စွဲဆောင်မှုရှိလှတဲ့ အမျိုးသမီးငယ်တစ်ဦး ဘတ်စကားပေါ်ကို မျက်မမြင်သုံး
တောင်ဝှေးတစ်ချောင်းနဲ့ သတိကြီးစွာ လှမ်းပြီး တက်လာတဲ့အခါ ဘတ်စကားပေါ်က
ခရီးသည်တွေက သူမကို ကရုဏာသက်စွာနဲ့ ငေးပြီး ကြည့်နေကြလေရဲ့။ ပထမ
ကားမောင်းသူကို သူမ ဘတ်စကားခ ပေးလိုက်တယ်။ ပြီးနောက် ထိုင်ခုံတွေကို လက်နဲ့
စမ်းရင်း အလယ်လမ်းကြားကနေ ကားမောင်းသူညွှန်လိုက်တဲ့ လွတ်နေတဲ့ ထိုင်ခုံဆီ
လျှောက်လာခဲ့တယ်။ နေရာကိုရောက်တဲ့အခါ ၀င်ထိုင်ချလိုက်ရင်း ပေါင်ပေါ်မှာ
သူမရဲ့ သားရေအိတ်ကိုတင်၊ တောင်ဝှေးကိုတော့ ခြေထောက်ဘေးမှာ မှီပြီး
နေရာချလိုက်တယ်။
ဒီလိုနဲ့
အသက် ၃၄ နှစ်အရွယ် ဆူဇန်တစ်ယောက် မျက်မမြင်ဘ၀ ရောက်ခဲ့တာ တစ်နှစ်တောင်
ပြည့်ခဲ့ပြီပဲ။ ရောဂါအကဲဖြတ် မှားယွင်းပြီး ဆေးကုသ ခံယူခဲ့ရမှုကြောင့်
သူမရဲ့ မျက်စေ့နှစ်ကွင်း အလင်းကွယ်ခဲ့ရတယ်။ ပြီးတော့ ဒေါသတွေ၊ အရာရာကို
အရှုံးပေးလိုမှုတွေ၊ ပျော့ညံ့မှုတွေနဲ့ အမှောင်တွေလွှမ်းနေတဲ့ ကမ္ဘာတစ်ခုထဲကို
သူမ ရုတ်တရက် ပစ်ချခံလိုက်ရတယ်။
တချိန်က ဆူဇန်ဆိုတဲ့
နာမည်တစ်လုံးနဲ့ ကိုယ့်ဘ၀ကိုယ် အပြင်းအထန် ရပ်တည်လာခဲ့တဲ့ သူမဟာ ခုတော့
သူမဘေးဘီက လူအားလုံးပေါ် မကူနိုင်မကယ်နိုင်တဲ့ ၀န်ထုပ်ဝန်ပိုးကြီး
ဖြစ်လာအောင် ဖန်လာတဲ့ ကြမ္မာဆိုးတွေကြောင့် ကျိန်စာသင့် ခံရသလိုကို
သိမ်ငယ်စွာ ခံစားနေရပြီ။
“ကျမကို ဒီလိုကံကြမ္မာ ဘယ်လိုကြောင့် ဖန်လာရက်ပါပေ့။”
ဒေါသတွေနဲ့
ရစ်ပတ်နှောင်ဖွဲ့နေတဲ့ သူမနှလုံးသားနဲ့ လျှောက်လဲချင်မိပါရဲ့။ ဒါပေမဲ့ သူမ
ဘယ်လောက်ပဲ ငိုကြွေးခဲ့ငိုကြွေးခဲ့၊ ပြောဆိုပေါက်ကွဲတာတွေ ဒါမှမဟုတ်
တောင်းဆုတွေ ဘယ်လောက်ပဲ ပြုခဲ့ပြုခဲ့။ ရင်ကိုနာကျင်စေတဲ့ အမှန်တရားကို သူမ
သိနေခဲ့သည်လေ။ ဒါကတော့ သူမရဲ့ မျက်စေ့နှစ်ကွင်း ဘယ်တော့မှ အလင်း
ပြန်မရနိုင်တော့ဘူး ဆိုတာပဲပေါ့။
ခုတော့ စိတ်ပျက်အားလျှော့မှုတွေ၊
မောဟိုက်နွမ်းလျမှုတွေကို ထိတွေ့ခံစားရင်း၊ တနေ့ တနေ့ လွန်မြောက်သွားရုံ
ဖြတ်သန်းရင်းနဲ့၊ စိတ်အားငယ် ကြေကွဲခြင်းတိမ်တိုက်တွေဟာ အရင်က
