မန်မာနိုင်ငံ ရှမ်းပြည်နယ်ကနေ ထိုင်းနိုင်ငံမှာ လာရောက်အလုပ်လုပ်ပြီး
မော်ဒယ်ဖြစ်သွားတဲ့ ရှမ်းတိုင်းရင်းသူ အလုပ်သမားလေး တယောက်အကြောင်း
ထိုင်းလူမှု ကွန်ရက် စာမျက်နှာတွေမှာ ကျော်ကြားနေပါတယ်။
သူမရဲ့ ကျော်ကြားမှုကြောင့် ပို့စ်တူဒေးသတင်းဌာနက သူမအလုပ်လုပ်နေတဲ့
ချင်းမိုင်မြို့ စူပါဟိုက်ဝေး လမ်းမကြီး အမှတ်- ၁၊ ဆန်ဖီဆေ့ ရပ်ကွက်ရှိ
လာပ်တွန့်ယန်း စားသောက်ဆိုင်ကို သြဂုတ်လ ၁၄ ရက် ညနေပိုင်းက သွားရောက်
မေးမြန်းပြီး သတင်းဖော်ပြခဲ့တာ ဖြစ်ပါတယ်။
သူ့အမည်က နောင့်နိုင်း ခေါ် နုတ်ချနတ် ဆီထောင်းန် (အသက် ၂၅) နှစ် ဖြစ်ပြီး
ရှမ်းပြည်နယ်တောင်ကြီးကနေ ထိုင်းနိုင်ငံထဲကို အသက် ၁၇ နှစ်ရွယ်ကတည်းက
ဝင်ရောက်လာခဲ့တာပါ။
နောင့်နိုင်းဟာ အိမ်ဖော်၊ ဆောက်လုပ်ရေး၊ ခြံ စတဲ့အလုပ်မျိုးစုံ
ဝင်လုပ်ခဲ့ပြီး နောက်ဆုံး လက်ရှိထမင်းဆိုင်မှာ စားပွဲထိုးလုပ်နေစဉ် သူမရဲ့
အလှအပကြောင့် လွန်ခဲ့တဲ့ ၃ နှစ်က ဓာတ်ပုံအသင်းတခုနဲ့ ချိတ်ဆက်မိကာ
အွန်လိုင်းပေါ်က ကျော်ကြားတဲ့ မော်ဒယ်တဦး ဖြစ်ခဲ့တယ်လို့ ပို့စ်တူဒေး
သတင်းထောက်ကို ဖြေကြားခဲ့ပါတယ်။
အပတ်တိုင်းလို သူတို့ ဓာတ်ပုံအသင်းဝက်ဘ်ဆိုက်နဲ့ မဂ္ဂဇင်းမျက်နှာဖုံးတွေ၊
အ၀တ်အစား ကြော်ငြာတွေ လက်ခံရိုက်ကူးပေးနေပေမယ့် တဘက်ကလည်း လက်ရှိ
စားပွဲထိုးအလုပ်ကို ဆက်လက်လုပ်ကိုင်နေတယ်လို့ ဆိုပါတယ်။
အလုပ်ရှင်ဖြစ်သူက သဘောကောင်းကာ နားရက်လည်းပေးတဲ့အတွက် အဲဒီဆိုင်မှာ
လုပ်လာတာ ၅ နှစ်ကျော်ပြီဖြစ်ပြီး သူမရဲ့ ကျော်ကြားတဲ့ အလှကြောင့်
စားသောက်ဆိုင်လည်း တဖြည်းဖြည်းလူစည်ကားလာတယ်လို့ သတင်းထောက်တွေကို
ပြောသွားပါတယ်။
No comments:
Post a Comment