ခြေထောက်တွင် ဘုရားပုံတော် ဆေးမင်ကြောင်ထိုးထားသော ကနေဒါနိုင်ငံသားအား
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ညောင်ရွှေမှ ညတွင်းချင်း
ရန်ကုန်လေဆိပ်သို့ ပြန်ပို့ကာ ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း မြန်မာနိုင်ငံ
ဧည့်လမ်းညွှန်အသင်း (MTGA) မှ သတင်း ရရှိသည်။
ကနေဒါနိုင်ငံသား Mr Polley Jason Scott သည် မြန်မာနိုင်ငံသို့ ဇူလိုင် ၂၇
ရက်က ရောက်ရှိခဲ့သည်။ ၎င်း၏ ညာဘက်ခြေသလုံးတွင် ဗုဒ္ဓရုပ်ပွားတော်ပုံများကို
ဆေးမင်ကြောင်များ ရေးထိုးထားပြီး၊ အဆိုပါ ဆေးမင်ကြောင်ဓာတ်ပုံများ လူမှု
ကွန်ရက်ဖေ့စ်ဘွတ်ခ်ပေါ် တက်လာပြီးနောက် ဝေဖန်မှုများ ဖြစ်ပေါ်ခဲ့သည်။
ထို့ကြောင့် သြဂုတ် ၂ ရက် တွင် ၎င်းနှင့်ဇနီးတို့ အင်းလေးသို့ ရောက်ရှိစဉ်
ရှမ်းပြည်နယ် တောင်ပိုင်း MTGA မှ တာဝန်ရှိသူများ၊ နယ်မြေခံ
ခရီးသွားရဲနှင့် ပြည်နယ် လ၀ကတို့က ၎င်းတည်းခိုသော ဟိုတယ်တွင်
သွားရောက်တွေ့ဆုံခဲ့ပြီး ပြည်နှင်ဒဏ်ပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း
ရှမ်း/တောင် MTGA ဒုဥက္ကဋ္ဌ ဦးစိုင်းဝင်းက ပြောသည်။
‘‘ ဒီမှာက နောက်ပိုင်းမှာ ဘာသာရေး ပဋိပက္ခတွေ ဖြစ်နေတာကြောင့် သူက အခုလို
တက်တူး ထိုးထားရင်လည်း လုံချည်တို့၊ ဘောင်းဘီရှည်တို့ဝတ်ပြီး ဖုံးထားတာလည်း
မဟုတ်ဘူး။ ဘောင်းဘီတိုနဲ့ လျှောက်သွားနေတယ်။ ဘာသာရေး
အစွန်းရောက်တွေနဲ့တွေ့လို့ ကြာရင် သူ့အသက်အန္တရာယ်လုံခြုံရေး
စိုးရိမ်ရတာကြောင့် ချက်ချင်းပဲ ပြည်နှင်ဒဏ်ပေးဖို့ လ၀က ပြည်နယ်ဦးစီးမှူးက
ဆုံးဖြတ်လိုက်တယ် ’’ ဟု ဦးစိုင်းဝင်းက ပြောသည်။
အဆိုပါ ကနေဒါနိုင်ငံသားသည် မြန်မာနိုင်ငံသို့ ရန်ကုန်၊ အင်းလေး၊ မန္တလေး၊
ပုဂံ၊ မော်လမြိုင်၊ ကျိုက်ထီးရိုးသို့ သွားရောက်လည်ပတ်မည်ဖြစ်ပြီး
ယင်းမှတစ်ဆင့် ဟောင်ကောင်သို့ သွားရောက်ရန် ၎င်း၏ဇနီးဖြစ်သူ
ဟောင်ကောင်နိုင်ငံသူနှင့် လာရောက်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
ယခုကဲ့သို့ ဖြစ်ရခြင်းမှာ အဆိုပါ ဧည့်သည်သည် တစ်ဦးချင်း လွတ်လပ်စွာ
လည်ပတ်သော ကမ္ဘာလှည့်ခရီးသည် (F.I.T) ဖြစ်ပြီး အဖွဲ့လိုက်လည်ပတ်သော
(Pa−ckage Tour) တွင်မူ ဖြစ်ပေါ်လေ့ မရှိကြောင်း အီတလီဘာသာ ကျွမ်းကျင်
ဧည့်လမ်းညွှန် ဦးအောင်ထွန်းလင်းက ပြောသည်။
‘‘ ဒီလို လုပ်တာကိုမြင်ရင်တော့ တာဝန်ရှိသူဟုတ်ဟုတ်၊ မဟုတ်ဟုတ်
သာမန်ပြည်သူတွေကလည်း သိသိချင်း အကြောင်းကြားပေးစေချင်တယ် ’’ ဟု ၎င်းကဆိုသည်။
ယင်းကဲ့သို့ ဗုဒ္ဓရုပ်ပွားတော်ပုံများကို လက်မောင်းတွင် ဆေးမင်ကြောင်ထိုးသော
နိုင်ငံခြားသား ဧည့်သည်များကို သီရိလင်္ကာနိုင်ငံ၌ ၂၀၁၃ ခုနှစ်တွင်
တစ်ကြိမ်၊ ၂၀၁၄ ခုနှစ်တွင် တစ်ကြိမ် တွေ့ရှိခဲ့သောကြောင့် လေဆိပ်၌ပင်
တားဆီးပြီး နိုင်ငံအတွင်းသို့ ၀င်ရောက်ခွင့် မပေးသော ဖြစ်စဉ်များ
ရှိခဲ့သည်။
No comments:
Post a Comment