အကောင်းမြင်စိတ် ထားတတ်တဲ့ ဆူဇန်ကို လွှမ်းမိုး ခြောက်လှန့်ထားခဲ့ပြီပဲ။
ခုချိန်မှာ
သူမအနေနဲ့ အားလုံးပုံအပ်ပြီး မှီတွယ်ရမယ့်သူက သူမရဲ့ခင်ပွန်းသည် မတ် ပါပဲ။
မတ် က လေတပ်အရာရှိတစ်ဦး ဖြစ်ပြီး သူမကို အသဲနင့်အောင် ချစ်တဲ့သူပါ။ သူမ
မျက်စေ့ကွယ်သွားတဲ့အခါ သူဟာ စိတ်ပျက်အားငယ်နေရှာတဲ့ သူမကို ကြည့်ရင်း သူမ
ခွန်အားတွေ ပြန်လည်တိုးပွားလာအောင်၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ပြန်
ရပ်တည်လာနိုင်ဖို့ လိုအပ်တဲ့ ယုံကြည်မှုတွေ ရှိလာအောင် ကူညီဖေးမပေးဖို့
သန္နိဋ္ဌာန်ချခဲ့တယ်။ မတ်ရဲ့ တပ်တွင်း အတွေ့အကြုံတွေက ထိလွယ်ခိုက်လွယ်
အခြေအနေတွေကို ဘယ်လို ကိုင်တွယ်ဖြေရှင်းရမယ် ဆိုတာ ကောင်းကောင်းကြီး
သင်ကြားပေးခဲ့ပြီးပါပြီ။ သည့်တိုင်အောင် သူရင်ဆိုင်ရသမျှ တိုက်ပွဲတွေထဲမှာ
ဒီတိုက်ပွဲက အခက်ခဲဆုံး တိုက်ပွဲဆိုတာလည်း သူကနားလည်ထားမိပါတယ်။
ဆူဇန်ဟာ
နောက်ဆုံးမှာတော့ သူမအလုပ်ဆီ ပြန်သွားဖို့ စိတ်ဒုန်းဒုန်း ချလိုက်ပါတယ်။
ဒါပေမဲ့ သူမအလုပ်ဆီ ဘယ်လို ပြန်သွားရမလဲ။ ယခင်ကတော့ သူမ ကားစီးပြီး
သွားနေကျပါ။ ခုတော့ သူမဘာသာ မြို့ထဲ သွားဖို့ရာ အလွန်အမင်း
တုန်လှုပ်နေမိတယ်။ ဒါကြောင့် သူတို့နှစ်ဦး မြို့ရဲ့ အစွန်အဖျား
တဖက်တချက်ဆီမှာ အလုပ်လုပ်ကြရတဲ့ တိုင်အောင် မတ်ဟာ နေ့စဉ် သူမကို အလုပ်ဆီ
ကားမောင်း ပို့ရတော့တာပေါ့။ အစ ပထမတော့ ဒါဟာ ဆူဇန်ကို စိတ်ကျေနပ် သက်သာရာ
ရစေပါတယ်။ ဒါ့အပြင် အသေးငယ်ဆုံး ကိစ္စလေး ဆောင်ရွက်ရတာတောင် စိုးရိမ်စိတ်
လွန်ကဲနေရှာတဲ့ မျက်မမြင်ဇနီးသည်ကို စောင့်ရှောက်ဖို့ မတ်ရဲ့
လိုအပ်မှုကိုလည်း တနည်းတဖုံ ဖြည့်ပေးရာ ကျပါတယ်။
ဒါပေမဲ့
မကြာခင်မှာပဲ ဒီအကြိုအပို့ အစီအစဉ်ဟာ အလုပ်မဖြစ်ဘူးဆိုတာ မတ်
သတိထားလာမိတယ်။ ဘာကြောင့်ဆို နားရမယ့် အချိန်လည်း အနားမရဘဲ ပျားပန်းခတ်
အလုပ်လုပ်နေရတယ်။ နောက်ပြီး အကုန်အကျကလည်း များသေး။ သူမကို ဘတ်စကား
