Saturday, September 27, 2014

ပြည်တွင်းငြိမ်းချမ်းရေး လူထုပါဝင်မှုရှိလာရန် KNPP ပြင်ဆင်ပြီ

ပြည်တွင်းငြိမ်းချမ်ရေး တည်ဆောက်မှု ဖြစ်စဉ်မှာ ပြည်သူလူထု ပါဝင်မှု ရှိလာရန် ကရင်နီအမျိုးသား တိုးတတ်ရေး ပါတီ-KNPP မှ လူထုနှင့် တွေ့ဆုံပွဲ ပြုလုပ်မည့် အစီအစဉ်သည် လူထုဘက်က အမှန်တကယ်လိုလား နေသည့် ဆန္ဒကိုဖြည့်စည်း လိုက်ခြင်းဖြစ်သည်ဟု လူငယ်ငယ်များ အဖွဲ့က ဆိုသည်။

စက်တင်ဘာလ ၂၅ရက်နေ့က လွိုင်ကော်မြို့ ထေးတမရပ်ကွက် မော့ဒူဒီးဘိုးဟို ခန်းမတွင်KNPP မှလူထုတွေ့ဆုံပွဲ ပြင်ဆင်ရေး ဒုတိယအကြိမ်ဆွေးနွေးပွဲအပြီး ကရင်နီပြည်လူငယ်များသမဂ္ဂအဖွဲ့ -UKSYမှ ကန္တာရ၀တီတိုင်း(မ်)သို့ယခုလိုပြောသည်။

“KNPP က ဒု-ဥက္ကဌ ကိုယ်တိုင်က ဒီ PROSSES (ငြိမ်းချမ်းရေးဖြစ်စဉ်)တွေ ကိုပြောဆိုသွားတာကော ကိုယ့်ဒေသတွင်းမှာရှိတဲ့ တိုင်းရင်းသားအဖွဲ့စည်းတွေနဲ့ သီးသန့်တွေ့ဆုံဖို့တွေကော ဒီလိုမြို့နယ်အဆင့် လူထုတွေနဲ့ တွေ့ဆုံမှု ပြုမှာတွေက တကယ့်လိုအပ်ချက်တွေ ဖြစ်တဲ့ အတွက်ကြောင့် ဒီလိုကြိုးပမ်းအားထုပ်မှုကိုတော့ လှိုက်လှိုက်လဲလဲ ကြိုဆိုပါတယ် ” ဟု UKSYဗဟိုကော်မီတီဝင် ကိုကျော်ထင်အောင်ကပြောသည်။

လူထုနှင့်တွေ့ဆုံပွဲပြင်ဆင်ရေးဆွေးနွေးပွဲတွင် KNPPမှ ကယားပြည်တွင်းရှိ နိုင်ငံရေးပါတီများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ ငြိမ်းချမ်းရေးစောင့်ကြည့်လေ့လာရေးအဖွဲ့၊ ဒေသခံရပ်မိရပ်ဖိများနှင့်တွေ့ဆုံပြီး လက်ရှိပြုလုပ်နေသည့် တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးဆိုင်ရာကိစ္စရပ်များ၊ ကိုယ်ပိုင်မူဘောင်ရေးဆွဲရေးကိစ္စများနှင့် နိုင်ငံရေးဆွေးနွေးပွဲများဖြစ်ပေါ်လာပါက လုပ်ဆောင်ရမည့်ကိစ္စရပ်များဆွေးနွေးခဲ့သည်။

၎င်းဆွေးနွေးပွဲမှ ဖြစ်ပေါ်လာမည့်မြို့နယ်အဆင့် လူထုတွေ့ဆုံပွဲများတွင် အစုအဖွဲ့များမှ မိမိတို့၏အမြင်သဘောထားများတင်ပြကြရန်နှင့် နိုင်ငံရေးပါတီများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ ပညာရှင်များပါဝင်သည့် အလုပ်ရုံဆွေးနွေးပွဲများအတွက် KNPPမှ ကမကထပြု၍စီစဉ်ဆောင်ရွက်ရန်ဆိုသည့်ဆုံးဖြတ်ချက်များချမှတ်ခဲ့သည်။

“ကျနော်တို့ ရည်ရွယ်တာကတော့ လာမယ့် လူထုတွေ့ဆုံ ဆွေးနွေးပွဲတွေမှာ အလားတူ ကျနော်တို့ တဖွဲ့တည်းကစီစဉ်တာမျိုး မဟုတ်ဘဲ တစ်ခြားသေား နိုင်ငံရေးပါတီ ၊အရပ်ဖက်အဖွဲ့စည်း တွေကေား ဒီပူးပေါင်းပါဝင်လုပ်ဆောင် ပြီးတော့မှ နိုင်ငံရေးဆွေး နွေးပွဲ အတွက် ပြင်ဆင်တဲ့ပုံစံမျိုး သွားချင်တယ် ” ဟုKNPP အတွင်းရေးမှူး(၁) ဦးရွှေမျိုးသန့်ကပြောသည်။

လူထုတွေ့ဆုံပွဲကို စက်တင်ဘာလ ၂၇ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ စက်တင်ဘာလ ၃၀ရက်နေ့တွင် လွိုင်ကော်မြို့နယ်တို့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

KNPPသည် အစိုးရနှင့် ပြီးခဲ့သည့် ၂၀၁၂ခုနှစ် မတ်လ ၇ရက်နေ့ကစပြီး နှစ်ဦးနှစ်ဘက်အပစ်ခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးကိစ္စအတွက် KNPPဘက်မှ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများပါဝင်သည့် တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့ NCCTနှင့်သွားရန်ဆုံးဖြတ်ထားသည်။


No comments:

Post a Comment