ဝန်ကြီးချုပ်ကဲ့သို့ အာဏာအများကြီး ရထားသူတစ်ဦးဟာ စိတ်ဆတ်ရင်၊
စိတ်နောက်ကိုယ်ပါ လုပ်မိရင် နိုင်ငံမှာ ဘေးဥပါဒ် အန္တရာယ်တွေ အများကြီး
ပေါ်လာနိုင်တယ်ဆိုတာ သဘောပေါက် တဲ့ နေ့ကစပြီး မိမိ ကိုယ်ကို
မိမိပြုပြင်ခဲ့ပုံကို ဦးနုက ထည့်သွင်းပြောကြား . . .
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
နိုင်ငံတကာရှိ ဒီမိုကရေစီ အစိုးရများသည် သူတို့၏ အသက်သခင် ကျေးဇူး ရှင်
ပြည်သူများကို အလုပ်အကျွေး ပြုရာတွင် ကျွန်ကဲ့သို့ ကျင့်ကြံကြရပေ သည်။
ကျွန်များကဲ့သို့ပင် ကျင့်ကြံပြီး အလုပ်အကျွေး ပြုရမည် ဆိုသည့်
အတွက်ကြောင့် အစိုးရ၏ လုပ်ရပ်၊ အပြောအဆိုများအပေါ် ပြည်သူတွေ၏ အလိုဆန္ဒနှင့်
မပြည့်မီ မကိုက်ညီ သည့်အခါ ဝေဖန်ရှုတ်ချ ပြစ်တင် မောင်းမဲ ဆိုဆဲသည်ကိုလည်း
အစိုးရက မည်သို့မျှ မတုံ့ပြန်ဘဲ ခေါင်းငုံ့ခံလေ့ ရှိသည်။ အထူးသဖြင့်
ဒီမိုကရေစီ နိုင်ငံများတွင် ပြည်သူလူထုက အစိုးရများကို ပါးစပ်က ဆဲရေး
တိုင်းထွာ ပြောဆိုတာလောက်ကို မဆိုထားနှင့်။ ခရမ်းချဉ်သီး၊ ဘဲဥ၊ ဖိနပ်
စသည်တို့ဖြင့် ပစ်ပေါက်ပြီး မိမိတို့၏ ဆန္ဒများကို အပြင်းစား
ဖော်ထုတ်လေ့ရှိသည်။
လက်ရှိ အမေရိကန်သမ္မတ အိုဘားမားသည် ကမ္ဘာပေါ်တွင် ပြည်တွင်းပြည်ပ မှ
ဝေဖန်ထိုးနှက်မှု အခံရဆုံး သမ္မတဖြစ်သည်။ သူ၏ လုပ်ရပ်များအနက် အချို့တို့သည်
ဝေဖန်သူ အများပြည်သူ၏ ပစ်မှတ် ဖြစ်သကဲ့သို့ အိုဘားမား၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ
ဘ၀နှင့် လုပ်ရပ်သည်လည်း ပြည်သူတွေနှင့် သဟဇာတ မဖြစ်ခဲ့လျှင်၊ ပြည်သူ့
အမြင်တွင် ဝေဖန်စရာဖြစ်လျှင် သရော်ပြစ်တင် ဝေဖန်ခံရပေသည်။
အစ္စလာမ် ဘာသာဝင် အမျိုးသမီးများ ဆောင်းလေ့ရှိသည့် ““ကက်စ၀ါ”” ခေါ်
ခေါင်းဆောင်း ကို ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံပေါ်တွင် ဆောင်းပေးပြီး Fake
လုပ်ဖော်ပြသည့် ဓာတ်ပုံမျိုး လောက် ကတော့ အိုဘားမားတို့အဖို့ ပျင်းတောင်