ပြန်စီးခိုင်းမှ ဖြစ်တော့မယ်လို့ သူ့ကိုယ်သူ စဉ်းစားခန်း ဖွင့်လိုက်တယ်။
ဒါပေမဲ့ သူမကို ပြောဖို့ တွေးလိုက်ရုံရှိသေး ဒီအတွေးတွေက သူ့ကို
နောက်တွန့်နေစေပြန်တယ်။ သူမက ထိလွယ်ခိုက်လွယ် ဖြစ်နေဆဲလေ။ စိတ်ဒဏ်ရာတွေနဲ့
စိတ်တိုစိတ်ဆတ်နေဆဲ မဟုတ်လား။ သူသာ စဉ်းစားထားတဲ့ အစီအစဉ်တွေကို
ထုတ်ပြောလိုက်ရင် သူမ ဘယ်လိုများ တုံ့ပြန်လိုက်မလဲ။
မတ်က သူ့စဉ်းစားချက်ကို အရိပ်အမြွက်လောက်ပဲ ပြောရရုံရှိသေး၊ ဘတ်စကား ပြန်စီးရမယ့် အဖြစ်ကိုတွေးပြီး သူမ တုန်လှုပ်ခြောက်ခြားသွားတယ်။
“ကျမက ကန်းနေသူပါ မတ်”
သူမ ခါးခါးသီးသီး တုံ့ပြန်လိုက်တယ်။
“သွားရမယ့် နေရာသိဖို့ ကျမ ဘယ်လိုလုပ် မှန်းဆကြည့်ရမလဲ။ ကျမကို ရှင် ခွဲခွာသွားသလိုပါပဲ မတ်ရယ်”
ဒီစကားတွေကြားတော့
မတ် ၀မ်းနည်းကြေကွဲမိပါရဲ့။ ဒါပေမဲ့ သူ ဘာဆက်လုပ်ရမယ်ဆိုတာ
သူသိပြီးသားပဲလေ။ မတ်က “ဆူဇန်လေး ဒီလမ်းခရီးကို မသွားတတ်မချင်း အချိန်တွေ
ကြာချင်သလောက်ကြာ ကိုယ် ဆူဇန်နဲ့ အတူ မနက်တစ်ခါ၊ ညနေတစ်ခါ ဘတ်စကား
အတူတူစီးပါ့မယ်” လို့ ကတိပေးလိုက်တယ်။
ရက်သတ္တ နှစ်ပတ်လုံးလုံး
စစ်ဝတ်စစ်စားအပြည့်နဲ့ မတ်ဟာ ဆူဇန်တစ်ယောက် နေ့စဉ် အလုပ်သွား၊ အလုပ်ပြန်မှာ
အဖော်လိုက်လို့ပေါ့။ သူက သူမ ခုဘယ်နေရာရောက်နေပြီ ဆိုတာ ဆုံးဖြတ်တတ်ဖို့၊
ပတ်ဝန်းကျင်သစ်နဲ့ အလိုက်သင့် ဖြစ်အောင် လုပ်ဖို့ရာမှာ အခြားအခြားသော
အာရုံတွေပေါ်၊ အထူးသဖြင့် အကြားအာရုံပေါ်မှာ ဘယ်လိုဘယ်ပုံ အားထားအသုံးပြုဖို့
သင်ကြားပေးပါတယ်။
မတ်က သူမကို ဂရုစိုက် ပေးနိုင်မယ့်၊ ထိုင်ခုံနေရာ
စီစဉ်ပေးနိုင်မယ့် ဘတ်စကားမောင်းသူတွေနဲ့ သူမ မိတ်ဆွေတွေ ဖြစ်ရအောင်
ကူညီပေးခဲ့တယ်။ သူမ ဘတ်စကား အတက်အဆင်း လုပ်ရင်း ခြေလှမ်းမှားပြီး
လဲချော်ကျတဲ့ နေ့တွေ၊ ဒါမှမဟုတ် သူမရဲ့ သားရေအိတ်လေး မတော်တဆ လွတ်ကျသွားတဲ့
နေ့တွေ။ အဲဒီလို ကံမကောင်း အကြောင်းမလှတဲ့ နေ့တွေမှာတောင် သူမ ရယ်မော
ပျော်ရွှင်လာအောင် မတ်က လုပ်တတ်တယ်။ မနက်တိုင်း သူတို့နှစ်ဦးသား
ကားအတူစီးကြတယ်။ နောက်မှ မတ်က သူ့ရုံးဆီ အငှားယာဉ် ပြန်စီးရတယ်။
