Saturday, September 27, 2014

ငါန်းဇွန်မှာ လယ်သိမ်းခံတောင်သူ ၉ ဦး တရားစွဲဆိုခံရ

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်မှာ မြို့သာစက်မှုဇုန်နဲ့ ဂေါက်ကွင်းဖော်ဆောင်ဖို့ အတွက် သိမ်းဆည်းထားတဲ့ လယ်ဧက တစ်သောင်းကျော်မှာ ၀င်ရောက်စိုက်ပျိုးလို့ဆိုပြီး တောင်သူ ၉ဦးကို ငါန်းဇွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံး ဒုတိယဦးစီးမှူးက ကျူးကျော်ဝင်ရောက်မှု၊ အကျိုး စီးပွားဖျက်ဆီးမှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မတွေနဲ့ ဒီနေ့ တရားစွဲလိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် မေလလောက်က MMDC အများပိုင်ကုမ္ပဏီက မြို့သာစက်မှုဇုန်နဲ့ ဂေါက်ကွင်း ဖော်ဆောင်ဖို့ဆိုပြီး ရွာ ၁၄ ရွာက လယ်ဧက တစ်သောင်းကျော်ကို သိမ်းဆည်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

လယ်ယာမြေတစ်ဧကအတွက် သိန်း ၂၀ နဲ့ ၅ သိန်းဆိုပြီး နှစ်မျိုးခွဲပြီး လျော်ကြေးပေးခဲ့ပေမဲ့ လက်မခံတဲ့ တောင်သူ ၃၀၀ ကျော်ရှိတယ်လို့ တောင်သူတွေက ဆိုပါတယ်။

ဒီနှစ် မတ်လမှာ စီမံကိန်းအကောင်အထည်ဖော်ဖို့ လုပ်ငန်းစတင်တဲ့အခါ လျော်ကြေးမယူထားတဲ့ တောင်သူတွေနဲ့ ပြဿနာဖြစ်ခဲ့ကြတာလို့ သိရပါတယ်။

ဖမ်းဆီးခံရတဲ့ တောင်သူ ၉ ဦးကို လာမယ့် အောက်တိုဘာလ ၃ ရက်နေ့မှာ ရုံးထုတ်စစ်ဆေးဖို့ ငါန်းဇွန်မြို့နယ် တရားရုံးက ချိန်းဆိုလိုက်ပါတယ်။


No comments:

Post a Comment