ပျင်းသေးသည်ဟု ဆိုနိုင်စရာဖြစ် သည်။ နိုင်ငံတကာက ထင်ရှားသည့် Time
ကဲ့သို့သော မဂ္ဂဇင်းကြီးတွင် အစ္စလာမ် အစွန်းရောက် အကြမ်းဖက်သမားပုံ
ပေါက်အောင် သူ့မျက်နှာတွင် မုတ်ဆိတ်များတပ် ၀တ်ရုံခြုံထားပေးသည့်ပုံများ
နိုင်ငံအနှံ့တွင် ပွထနေသည်။ တိရစ္ဆာန်နှင့်နှိုင်းကာ ဦးခေါင်းတွင်
ချိုတပ်ထားသည့် ပုံများလည်း မရှားပေ။
ကွယ်လွန် သွားရှာပြီဖြစ်သည့် စာရေးဆရာကြီး ရန်ကုန်ဘဆွေ ရေးသားသည့်
““ကိုကြီးကောင်း””စာအုပ်တွင် ထိုစဉ်က ၀န်ကြီးချုပ်ဦးနု ထိုအချိန်က
မင်းသမီး တစ်လက်နှင့် Sexy Scandal အကြောင်း ပွင့်ပွင့်လင်းလင်း ရေးသား
ဖော်ပြ ခဲ့သည်။ စာအုပ် မျက်နှာဖုံးတွင် ၀န်ကြီးချုပ်ဦးနုအား
ခေါင်းပေါင်းနှင့် လည်ပင်းတွင် စိပ်ပုတီး ဆွဲထားကာ ခါးတောင်း ကျိုက်ထားသည့်
ပုံကို ဖော်ပြထားသည်။ ၀န်ကြီးချုပ် ဦးနုသည် သူ့အား ယခုကဲ့သို့
ပုဂ္ဂိုလ်ရေးပါမကျန် ထိုးနှက်ချက်ကို ဧည့်ထောက်မခံ နှုတ်လှံမထိုး ဥပဒေမကိုးဘဲ
ပြည်သူ့အစေခံ ပီသစွာ တာဝန် ထမ်းဆောင် သွားခဲ့သည်။ အမယ်စုံ ထိုးနှက်ဝေဖန်
တိုက်ခိုက်မှုကြောင့်လည်း ဦးနုဂုဏ်သိက္ခာ မပွန်းမပဲ့ခဲ့ပေ။
စာရေးဆရာ သခင်တင်မြ၏ Masterpiece ဟု ဆိုနိုင်လောက်သည့် “ဘုံဘ၀မှာဖြင့်”
စာအုပ် ပထမပိုင်းတွင် ““ဘူးသီးနုနု””အကြောင်းအရာနှင့် ဆက်စပ်ပြီး ဦးနု၏
ငယ်ဘ၀ Fantasy အား Fantasize လုပ်ပုံကို ပွင့်ပွင့် လင်းလင်း ဖော်ပြခဲ့သည်။
ဟိုတစ်ချိန်က ““ပုတီးတစ်လုံး “ချောက်”ခနဲ၊ အပျိုမြင်ရင် ငေါက်ခနဲ”
သီချင်းတစ် ပိုင်းတစ်စကို ဆိုလိုက်သည်နှင့် တိုက်ပုံအင်္ကျီ၊ ပိုးလုံချည်နှင့်
ခေါင်းပေါင်း ဆောင်းထားပြီး လည်ပင်းတွင် ပုတီးဆွဲ ထားသည့်
ဝန်ကြီးချုပ်ဦးနုကို ချက်ချင်းသတိရစေအောင် ဝေဖန်မှု များ
ပြောင်မြောက်ခဲ့သည်။
x x x x x
၁၉၈၈ ခုနှစ် အရေးအခင်းကာလ တစ်လျှောက် ဒေါ်အောင်ဆန်းစုကြည်အား ပုဂ္ဂိုလ်ရေး
ထိုးနှက်ချက်တွေကို မြို့ထဲရှိ အိမ်၊ အုတ်နံရံစသည့် နေရာ အသီးသီးတွင်
