ညအိပ်တည်းခို၍ စိန်ရွှေ လက်ဝတ် ရတနာပစ္စည်းများ ခိုးယူ သွားသူကို ဖော်ထုတ်ဖမ်းဆီး စစ်ဆေးရာမှ အခြားခိုးမှု(၁၀)မှု ထပ်မံပေါ်ပေါက်
ရန်ကုန်၊ စက်တင်ဘာ ၅
၂၆.၈.၂၀၁၄ ရက်နေ့ ၂၃၃၀ အချိန်တွင် ဒဂုံမြို့နယ်နေ ဦးရဲမြတ်အောင်သည်
နေအိမ်၌ရှိနေစဉ် Facebook လူမှုကွန်ယက်တွင် သိကျွမ်းခဲ့သော ပေါလုလွင်
ဆိုသူမှာ ညအိပ်တည်းခိုရန် ရောက်ရှိလာ သဖြင့် စကားပြောဆိုခဲ့ကြပြီး
၂၇.၈.၂၀၁၄ ရက်နေ့ ၀၁၀၀ အချိန်ခန့်တွင် ညအိပ်ယာဝင်ခဲ့ကြောင်း၊ ၀၂၀၀
အချိန်ခန့်တွင် အိပ်ယာမှနိုး၍ ပေါလုလွင်ဆိုသူအားကြည့်ရှုရာမတွေ့ရတော့ဘဲ
စိန်ရွှေရတနာ ပစ္စည်း(၁၄)မျိုး၊ လက်ပတ်နာရီ(၁)လုံး၊ ဆင်းကတ်ပါ i phone 5
(၁)လုံး၊ ငွေကျပ်(၂၅၀၀၀၀)၊ စာရင်း စာအုပ်(၂)အုပ်၊ ထီး(၁)လက်၊ နိုင်ငံသား
စိစစ်ရေးကတ်(၁)ခု၊ နိုင်ငံကူးလက်မှတ်စာအုပ်(၁)အုပ်၊
စုစုပေါင်းတန်ဖိုးငွေကျပ် (၃၇၄၃၀၀၀၀)မှာပျောက်ဆုံးနေသဖြင့် ပေါလုလွင်အား
အရေးယူပေးရန် တိုင်တန်းချက်အရ ဒဂုံမြို့မရဲစခန်း(ပ)၁၈၆/၂၀၁၄၊
ပြစ်မှုပုဒ်မ-၃၈၀ ဖြင့် အမှုဖွင့် စုံစမ်း ဆောင်ရွက်ခဲ့ပါသည်။
အမှုမှတရားခံဖမ်းဆီးရမိရေးအတွက် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊
အကူတပ်ဖွဲ့ခွဲ၊ အုပ်ချုပ်မှု တပ်ခွဲ၊ မှုခင်းအကူဌာနစုမှတပ်ဖွဲ့ဝင်များမှ
စုံစမ်း ဆောင်ရွက်ခဲ့ရာ ပေါလုလွင်ဆိုသူမှာ စမ်းချောင်း မြို့နယ်၊
လင်းလွန်းတောင်ရပ်ကွက်၊ တကောင်းလမ်းတွင် နေထိုင်သူဖြစ်ကြောင်း သိရှိရသဖြင့်
စုံစမ်း အတည်ပြုခဲ့ပြီး ၃၀.၈.၂၀၁၄ ရက်နေ့ ၁၁၃၀အချိန်တွင်
အမှုမှပြစ်မှုကျူးလွန်သူ ပေါလုလွင်(ခ) ရန်နိုင်ကျော်(ခ)ရဲရင့်ထွဋ်ခေါင်(ခ)
ကျော်မင်းသီဟန်(ခ) ကောင်းကောင်းအား ၎င်း၏နေအိမ်မှ ဖမ်းဆီးရမိခဲ့ပါသည်။
ဖမ်းဆီးရမိသူ ပေါလုလွင်အား စစ်ဆေးရာ အဆိုပါအမှုအား ကျူးလွန်ခဲ့ကြောင်းနှင့်
ခိုးမှုပြစ်ချက်ဟောင်း ရှိသူဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ပြီး ၎င်း၏နေအိမ်မှ
အမှုမှပါဆုံး ပစ္စည်းအချို့အား သိမ်းဆည်းရမိခဲ့သည့်အပြင် ၎င်းရောင်းချထားသော
စိန်ရွှေရတနာ ပစ္စည်းများကိုလည်း ပြန်လည်သိမ်ဆည်းနိုင်ခဲ့ပါသည်။
၎င်းအား အခြားခိုးမှုများကျူးလွန်ထားခြင်းရှိ/မရှိ စစ်ဆေးခဲ့ရာ ၂၀၁၄ ခုနှစ်၊
မေလမှ သြဂုတ်လအတွင်း ဗဟန်း၊လမ်းမတော်၊ပန်းဘဲတန်း၊ ကျောက်တံတား၊ လသာ၊
ကမာရွတ်၊ လှိုင်၊ တာမွေနှင့် မြောက်ဥက္ကလာပမြို့နယ်များတွင်
ခိုးမှု(၁၀)မှုတို့ကို ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်ရရှိသဖြင့် သက်သေခံ
ပစ္စည်းများ သိမ်းဆည်းပြီး သက်ဆိုင်ရာရဲစခန်းများတွင်
အမှုများအသီးသီးရေးဖွင့်ကာ ဆက်လက် အရေးယူဆောင်ရွက်လျက်ရှိ ကြောင်း
သတင်းရရှိပါသည်။

No comments:
Post a Comment