ဒီမိုကရေစီဆိုတာ ရွေးကောက်ပွဲ ကျင်းပ ရုံလောက်နဲ့ မလုံလောက်ဘူး ဆိုတာကို ထိုင်းနိုင်ငံက နားလည်ထားပါတယ်။ ဒီမိုကရေစီဆိုတာဟာ တရားဥပဒေ စိုးမိုးရေးအပေါ်မှာ အခြေခံရမယ်။ အစိုးရကောင်းဖြစ်ဖို့၊ ပွင့်လင်းမြင်သာဖို့၊ တာဝန်ခံမှုရှိဖို့၊ တရားဥပဒေရှေ့မှောက်မှာ တန်းတူ အကာအကွယ်ရဖို့ ဆိုတဲ့ တခြား အချက်အတွေအပေါ်မှာ မူတည်တယ်လို့ ဒုဝန်ကြီးချုပ်အဖြစ်ပါ တာဝန်ယူထားတဲ့ တာတာဆကက် ပါတီ မာပရာဂွန်းက ပြောပါတယ်။
ထိုင်း ဒီမိုကရေစီဟာ မူမမှန်တဲ့ ဒီမိုကရေစီဖြစ်လို့ တိုင်းပြည် ၀ရုန်းသုန်းကား ဖြစ်မယ့်အခြေအနေ၊ သွေးထွက်သံယိုဖြစ်မယ့် အခြေအနေမျိုးနဲ့ ကြုံခဲ့ရတယ်လို့ ရှင်းပြပါတယ်။ နိုင်ငံရေးပါတီတွေဟာလည်း တိုင်းပြည်အကျိုးကို မငဲ့ကြတဲ့အတွက် ဒီမိုကရေစီကို ရှင်သန်အောင် မဆောင်ရွက်နိုင်ခဲ့ကြဘူးလို့ အကြောင်းပြပါတယ်။
ထိုင်းနိုင်ငံမှာ မေလ ၂၂ ရက်နေ့က စစ်တပ် အာဏာသိမ်းခဲ့ပြီးနောက် နောက်နှစ်မှာ ရွေးကောက်ပွဲ ကျင်းပပေးဖို့ ကတိပြုထားပါတယ်။
ထိုင်းနိုင်ငံမှာ လူကြိုက်များတဲ့ ၀န်ကြီးချုပ်ဟောင်း သက်ဆင် ရှင်န၀ပ်ကို ထောက်ခံသူတွေက တဖက်၊ ဘန်ကောက်တ၀ိုက်က အစဉ်အလာ အာဏာရှိ အသိုင်းအ၀ိုင်းက တဖက် အာဏာလွန်ဆွဲရင်း လွန်ခဲ့တဲ့ ၁၀ နှစ်လုံးလုံး နိုင်ငံရေး မငြိမ်သက်မှုနဲ့ ကြုံနေရတာပါ။
ကုလသမဂ္ဂအဖွဲ့ဝင် ၁၉၃ နိုင်ငံက ကိုယ်စားလှယ်တွေ တက်ရောက်နေတဲ့ အစည်းအဝေးမှာ ထိုင်းဒုဝန်ကြီးချုပ်က စစ်တပ် အာဏာသိမ်းတာဟာ ဒီမိုကရေစီစနစ်ကနေ ဝေးရာကို နောက်ပြန်ဆုတ်တာမဟုတ် မှန်မှန်ကန်ကန် လည်ပတ်တဲ့ ဒီမိုကရေစီ အစစ်အမှန် ပေါ်ပေါက်စေဖို့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး၊ ဒီမိုကရေစီ အင်စတီကျူးရှင်း အခိုင်အမာ တည်ဆောက်ဖို့ ကြိုးစားနေတယ်လို့ ပြောပါတယ်။
No comments:
Post a Comment