စာရွက်များ လိုက်လံကပ်ကြသည်။ ဦးဖာ – ဒေါ်စု၏မြေး၊
ဗိုလ်ချုပ်အောင်ဆန်း-ဒေါ်ခင်ကြည်တို့၏ သမီးဖြစ်ရာ သူမ၏ နာမည်တွင် မိဘနှစ်ပါး
ဘွားအေ နာမည်သာ ပါသည့် အတွက် မူလနာမည်ရင်း၏ နောက် တွင် ဘိုးအေနာမည် “ဖာ”
ဆိုသည့် စာတစ်လုံးဖြည့်ပြီး “အောင်ဆန်းစုကြည်ဖာ”ဟု ဒေါ်အောင်ဆန်းစုကြည်အား
သိက္ခာချ စော်ကား သည့် စာရွက်များ၊ နံရံများပေါ် တွင် ကပ်သည်။ လက်ကမ်းကြသည်။
““နိုင်ငံတော်သမ္မတ၏ စကားသည် ဗလောင်းဗလဲ၊ ဗရွတ်ရွှတ်တ””ဆိုသည့်
အပြောလောက်နှင့် ၀န်ကြီး၏ တုံ့ပြန် ပြောဆိုမှုများသည် Trigger minded Shot
Temper နှင့် Aggressiveness တွေဖြစ်ရာ ဒီမိုကရေစီ နိုင်ငံ အချို့မှ
ခေါင်းဆောင်များအား ပြည်သူတွေ အပါအ၀င် အတိုက်အခံ များက ဝေဖန်
ထိုးနှက်ရာတွင် ထိုးနှက်သည့် အခိုက်အတန့်တွင်မှာတော့ Courtesy တွေကို ခေတ္တ
မေ့ပျောက်သွားပြီး Fellah, Bitch, asshole, buddy စသည့်တို့ဖြင့် ပစ်ပေါက်
ထိုးနှက်ကြသည်။ အိန္ဒိယနိုင်ငံတွင် ရာထူးမှ အနားယူ သွားပြီဖြစ်သည့်
ဝန်ကြီးချုပ်ဟောင်း မန်မိုဟန်ဆင်းအား (Haramzarah စောက်ကောင်၊ သေခြင်းဆိုး)
စသည့် အသုံးအနှုန်း များနှင့် ချိုးနှိမ် တိုက်ခိုက်ပြီး ကွန်ဂရက်ပါတီ
ခေါင်းဆောင် ဆိုနီယာဂန္ဒီနှင့် having affair ဖြစ်နေ သည်ဟု အမနာပ ပုတ်ခတ်
စော်ကားသည်။ ဆိုနီယာဂန္ဒီ ကြိုးဆွဲရာပါသည့် ပါပီအဖြစ် ခိုင်းနှိုင်းသည်။
စိတ်ရှည်သည်းခံ လမ်းကြောင်းမှန် ပြည်သူ့အစေခံ ဘ၀တွင် ဝေဖန်ထိုးနှက်မှု
မှန်သမျှ ကြံ့ကြံ့ခံ နိုင်ရမည် ဆိုသည့် အချက်သည်လည်း နိုင်ငံရေးသမားများ၏
အရည်အချင်း တစ်ရပ် ဖြစ်သည်ကိုတော့ မမေ့စေချင်ပါ။
““သမ္မတဆိုတာက သိက္ခာကျတယ်လို့ ပြောပြော၊ သိက္ခာချတယ်လို့ ပြောပြော သမ္မတဆိုတာက
သူတို့ ဒီမိုကရေစီ နိုင်ငံမှာဆိုရင် သူ့ကို ဝေဖန်တယ် ဆိုတာကိုတော့
ခံရမှာပဲ။ အိုဘားမားလည်း ဝေဖန်နေ တာပဲ။ ဝေဖန်ပြီးတော့ ညစ်ညစ်ပတ်ပတ်
မဆဲရုံတမည်ပဲ၊ ကလော်တုတ်ပြီးတော့ ဝေဖန်ခံနေရတာပဲ၊ ဒီလိုပဲပေါ့၊ သူလည်း
