Thursday, August 21, 2014

အကောင်းဆုံးကြိုးစား ယှဉ်ပြိုင်သွားမည်ဟု အလှမယ် ခင်ဝေဖြိုးဟန် ပြော

 နိုင်ငံတကာပွဲတွေ သွားပြိုင်ခဲ့ကြတဲ့   မြန်မာမယ် ၂ ယောက်ရဲ့  အားနည်းချက်၊ အားသာချက်တွေကို လေ့လာပြီး ဂျပန်နိုင်ငံမှာ အကောင်းဆုံးကြိုးစား ယှဉ်ပြိုင်သွားဖို့ ပြင်ဆင်ထားတယ်လို့ Miss Myanmar International 2014 အလှမယ်ဘွဲ့ ပူပူနွေးနွေးရထားတဲ့  မခင်ဝေဖြိုးဟန်က ဒီဗွီဘီကို ပြောကြားလိုက်ပါတယ်။

 အလှမယ် ခင်ဖြိုးဝေဟန် (ဓာတ်ပုံ - ထွန်းထွန်းသိန်း)
“အခုဆို အစ်မနှစ်ယောက်လုံး က သွားပြီး ယှဉ်ပြိုင် ထားပြီး ဖြစ်တဲ့အတွက် သူတို့ လိုအပ်ချက်တွေရှိမယ်၊ သူတို့အားသာ ချက်တွေရှိမယ်၊ အဲနှစ်ခုလုံး ကို သေချာ ကြည့်ပြီးတော့ ညီမ လိုအပ်တဲ့ဟာတွေ အကုန်လုံး ကိုကြည့်မယ်။ ပြိုင်ပွဲက စပါဝင်ပြီဆိုတော့ အကောင်းဆုံးလည်း လုပ်ရမယ်၊ အကောင်းဆုံးလည်း မှန်းပြီးတော့ ဆုရရှိအောင် ကြိုးစားပြီး ပြိုင်မှာပါ။

ဂျပန်နိုင်ငံမှာ  လာမည့်အောက်တိုဘာ ၂၇ ကနေ နိုင်ဝင်ဘာ  ၁၁ အထိ ကျင်းပမယ့် Miss International 2014 ပြိုင်ပွဲမှာ နိုင်ငံတကာက အလှမယ်တွေနဲ့ အတူ မြန်မာနိုင်ငံကလည်း  တတိယအကြိမ် ယှဉ်ပြိုင်ဖို့ ရှိနေတာပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (MTF) နဲ့ ပြီးခဲ့တဲ့ သြဂုတ် ၁၇ ရက်နေ့ အမျိုးသားဇာတ်ရုံမှာ  ကျင်းပခဲ့တဲ့ Miss Myanmar International 2014 ပြိုင်ပွဲမှာ  သရဖူဆောင်းခဲ့တဲ့ အလှမယ် မခင်ဝေဖြိုးဟန်တို့ ပူးပေါင်းပြီး ရန်ကုန်မှာ ဒီကနေ့ မီဒီယာတွေနဲ့ တွေ့ဆုံရှင်းလင်းခဲ့တာပါ။

Miss  International အလှမယ် ပြိုင်ပွဲတွေကို မြန်မာနိုင်ငံက  ၂၀၁၂ ခုနှစ်မှာ နန်းခင်ဇေယျာ၊ ၂၀၁၃ ခုနှစ်မှာ ဂုဏ်ရည်အေးကျော်တို့က သွားရောက်ယှဉ်ပြိင်ခဲ့ဖူးပါတယ်။

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (MTF) အတွင်းရေးမှူး ဦးခင်အောင်ထွန်းကတော့ ခုလို မြန်မာအလှယ်မယ်တွေ ပြည်ပထွက်ပြိုင် တာကြောင့် မြန်မာကို ကမ္ဘာကပိုသိပြီး ခရီးသွားလုပ်ငန်းကို အများကြီး အထောက်အကူဖြစ်တယ်လို့ ပြောပါတယ်။

“အလှမယ်တွေ သွားပြိုင်တဲ့အခါ ကမ္ဘာ့အဆင့်ကို တခါတည်း ရောက်သွားတာပေါ့။ miss universe ပဲဖြစ်ဖြစ်၊ miss world ပဲဖြစ်ဖြစ်၊ miss international ပဲဖြစ်ဖြစ် ကမ္ဘာ့အဆင့်ကို ရောက်သွားတယ်။ နိုင်ငံပေါင်း ၇၀၊ ၈၀၊ ၉၀ ဒီကြားထဲမှာ မြန်မာဆိုတဲ့အတွက်ကြောင့် အများကြီး အထောက်အကူပြုတယ်။ နောက် စိတ်ဝင်စားလာရင် မြန်မာပြည်ကို လာလည်မယ်။ လာလည်ချင်တဲ့အခါ မြန်မာပြည်အကြောင်းကို မေးချင်မယ်။ သူတို့ဟာ တယောက်တည်း သွားပြိုင်ပေမယ့် နိုင်ငံကို ကိုယ်စားပြုပြီး ကမ္ဘာ့အလယ် စင်မြင့်ပေါ်ကို ရောက်သွားတာဖြစ်တဲ့အတွက် ခရီးသွားလုပ်ငန်းကို အများကြီး အထောက်အကူဖြစ်တယ်။”

မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ်တွေအနေနဲ့ လွန်ခဲ့တဲ့ ရာစုနှစ် တ၀က်လောက်က နိုင်ငံတကာမှာ သွားရောက်ယှဉ်ပြိုင်နိုင်ခြင်း မရှိရာကနေ ၂၀၁၂ ခုနှစ်မှာ  အလှမယ် နန်းခင်ဇေယျာက ဂျပန်နိုင်ငံမှာ သွားရောက်ယှဉ်ပြိုင်နိုင်ခဲ့ပါတယ်။

၂၀၁၃ ရှရှားနိုင်ငံမှာ ကျင်းပတဲ့ မယ်စကြ၀ဠာ ပြိုင်ပွဲမှာလည်း အလှမယ် မိုးစက်ဝိုင်ဝင်ရောက်ယှဉ်ပြိုင်ပြီးနောက် ဒေသတွင်းနဲ့ နိုင်ငံတကာအလှမယ် ပြိုင်ပွဲစင်မြင့်တွေမှာ  မြန်မာ့အလှမယ်တွေ  ပြန်လည်ခေတ်စားလာခဲ့ပါတယ်။

တဖက်မှာလည်း ပွဲစီစဉ်သူနဲ့ မော်ဒယ်အလှမယ်တွေအကြား နားလည်မှု လွဲမှားကြတာကြောင့် သရဖူတွေ ပြန်လည်သိမ်းယူတာတွေ ရှိနေပါတယ်။ 

No comments:

Post a Comment