ဒီခရီးစဉ်ဟာ ယခင်ကထက်တောင် အကုန်အကျများပြီး ပိုမိုလည်း
ပင်ပန်းနွမ်းနယ်လှတယ် ဆိုတဲ့တိုင် ဆူဇန် သူမဘာသာ ဘတ်စကားစီးနိုင်အောင်
ကျင့်ယူနေတဲ့ အချိန်ကာလလေးတစ်ခုသာ ဖြစ်တယ်လို့ မတ်က မှတ်ယူထားမိပါတယ်။ သူက
ဘယ်လိုသော အခက်အခဲနဲ့ စိမ်ခေါ်မှုတွေကိုမှ မမှုတဲ့၊ အလုပ်တစ်ခုကို ဘယ်တော့မှ
တပိုင်းတစနဲ့ ပစ်ပြီး ထွက်ခွာလက်မြှောက် အရှုံးပေး မသွားတတ်တဲ့ ဆူဇန်ကို
အလေးအနက် ယုံကြည်တယ်လေ။
တစ်နေ့တော့ ဆူဇန်ဟာ သူမဘာသာ သည်ခရီးကို
သွားလာကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ တနင်္လာနေ့ မနက်ခင်းကို ရောက်လာခဲ့ပြီ။
အိမ်မှမထွက်ခင်မှာ သူမရဲ့ မနက်ခင်းတိုင်း ဘတ်စကား အတူစီးဖော်လည်းဖြစ်၊ သူမ
ရဲ့အကောင်းဆုံး ဘ၀အဖော်မွန်လည်းဖြစ်တဲ့ လင်တော်မောင် မတ်ကို သိုင်းဖက်
ပစ်လိုက်တယ်။
မတ်ရဲ့ သစ္စာရှိမှု၊ စိတ်ရှည်သည်းခံမှုနဲ့
သူ့ရဲ့ချစ်ခြင်းမေတ္တာအပေါ် ၀မ်းသာကျေးဇူးတင်ရလွန်းလို့ သူမရဲ့ မျက်ဝန်းမှာ
မျက်ရည်တွေနဲ့ ပြည့်နေတယ်။ ပြီး သူမက မတ်ကို နှုတ်ဆက်လိုက်တယ်။ ဒီလိုနဲ့
သူတို့နှစ်ဦး ပထမဦးဆုံး အကြိမ်အဖြစ် တကွဲတပြားစီ အလုပ်ခွင်ဆီ
သွားခဲ့ကြတယ်။ တနင်္လာနေ့၊ အဂါင်္နေ့၊ ဗုဒ္ဓဟူးနေ့ ဒီလိုနဲ့ ကြာသပတေးနေ့
တိုင်လာခဲ့ပြီ။ နေ့စဉ်နေ့တိုင်းလည်း သူမဘာသာ ချောချောမောမော
ကျော်ဖြတ်လာခဲ့ပြီ။ ဘာမှ ပိုထူးပြီးတော့လည်း သူမ မခံစားရဘူး။ သူမ လုပ်ရမယ့်
အလုပ်တွေ လုပ်လို့ ။ သူမဘာသာ သွားရမယ့် အလုပ်ဆီ သွားလို့။
သောကြာနေ့မနက်။
ဆူဇန်ဟာ နေ့စဉ်အတိုင်းလိုပဲ ဘတ်စကား စီးပါတယ်။ ဘတ်စကားပေါ်တက်ပြီး အ၀င်ဝမှာ
ဘတ်စကားခ ပေးနေဆဲ၊ ဘတ်စကားမောင်းသူက “ဟေး- ဒီမှာ၊ ခင်ဗျားလေးကိုတော့ ကျုပ်
သိပ်ကို မလိုတမာ အားကျလာမိပြီကွာ” လို့ ရုတ်တရက် ပြောဆိုလိုက်ပါတယ်။
ဆူဇန်ဟာ ဘတ်စကားမောင်းသူ သူမကို ရည်ညွှန်းပြီး ပြောလိုက်တာလား၊
မပြောလိုက်သလား ဇဝေဇ၀ါ ဖြစ်သွားပါတယ်။ ဘာပဲဖြစ်ဖြစ် လွန်ခဲ့တဲ့ တနှစ်တာ ကာလ
ရပ်တည် ရှင်သန်ဖို့၊ လိုအပ်တဲ့ အားမာန်လေး ရှာတွေ့ခဲ့ဖို့်တောင်