ခံရမှာပေါ့၊ သူတော်အောင် လုပ်ပြပေါ့၊ ဒါပဲ၊ မတော်ရင် မတော်ဘူး ပြောမှာပေါ့။
ဒါပြောခွင့်ရှိတာ အခုပဲ၊ ဒါမဆိုင်ဘူး။ ဒီအပေါ်မှာ သူတို့ဘာမှ
လုပ်လို့မရဘူး။ အခုက ဘယ်လိုဖြစ်နေလဲ၊ သူတို့အကြောင်းနဲ့ ပတ်သက်ရင်
ကောင်းရင် အိုကေ၊ မကောင်းရင် သူတို့ တင်းတယ်။ သူတို့ အကြောင်း
အကောင်းပြောရင် လွှတ်ပေးလိုက်ရော။ အဲလျှော့ပေးလိုက်ရော နည်းနည်းလေး
ကိုယ့်ကို ရေးပြီဆိုရင် ဟိုလည်း ညှစ်ဒီလည်းညှစ် နဲ့ နိုင်ငံရေးလောက၊
သတင်းလောကကို သူတို့ ဒီလိုလုပ်တာ””ဟု သူရဦးတင်ဦးက မှတ်ချက်ပေးပြောကြား
ခဲ့သည်။
ဝန်ကြီးချုပ်ဦးနုအား ဦးကျော်ငြိမ်းတို့ အုပ်စုက ““အာဏာရူး ၊ တဏှာရူး၊
ဘယ်လွတ်လပ်ရေး တိုက်ပွဲမှ မပါခဲ့တဲ့ အချောင်သမား”” စသည်ဖြင့်
အလွန်ရိုင်းရိုင်းပျပျ စော်ကားခဲ့သည်။ (၁) အာဏာရူး (၂) လင်ရှိမယားနဲ့
ကြာခိုတဲ့ တဏှာရူး (၃) မီးနေထဘီကို လက်သုံးပြုတဲ့ အောက်လမ်းသမား (၄)
လွတ်လပ်ရေး တိုက်ပွဲဆိုလျှင် ဘယ်တိုက်ပွဲမှာမှ မပါဘူး အချောင်သမား …၊
စသည်တို့သည် ဦးနုအပေါ် နောက်တိုး စွပ်စွဲချက်များ ဖြစ်သည်။
ဦးနုသည် ၀န်ကြီးချုပ်အဖြစ် အာဏာ လက်ရှိဖြစ်ကာ သူ့အပေါ် စော်ကားစွပ်စွဲသူ
ဦးကျော်ငြိမ်းတို့ အုပ်စုအား လွှတ်တော်နှင့်တကွ အစိုးရအဖွဲ့ထဲကပါ ချက်ချင်း
ထုတ်ပစ်နိုင်ပြီး ဥပဒေကိုပါ ကိုးနိုင်သည့် အခွင့်အရေးများ ရရှိထားသည့်
အနေအထားမျိုး ဖြစ်သည်။ သို့ရာတွင် ဦးနုက ““(၁) ရန်စကို တိုချင်တယ် (၂)
သံသရာ ကြွေးတွေ ထပ်ပြီး အထင်မခံချင်ဘူး။ နည်းနိုင်သမျှ နည်းချင်တယ် (၃)
ကျုပ်ဟာ လူရှုပ် မဟုတ်ဘူးဆိုတာ ပြည်သူ လူထုထဲက အတော်ခပ်များများ သိနေပြီလို့
ကျုပ်ယူဆတယ်။ (၄) ကိုယ်ကောင်းရင် ခေါင်းဘယ်မှ မရွေ့ဘူး ဆိုတာကိုလည်း ကျုပ်
ဦးလည်မသုန် ယုံကြည်တယ်”” စသည့် အကြောင်းများကို ထောက်ရှု ငဲ့ကွက်လျက် သူ၏
ဘက်တော်သားတွေက သူ့အား စွပ်စွဲထားသည့် စွဲချက်တွေကို ပြန်ဖြေဖို့
