ရန်ကုန်မြို့ရှိ ကန်ထရိုက်တိုက်တစ်လုံးနောက်ဖေးခြံအက်သွား၍ ပြန်လည်ပြုပြင်နေစဉ်
ရန်ကုန်မြို့ရှိ ကန်ထရိုက်တိုက်ခန်းများ အရည်အသွေး
ညံ့ဖျင်းမှုများရှိနေသဖြင့် စည်ပင်သို့ လာရောက်တိုင်ကြားမှုများ
ရှိသောကြောင့် သွားရောက်စစ်ဆေးနေရကြောင်း ရန်ကုန်မြို့ တော်
စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာ နှင့် အဆောက်အအုံဌာန ဌာနမှူးဦးသန်းဌေးက
ပြောသည်။
‘‘ဌာနကို လာတိုင်နေကြတာ အရေအတွက် တွေအရမ်းများနေလို့ သွားရောက်စစ်ဆေးမှုတွေ လုပ် နေရတယ်’’ဟု အဆိုပါဌာနမှူးက ဆိုသည်။
အများစုမှာ ပတ်ဝန်းကျင်မှ လာရောက် တိုင်တန်းခြင်း၊ မူလနေထိုင်သူက နေထိုင်စဉ် ကန်ထရိုက်တိုက်များ၏ အရည်အသွေး ညံ့ဖျင်းမှုကြောင့် လာရောက်စစ်ဆေးပေးရန် တောင်းဆိုခြင်း၊ ကန်ထရိုက်နှင့် မြေရှင်တို့အကြား အပေးအယူမတည့်သဖြင့် တစ်ဖက်နှင့်တစ်ဖက် တိုင်တန်းမှုများရှိနေသောကြောင့် ယခု ရက်ပိုင်းအတွင်း ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သွားရောက်စစ်ဆေးရာတွင် ပါဝင်သူ အင်ဂျင်နီယာနှင့် အဆောက်အအုံဌာနမှ အရာရှိတစ်ဦးကပြောသည်။
ထို့အပြင် ပြီးခဲ့သည့်လက မြေငလျင်ကြောင့် တိမ်းစောင်းသွားသည်ဆိုသော သင်္ဃန်းကျွန်း စံပြဈေးအနီးမှ တိုက်ဆောက်လုပ်သူ ကန်ထရိုက်တာများ၊ မေတ္တာ ညွန့်ရပ်ကွက်တွင် အရှေ့ဆန်းရှိတ်ပြိုကျ၍ အနောက်ဘက်ခြမ်း တိမ်းစောင်းသွားသည့် တိုက်ကို ဆောက်လုပ်ခဲ့သူ ကန်ထရိုက်တာများ၊ မရမ်းကုန်း မြို့နယ်တွင် တိုက်ဆောက်နေစဉ် အုတ်စီရာမှ ဘေးအိမ်သို့ ပြိုကျသည့် ဖြစ်စဉ်များအတွက် တည်ဆောက်ခဲ့သည့် ကန်ထရိုက်တာများ၏ နောက်ပိုင်းတည်ဆောက်မည့် တိုက်များကို စစ်ဆေးမှုများ ဆက်တိုက်ပြု လုပ်နေကြောင်း အထက်ပါအရာ ရှိကဆိုသည်။
အထူးသဖြင့် နာမည်ပျက်စာရင်းဝင်သွားသည့် ကန်ထရိုက်တာများ နောက်ပိုင်း တည်ဆောက်နေသည့် တိုက်များကို ကြပ်မတ်စစ်ဆေးနေသည်ဟု ဆိုသည်။ ယခုနှစ်သည် ရန်ကုန်မြို့တွင် အဆောက်အအုံ တည်ဆောက်ခွင့်ပြုမိန့် အများဆုံး နှစ်တစ်နှစ် ဖြစ်လာနိုင်၍ တည်ဆောက်ခွင့်ပြုလိုက်သည့် တိုက်များ၏ အရည်အသွေးကိုဌာနက ပိုမိုအလေးထား စစ်ဆေးလျက်ရှိသည်။
ပြီးခဲ့သည့် ၂၀၁၂-၁၃ ဘဏ္ဍာနှစ်တွင် အင်ဂျင်နီယာနှင့် အဆောက်အအုံဌာနက တစ်နှစ်တာလုံးအထပ်နိမ့်၊ အထပ်မြင့် အဆောက်အအုံများအပါအ၀င် စုစုပေါင်းအလုံးရေ ၄,၀၈၅ လုံး ခွင့်ပြုပေးခဲ့ပြီး ယခုဘဏ္ဍာနှစ် သုံးလ (ဧပြီမှ ဇွန်လကုန်အထိ)တွင် ခွင့်ပြုမိန့်ချထားပေးသည့် အလုံးရေမှာ ၂,၀၉၁ လုံးရှိသည်။ ထို့ကြောင့် ဘဏ္ဍာနှစ်ကုန်တွင် ပြီးခဲ့သည့်နှစ်က ခွင့်ပြုမိန့်ပေးခဲ့သည်ထက် ကျော်လွန်သွားမည်ဖြစ်ပြီး သက်တမ်း တစ်လျှောက် အဆောက်အအုံတည် ဆောက်ရာ၌ ခွင့်ပြုမှုစံချိန်တင် နှစ်တစ်နှစ်ဖြစ်လာနိုင်ကြောင်း ကော်မတီက ခန့်မှန်းထားသည်။
အရည်အသွေး မပြည့်ဝမှု စစ်ဆေးတွေ့ရှိပါက ကန်ထရိုက် (သို့မဟုတ်) မြေရှင်၊ အခန်းရှင်တို့စုစည်းပြီး ပြင်ပပညာရှင်တစ်ဦး ငှားရမ်းကာ ပြန်လည်ပြင်ဆင်ရမည့်အပိုင်းကို စာတမ်းပြု စု၍ စည်ပင်သို့ ပြန်လည်တင်ပြရကြောင်း စစ်ဆေးရေးအရာရှိက ပြောသည်။
‘‘အဓိက,ကတော့ ပြန်လည်အားဖြည့်တဲ့စနစ်ကို ပြန်သုံးခိုင်းဖို့ တိုက်တွန်းခဲ့တယ်’’ဟု အထက်ပါအရာရှိကဆိုသည်။
ပြန်လည်အားဖြည့်စနစ်ဆိုသည်မှာ အင်ဂျင်နီယာနည်းပညာအရ သံချောင်း၊ ဘိလပ်မြေတို့ကို ဖြည့်သွင်းတည်ဆောက်စေခြင်း ဖြစ်သည်။

No comments:
Post a Comment