မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)ကို လာမည့် စက်တင်ဘာလလယ်တွင်
တရားစွဲဆိုသွားမည်ဖြစ်ပြီး ၎င်းအတွက် ရလိုမှုဖြင့် တရားစွဲထားသော နစ်နာကြေး
ရရှိပါက ပြည်တွင်းတွင် ဆေးရုံဆောက် လှူဒါန်းသွားမည်ဟု တရားစွဲမည့်
အမေရိကန်အခြေစိုက် ဆက်သွယ်ရေး ကုမ္ပဏီ I.I(W.S) ကုမ္ပဏီ၏ မြန်မာနိုင်ငံ
ဌာနေကိုယ်စားလှယ် ဒေါက်တာမြတ်နုခိုင်က ပြောသည်။
၎င်းက သြဂုတ် ၂၉ ရက်တွင် ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ထိုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။
လက်ရှိတွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကို ဒုတိယအကြိမ် အကြောင်းကြားစာ
ပေးပို့ပြီးဖြစ်ကာ တတိယအကြိမ် ထပ်မံ မပို့တော့ဘဲ အမေရိကန်နိုင်ငံတွင်
တရားစွဲသွားမည် ဖြစ်သည်။ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက
စာချုပ်ပါအချက်များကို ဖောက်ဖျက်သဖြင့် I.I(W.S) ကုမ္ပဏီ၏ ဆုံးရှုံးရမှုအတွက်
အမေရိကန်ဒေါ်လာ သန်းသုံးဆယ် နှင့် ဌာနေ ကိုယ်စားလှယ်၏ လူ့အခွင့်အရေး
ဆုံးရှုံးခဲ့ရမှုအတွက် အမေရိကန်ဒေါ်လာ သန်း ၁၅ဝ ရလိုမှုဖြင့် တရားစွဲဆိုမည်
ဖြစ်သည်။
ဒေါက်တာမြတ်နုခိုင်က “ အမေရိကန်အခြေစိုက် ကုမ္ပဏီဖြစ်တဲ့အတွက် အမေရိကန်နိုင်ငံမှာ တရားစွဲဖို့ အဆင်သင့်ဖြစ်နေပါပြီ” ဟုဆိုသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် အမေရိကန်အခြေစိုက် I.I(W.S) ကုမ္ပဏီသည်
ဖိလစ်ပိုင်နိုင်ငံမှ အိန္ဒိယနိုင်ငံသို့ ဖုန်းခေါ်ဆိုမှုများအတွက်
မြန်မာနိုင်ငံက ကြားခံအဖြစ် ပူးပေါင်း လုပ်ဆောင်ရန် ၁၉၉၉ ခုနှစ်က
သဘောတူစာချုပ်ချုပ်ဆိုခဲ့ပြီး စာချုပ်တွင် ပူးပေါင်းလုပ်ကိုင်ခွင့် အတွက်
၂ဝဝ၇ ခုနှစ်အထိ သက်တမ်းရှိခဲ့သော်လည်း တစ်နှစ်ကျော်ကာလအတွင်း
ရပ်ဆိုင်းခဲ့သည့်အတွက် ကုမ္ပဏီ၏ ဆုံးရှုံးမှုနှင့် ဌာနေကိုယ်စားလှယ်၏
နိုင်ငံသားအခွင့်အရေး ဆုံးရှုံးခဲ့ရမှုများကြောင့် တရားစွဲဆိုခြင်း ဖြစ်သည်ဟု
ဒေါက်တာ မြတ်နုခိုင်က ပြောထားသေးသည်။
ဆက်လက်ပြီး ၎င်းက “ သန်း ၁၅ဝ တောင်းတယ်ဆိုတဲ့ ရည်ရွယ်ချက်ကို သိမှ တရားတယ်
မတရားဘူး ဆုံးဖြတ်လို့ရမယ်လို့ ထင်တယ်။ ကျွန်မ မကုလိုက်ရဘဲ သေသွားတဲ့
ကျွန်မအဖေအတွက် ဆေးရုံဆောက်မယ် ”ဟုပြောသည်။
လက်ရှိအချိန်တွင် တရားစွဲဆိုမှု အတွက် ဖိအားပေးမှု တစ်စုံတရာမရှိသေးသော်လည်း
မြန်မာ့ ဆက်သွယ်ရေးဘက်က အကြောင်းပြန်ကြားခြင်းအပေါ် အားရကျေနပ်ဖွယ်မရှိဟု
ဒေါက်တာ မြတ်နုခိုင်က ပြောသည်။ စာချုပ်တွင် စင်ကာပူနိုင်ငံ၌ နိုင်ငံတကာ
ကုန်သွယ်ရေးနှင့် တိကျမှန်ကန်ရေး ကုလသမဂ္ဂ သဘောတူညီချက် အရ ဖြေရှင်းရန်
သဘောတူထားသော်လည်း လူ့အခွင့်အရေး အပြည့်အဝရှိသည့် အမေရိကန်နိုင်ငံတွင်
တရားစွဲဆိုသွားမည် ဟု လည်း ၎င်းက ဆိုသည်။
I.I(W.S)ကုမ္ပဏီ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်၏ အကျိုးဆောင်ရှေ့နေ
ဦးအေးမောင်က “ရှင်းရှင်း ပြောရရင် ငွေလိုချင်လို့စွဲတာ မဟုတ်ဘူး။
လူ့ဂုဏ်သိက္ခာလိုချင်လို့။ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာကို
ဒီလိုတာဝန်ယူဖြေရှင်းပေးမယ်ဆိုတာကို နိုင်ငံတကာက သိစေချင်လို့ စွဲတာပါ” ဟု
ပြောသည်။
မြန်မာ့ဆက်သွယ်ရေးထံသို့ I.I(W.S)ကုမ္ပဏီက
အကြောင်းကြားစာနှစ်ကြိမ်ပေးပို့ခဲ့ပြီးဖြစ်ကာ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း၊
အဝေးဆက်သွယ်ရေးဌာနက အင်ဂျင်နီယာချုပ် ဦးစိုင်းစောလင်းထွန်းက အကြောင်း
ပြန်စာ ပြန်လည်ပေးပို့ထားသည်။ တရားဥပဒေအတိုင်း ဖြေရှင်းသွားနိုင်မည်ဟု
ဦးစိုင်းစောလင်းထွန်းက ဖြေကြားထားသည်။
No comments:
Post a Comment