တိုက်တွန်း ပေမယ့် ဦးနုသည် ဥပေက္ခာတရားကို ရှေးရှုလျက် ပြုံးစေ့စေ့သာ
လုပ်နေခဲ့သည်။
““နိုင်ငံမှာ သမ္မတသည် အထွတ်အထိပ်၊ အဲ့လိုပုဂ္ဂိုလ်ရဲ့ စကားက ကပြောင်းကပြန်၊
ဗလောင်းဗလဲ၊ ဟိုပြောဒီပြော၊ ဗရွတ်ရွှတ်တ၊ ပေါက်ပန်းလေးဆယ်၊ ကလေကချေ၊ ကလေက၀ …
ကျွန်တော် စကားလုံးတွေ ထပ်ရှာလို့ရရင် အကုန်ထည့်သုံးမှာ အရည်မရ၊ အဖတ်မရ၊
ပေါက်လွှတ်ပဲစား ပြောသလို ဖြစ်နေတာ”” ဆိုသည့် အသုံးအနှုန်း လောက်ကို
ဦးနုအပေါ် ပစ်ပေါက်သည့် စကားလုံးတွေနှင့် နှိုင်းယှဉ် ကြည့်စေချင်ပါသည်။
x x x x x
ဂန္ဒီကြီးကို ““အမျိုးသား ခေါင်းဆောင်ကြီး””၊ ““တိုင်းပြည်၏ ဖခင်ကြီး””ဟု
ဂုဏ်ပြု တင်စားကြသော်လည်း သူကိုယ်တိုင် ပါဝင်လျက် အဗြဟ္မစရိယအကျင့်
သူခိုင်မာလျက်ရှိကြောင်း စမ်းသပ်မှုတွင် အမျိုးသမီးငယ် များနှင့်
မိမွေးတိုင်း ဖမွေးတိုင်း အတူစမ်းသပ် အိပ်ပြရာတွင် ဂန္ဒီကြီး
အပြောနှင့်အလုပ် လွဲချော်မှုကြောင့် အိန္ဒိယနိုင်ငံ လွတ်လပ်ရေး မရခင်ကာလ
Travancore ပြည်နယ် ၀န်ကြီးချုပ် မဟတ္တမဂန္ဒီကြီးကို ““ကြောက်စရာ အကောင်းဆုံး
အုံ့ပုန်း တဏှာရူးကြီး””ဟု စွပ်စွဲ အပုပ်ချသည်။
အိန္ဒိယနိုင်ငံထုတ် သတင်းစာများတွင် မိန်းကလေး ချောချောတစ်ယောက်
ရရှိမယ်ဆိုရင် ဘာပဲလုပ်ရလုပ်ရ လုပ်မည်ဟု ဆိုသည့် နေရူး၊ နေရူးသည်
မိန်းမလိုက်စားရုံမက ယောက်ျားလည်း မှီဝဲသည်ဟု ဆိုကာ ထိုစဉ်က အိန္ဒိယနိုင်ငံ
ဘုရင်ခံချုပ် ဗိုလ်ချုပ်ကြီး မောင့်ဘက်တန်နှင့် အတူနေ
““လိင်တူချစ်တူ””များအဖြစ် စွပ်စွဲပုတ်ခတ် ရေးသား ဖော်ပြကြသည်။
အဂတိလိုက်စားမှုများအား ပြင်းပြင်းထန်ထန် နှိမ်နင်းမည်ဆိုသည့်
ကတိက၀တ်များဖြင့် အိန္ဒိယ ၀န်ကြီးချုပ် ဖြစ်လာသည့် နရိန္ဒြာမိုဒီသည်လည်း
““ဇနီးမယား တစ်ယောက်ကိုတောင်မှ တာဝန် မယူနိုင်သူက အိန္ဒိယ ပြည်သူ
သန်းတစ်ထောင်ကျော် ဆင်းရဲတွင်းမှ လွတ်အောင် ဆောင်ကြဉ်း ပေးမည် ဆိုတာ သံသယ
ဝင်စရာ”” အဖြစ် တိုက်ခိုက် ဝေဖန်ကုန်ကြပြီ ဖြစ်သည်။
x x x x x
