Monday, September 29, 2014

ခါကာဘိုရာဇီတွင် အဆက်အသွယ် ပြတ်တောက်သွားသော ကယ်ဆယ်ရေး ရဟတ်ယာဉ်ကို ပြန်လည် ဆက်သွယ် နိုင်ရေး ဆောင်ရွက်လျက်ရှိ

တောင်တက်သမားနှစ်ဦးကို ရှာဖွေနေသည့် တဇွန်းဒမ်းကျေးရွာ အခြေစိုက် ကယ်ဆယ်ရေး အဖွဲ့သို့ ရိက္ခာပို့သော B4 ရဟတ်ယာဉ် သည် ယမန်နေ့က အခြေစိုက် စခန်းသို့ပျံသန်းစဉ် အဆက်အသွယ် ပြတ်တောက်သွားသောကြောင့် ယင်း ရဟတ်ယာဉ်ကို အဆက်အသွယ် ပြန်လည်ရရှိရန် ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း ထူးဖောင်ဒေးရှင်းပြန်ကြား ရေးတာဝန်ခံ ဦးဖြိုးကိုက ပြည်ထောင်စု နေ့စဉ်သို့ ယနေ့ပြောသည်။

အဆိုပါ Advance Aviation မှ B4 ရဟတ်ယာဉ်ပေါ်တွင် ထိုင်း နိုင်ငံမှ ရဟတ်ယာဉ်မှူး Mr.Chat Chawal ၊ မြန်မာလူမျိုးရဟတ် ယာဉ်မှူးဦးအောင်မြတို့နှင့် ထူးဖောင်ဒေးရှင်းနာယက ဦးတေဇ၏ ကိုယ်ရေးလက်ထောက်၊ ကျွမ်းကျင်တောင်တက်သမား ဦးနမားဂျွန်ဆင် ၏တူ ဦးရွှေရင်တော်ကြီးတို့ လိုက်ပါသွားခဲ့ကြောင်းသိရသည်။

''ရဟတ်ယာဉ်က ပူတာအိုလေဆိပ်ကနေပြီး မနေ့က မွန်းလွဲ ၂နာရီ မိနစ် ၂ဝကနေ စတင်ထွက်တာ။ နောက်ထပ် မိနစ် ၂ဝ အကြာ ၂နာရီ မိနစ် ၄ဝမှာ နောက်ဆုံးအဆက်အသွယ်ရခဲ့တာပါ။ အဲ့ဒီအတွက် ကျွန်တော်တို့ဘက်က B3 ရဟတ်ယာဉ်နှစ်စင်း၊ နောက် ထပ် ဒီနေ့နံနက်ကလဲ တပ်မတော်က MI 17 ရဟတ်ယာဉ်နဲ့ပူးပေါင်း ပြီး ထပ်မံကြိုးပမ်းရှာဖွေနေတာတွေရှိပါတယ်။ ပြီးတော့ ပူတာအို မှာရှိတဲ့ စစ်ဘက်၊ နယ်ဘက်၊ ပြည်သူ့စစ်၊ ရဲ၊ ရွာသူရွာသားတွေ၊ ထူးဖောင်ဒေးရှင်းအဖွဲ့သားတွေ အကုန်လုံးသတင်းအဆက်အသွယ် ပြတ်နေတဲ့ရဟတ်ယာဉ်နဲ့ အမြန်ဆုံးအဆက်အသွယ်ရရှိအောင် ကြိုး ပမ်းနေပါတယ်''ဟု ဦးဖြိုးကိုကပြောသည်။

ယင်းသို့ကယ်ဆယ်ရေးရဟတ်ယာဉ် ပြတ်တောက်နေခြင်းကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်မှတစ်ဆင့် ကာကွယ်ရေးဝန်ကြီးဌာန ရုံးသို့လည်းကောင်း၊ နိုင်ငံတော်သမ္မတရုံးနှင့် သက်ဆိုင်ရာဝန်ကြီး ဌာနအသီးသီးသို့လည်းကောင်းဆက်သွယ်အကြောင်းကြားခဲ့ပြီးဖြစ် ကြောင်း၊ ကယ်ဆယ်ရေးရဟတ်ယာဉ်နှင့်အတူ ကယ်ဆယ်ရေးရိက္ခာ များလည်းပါသွားကြောင်း သိရသည်။

ဆက်လက်၍ ဦးဖြိုးကိုက'' ဘာကြောင့်မို့လို့ သတင်းအဆက် အသွယ်ပြတ်ရတာလဲဆိုတဲ့အပိုင်းကို ကောက်ချက်စွဲပြီးတော့လုပ်သင့် တာတွေကို ထပ်မံလုပ်ဆောင်နေပါတယ်။ သက်ဆိုင်ရာဝန်ကြီးဌာန တွေကိုလဲ အကုန်သတင်းပို့ထားပါတယ်။ ထိုင်းနိုင်ငံဘက်ကိုလဲ သတင်းပို့ထားပါတယ်။ ဦးနမားဂျွန်ဆင်နဲ့အဖွဲ့လဲ ခါကာဘိုရာဇီ တောင်ပေါ်ကိုတက်ရောက်နေတဲ့အပိုင်းမှာ တောင်ပေါ်အမြင့်မှာ ရေခဲအမှတ် -၅ဒီဂရီကနေ -၈ဒီဂရီအထိရှိပါတယ်။ ဆီးနှင်းတွေ ကလဲ လူရဲ့ခါးတစ်ဝက်လောက်အထိကျဆင်းနေပါတယ်။ ရှာဖွေ ကယ်ဆယ်ရေးကတော့ဆက်လက်လုပ်ဆောင်နေပါတယ်။ပျောက်ဆုံး နေတဲ့ တောင်တက်သမားနှစ်ဦးကိုလဲ ဆက်လက်ရှာဖွေရေးတွေ လုပ်နေပါတယ်''ဟု ပြောသည်။

ထူးဖောင်ဒေးရှင်းနာယက ဦးတေဇ နှင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များသည် အဆက်အသွယ်ပြတ် တောက်နေသောရဟတ်ယာဉ်နှင့် အဆက်အသွယ်ပြန်လည်ရရှိနိုင်ရန် အချိန်နှင့်တစ်ပြေးညီ နည်းလမ်းမျိုးစုံဖြင့်ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်းသိရသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment