်ရပါတယ်။ သူတို့အနေနဲ့ မြန်မာ ပါ့(စ်)ပို့ ဆိုရင် အဓိက စစ်ဆေးတာက ဝင်လာတဲ့ ဗီဇာ အမျိုးအစားနဲ့ ခရီးသည် ဝင်လာတဲ့ ရည်ရွယ်ချက် မှန်မမှန် တိုက်ဆိုင် စစ်ဆေးခြင်း ဖြစ်ပါတယ်။ ဥပမာဆိုရင် စင်္ကာပူက တက္ကသိုလ်မှာ ကျောင်းတက်ဖို့ လာတဲ့ ကျောင်းသား တစ်ဦး ဆိုပြီး သူ့ကို “How do you do?” လို့ နှုတ်ဆက်လိုက်တဲ့ အခါမှာ “I am not doing anything” ဆိုပြီး၊ ပြန်ဖြေတဲ့ အခါမျိုးမှာ အင်္ဂလိပ်စကား ထမင်းစား ရေသောက်တောင် မရတဲ့သူက တက္ကသိုလ်မှာ ကျောင်းလာတက်တယ် ဆိုတာ မဖြစ်နိုင်ဖူးလို့ သိနိုင်ပါတယ်။ ဒီလိုဘဲ အလည်လာတယ် ပြောပြီး ပိုက်ဆံတပြားမှ အိပ်ထဲ ပါမလာတာမျိုး၊ ဘာလာလုပ်သလဲ မေးရင် တိတိကျကျ အဖြေ မပေးတတ်တာမျိုး တွေဆိုရင်လဲ ဒါတွေဟာ မသင်္ကာစရာ၊ ယုတ္တိမတန်တာတွေ ဖြစ်တယ်လို့ သိနိုင်ပါတယ်။ ဒီလိုမျိုး ဆိုရင်တော့ သူတို့က အသေးစိတ် သေသေချာချာ စစ်ဆေးပါတော့တယ်။
နောက်တစ်ခုက သူတို့ဟာ လူပေါင်းများစွာကို နေ့စဉ် အကဲခတ်ကြည့်နေရသည့် အပြင်၊ သူတို့ဟာ လူတွေကို အကဲခတ်နည်း စံနစ်တကျ သင်ကြားထား ကြရသူတွေ ဖြစ်ကြပါတယ်။ လူတစ်ယောက်က သူတို့ကို လိမ်နေသလား၊ ညာနေသလား ဆိုတာ သူတို့ခန့်မှန်းလို့ ရတတ်ကြပါတယ်။ သို့သော် ဒီလို ခန့်မှန်းရတာဟာ အန်မတန် ခက်ခဲတဲ့ အတွက် ဟန်ဆောင် သိပ်ကောင်းတဲ့ လူဆိုရင်တော့လည်း တစ်မျိုး ဖြစ်မှာပါ။
တကယ်တော့ အထက်မှာ ပြောခဲ့တဲ့ မိမိရဲ့ မိတ်ဆွေ မြန်မာ တစ်ဦးဆိုသူမှာ သူထင်သလို သူအင်္ဂလိပ်လို လည်လည်ဝယ်ဝယ် ပြောနိုင်လို့၊ သူ့ဝတ်စား ဆင်ယင်မှုကြောင့် ဆိုတာ မဟုတ်ပါဖူး။ သူ့အင်္ဂလိပ် စကားပြောဟာ အင်္ဂလိပ်လို ဘာမှ မတတ်တဲ့ လူတစ်ယောက်ဆိုရင်တော့ ဟုတ်သလိုလို ဖြစ်ပေမဲ့၊ အင်္ဂလိပ်စကား အထိုက်အလျှောက် သေသေချာချာ တတ်တဲ့ လူဆိုရင် အသံထွက်မှား၊ အသုံးအနှုံးမှားတွေနဲ့ Broken English ပြောနေတာ သိပါတယ်။ သူ့ရဲ့ ဝတ်စားဆင်ယင်မှု ဆိုတာလဲ စံနစ်တကျ ဝတ်စား ဆင်ယင်ပုံမျိုး မဟုတ်ပါဖူး။ အဝေးက လှမ်းကြည့်ရင်တောင် မြန်မာ တစ်ယောက် ဖြစ်တယ်ဆိုတာ ကြိမ်းသေ ပြောလို့ရပါတယ်။ တကယ်တော့ ကိုယ့်ကိုယ်ကို အထင်ကြီးတဲ့ စိတ်နဲ့ တကယ်တမ်း နဖူးတွေ့ ဒူးတွေ့ တွေ့ကြရတဲ့ အခါကျတော့ ကောင်းကောင်း ဟန်မဆောင် တတ်တော့ဘဲ ပျာယာခတ်ပြီး ဖုံးကွယ်ထားတာတွေ ပေါ်လာတာပါဘဲ။
သူ့မှာ အရင်တစ်ခေါက်က စင်္ကာပူမှာ ဗီဇာရက်လွန် နေခဲ့ဖူးလို့ အပြစ်ပေးခံရတာကို မြန်မာပြည်က ပါ့(စ်)ပို့ အသစ်နဲ့ ဗီဇာ ထပ်လျှောက်ပြီး ဝင်တယ်ဆိုရင် သူ့အနေနဲ့ စင်္ကာပူမှာလည်း လူခံကောင်းကောင်း ရှိတာမို့ သက်ဆိုင်ရာမှာ အသနားခံစာတင်၊ တရားဝင် ဖြစ်နိုင်တဲ့ နည်းလမ်းတွေရှာပြီး လုပ်မယ်ဆိုရင် အချိန်နည်းနည်း ပိုယူရင်ယူရမယ်၊ ငွေနည်းနည်း ပိုကုန်ရင် ပိုကုန်မှာ ဖြစ်ပေမဲ့၊ ဒီလို မလုပ်ဘဲ လက်တွေ့မှာ ဒီနည်းအတိုင်း လိမ်ညာ ဟန်ဆောင်ပြီး ရကြတဲ့ လူတွေ အများကြီးရှိတာဘဲ ဆိုပြီး အလွယ်လမ်းကို လိုက်မိတဲ့ အတွက် အခုတော့ ငွေကုန်လူပန်း ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင် နေရပါတော့တယ်။
ဒါကြောင့်မို့ ငွေကြေးများစွာ အကုန်အကျခံ ရင်းနှီးပြီး စင်္ကာပူသွားဖို့ မှန်မှန်ကန်ကန် နည်းလမ်းများကို ရှာဖွေ မလုပ်ဘဲ၊ ဟန်ဆောင် လှိမ့်ပတ်ပြီး လူဝင်မှုကြီးကြပ်ရေးကို စွန့်စားဖြတ်ဖို့ ကြိုးစားမယ် ဆိုရင်တော့ ဒီလိုစွန့်စားတာမျိုးဟာ သိပ်အန္တရာယ်ရှိတယ် ဆိုတာကို နောင်မှာ သိထားကြဖို့ ဖြစ်ပါတယ်။
No comments:
Post a Comment