အနိုင်နိုင် ကြိုးစား အားထုတ်လာခဲ့ရတဲ့ မျက်မမြင်မ တစ်ယောက်ကို
ကျားသားမိုးကြိုး ဘယ်လိုလူကများ အားကျခဲ့ဖူးပါလိမ့်။
သိလိုစိတ်တွေနဲ့ပဲ ဘတ်စကားမောင်းသူကို “ကျမလိုလူကို မနာလို အားကျမိတယ်လို့ ရှင် ဘာ့ကြောင့်များ ပြောရတာလဲ” လို့ မေးလိုက်မိတယ်။
ကားမောင်းသူက
“မင်းလို ကြင်နာဂရုစိုက်ခံရ၊ ကာကွယ် စောင့်ရှောက်ပေးခံရရင် တကယ့်ကို
စိတ်ကြည်နူးစရာဖြစ်မှာ အမှန်ပဲလေ” လို့ ပြန်ပြောလိုက်ပါတယ်။
ဆူဇန်ဟာ
ဘတ်စကားမောင်းသူ ဘာတွေ ပြောနေမှန်း စဉ်းစားမတတ်အောင်ဖြစ်နေတယ်။ ဒါကြောင့်
“ရှင် ဘာကို ဆိုလိုနေတာလဲဟင်” လို့ ထပ်ပြီး မေးလိုက်ပြန်တယ်။
ဘတ်စကားမောင်းသူက
“မင်းသိမလား။ လွန်ခဲ့တဲ့ တပတ်တာ နံနက်ခင်းတိုင်းပဲ။ စစ်ဝတ်စုံနဲ့
လူချောလူခန့် တစ်ယောက် မင်း ဘတ်စကားပေါ်တက်တဲ့အခါ မင်းကို စောင့်ကြည့်ဖို့
ဟိုဘက်လမ်းထောင့်မှာ ရပ်နေခဲ့တယ်ကွ။ မင်းရဲ့ ရုံးဘက်ရောက်တော့လည်း
မင်းချောချောမွေ့မွေ့နဲ့ လမ်းဖြတ်ကူးပြီး ရုံးဝင်းထဲ ၀င်သွားတဲ့တိုင် သူက
မင်းကို စောင့်ပြီး ကြည့်နေပြန်တယ်လေ။ ပြီးတော့ အဲဒီ ခပ်လှမ်းလှမ်းကနေ
မင်းကို အနမ်းတစ်ခုပေးလို့၊ ခပ်ဆတ်ဆတ် အလေးတစ်ချက်ပြုလို့။ သည့်နောက်မှ
အဝေးကို လျှောက်သွားတော့တယ်။ မင်းဟာ သိပ်ကံကောင်းတဲ့ မိန်းကလေး
တစ်ယောက်ပါပဲကွာ” လို့ ရှင်းပြလိုက်ပါတယ်။
ဝမ်းသာကြည်နူးခြင်းရဲ့
မျက်ရည်စတွေဟာ ဆူဇန်ရဲ့ ပါးပြင်ပေါ်ဆီ လိမ့်ပြီး စီးဆင်းလာခဲ့ပေါ့။ သူမ
မတ်ကို မြင်နိုင်စွမ်း မရှိပေမဲ့လည်း သူမအပါးမှာ မတ် ရှိနေတယ်ဆိုတာ
အမြဲတမ်း ခံစား နားလည်နေမိတယ်လေ။ သူမ ကံကောင်းပါတယ်။ သူမ တကယ့်ကို
ကံကောင်းပါတယ်လေ။ မြင်နိုင်စွမ်းတွေထက် ပိုပြီး စွမ်းအားကြီးမားတဲ့
လက်ဆောင်၊ သက်ဝင်ယုံကြည်ဖို့ရာ မြင်စရာ တွေ့စရာတွေ မလိုတဲ့ လက်ဆောင်၊
အမှောင်တွေ လွှမ်းနေတဲ့ နေရာကို အလင်းတွေ သယ်ဆောင်လာနိုင်တဲ့
ချစ်သက်လက်ဆောင်ကို မတ်က သူမကို ပေးခဲ့သည်ပဲ မဟုတ်ပါလား။
No comments:
Post a Comment