ဝန်ကြီးချုပ်ဦးနုက တပ်မတော်ကြီးအား ခြင်္သေ့နှင့် ဥပမာပြပြီး လက်နက်မဲ့
လူတန်းစားများ အား ကြွက်စုတ်နှင့် နှိုင်းယှဉ်ပြလျက် ““ခြင်္သေ့နှင့်တူတဲ့
တပ်မတော် ကြွက်စုတ် လူထုအပေါ် စိတ်မဆတ်ပါနှင့်”” ဆိုပြီး လက်နက်မဲ့
ပြည်သူအပေါ် စိတ်လိုက်မာန်ပါ မလုပ်မိဖို့ မေတ္တာရပ်ခံခဲ့သည်။
ဝန်ကြီးချုပ်ဖြစ်စက သတင်းစာများ မိမိအကြောင်း မကောင်းရေး လျှင်
ချေပစ်ချင်ပုံ၊ စင်မြင့်ပေါ်မှ မိမိအကြောင်း ဝေဖန် ပြန်လျှင် လည်း
ချေပစ်ချင်သော စိတ်များ ပေါ်ပေါက်ခဲ့ပုံ၊ သို့ရာတွင် ၀န်ကြီးချုပ်ကဲ့သို့
အာဏာအများကြီး ရထားသူ တစ်ဦးဟာ စိတ်ဆတ်ရင်၊ စိတ်နောက်ကိုယ်ပါ လုပ်မိရင်
နိုင်ငံမှာ ဘေးဥပါဒ် အန္တရာယ်တွေ အများကြီး ပေါ်လာနိုင်တယ် ဆိုတာ
သဘောပေါက်တဲ့ နေ့ကစပြီး မိမိကိုယ်ကိုယ်မိမိ ပြုပြင်ခဲ့ပုံကို ဦးနုက
ထည့်သွင်း ပြောကြားပြီး ကြွက်စုတ် ပြည်သူအပေါ် သည်းခံသကဲ့သို
သဘောထားကြီးကြီးနှင့် ညှာတာ ထောက်ထားဖို့လည်း ၀န်ကြီးချုပ် ဦးနုက
တိုက်တွန်းခဲ့သည့်အကြောင်း ဖတ်ရှုရပါသည်။
x x x x x
ပြည်သူ့အစေခံတွေ စိတ်ရှည်သည်းခံဖို့ ပြည်တွင်းပြည်ပ နိုင်ငံ တကာ
ခေါင်းဆောင်များ၏ သမိုင်းဝင် အဖြစ်အပျက် အတွေ့အကြုံများတွင်
““ခန္တီပါရမီ””ပြည့်ဝကြပုံကို အခါအားလျော်စွာ တင်ပြကြသည်၊ ဖတ်ရှုရသည်။
တစ်ဆက်တည်းမှာပဲ ပြည်တွင်းထုတ် မြန်မာသံတော်ဆင့်ဂျာနယ်နှင့် Weekly Eleven
သတင်းဂျာနယ် တို့ကို တရားဥပဒေအရ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြန်ကြားရေး
ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ် ပြောကြားချက်ကိုလည်း နှိုင်းယှဉ်
ဖတ်ရှုနိုင်သည်။
x x x x x
““သမဂ္ဂါနံ တပေါ သုခေါ””
သမဂ္ဂနံ – စိတ်ဓာတ်ညီညွတ်သူတို့၏
တပေါ – အကျင့်သည်
သုခေါ – ချမ်းသာခြင်း၏ အကြောင်းဖြစ်၏။
လောကီလုပ်ငန်းမှန်လျှင် လူများစုနှင့် ညီညီညာညာ ၀ိုင်းဝန်း ဆောင်ရွက်ကြမှ အောင်မြင်နိုင်မည်။
အယ်ဒီတာတစ်ဦး

No comments:
Post a Comment