Thursday, October 9, 2014

ရန်ကုန် အိမ်ခြံမြေစည်းကြပ်ခွန် ထပ်တိုးမှု ဈေးကွက်အပေါ် သက်ရောက်မှုရှိနိုင်

ပြည်တွင်းအခွန်ဦးစီးဌာနက အခု ပြင်ဆင်လိုက်တဲ့ ရန်ကုန်မြို့ရဲ့ အိမ်ခြံမြေရောင်းဝယ်တဲ့ အပေါ် စည်းကြပ်မယ့် အခွန်နှုန်းထားက ပြီးခဲ့တဲ့နှစ်နဲ့ ယှဉ်ရင် အနည်းဆုံး ၅ ပုံ ၁ ပုံ မြင့်တက်မှု ရှိခဲ့တဲ့အတွက် ရန်ကုန်အိမ်ခြံမြေဈေးကွက်အပေါ် အထိုက်အလျောက် အကျိုးသက်ရောက်မှု ရှိနိုင်တယ်လို့ အိမ်ခြံမြေအကျိုးဆောင်ဝန်ဆောင်မှုလုပ်ငန်းတွေက ပြောပါတယ်။

အဆမတန်မြင့်တက်နေတဲ့ အိမ်ခြံမြေဈေးနှုန်းတွေကို အစိုးရက ထိန်းဖို့အတွက် လွှတ်တော်မှာ ပြီးခဲ့တဲ့နှစ်က အချေအတင် ဆွေးနွေးခဲ့ပြီးနောက် အစိုးရပိုင်းက ပထမအကြိမ် ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် အောက်တိုဘာ ၁ ရက်မှာ အခွန်နှုန်းထားသစ်တွေကို ကြေညာခဲ့ပါတယ်။

အခု ပြင်ဆင်တာက ဒုတိယအကြိမ် ဖြစ်ပြီး ထူးခြားတာကတော့ တိုက်ခန်းတွေအပေါ် စည်းကြပ်မယ့် အခွန်နှုန်းထားတွေကို ပြောင်းလဲမှု မရှိခဲ့ပေမယ့် မြေယာအပေါ်မှာတော့ ပြောင်းလဲမှုတွေ များစွာ ရှိခဲ့ပါတယ်။

ဒါကြောင့် အခု ပြင်ဆင်လိုက်တဲ့နှုန်းထားတွေက ပြီးခဲ့တဲ့နှစ်နဲ့ ယှဉ်ရင် နေရာဒေသအပေါ် မူတည်ပြီး အနည်းဆုံးက ၅ ပုံ ၁ ပုံ တိုးမြင့်သွားလို့ ဒါဟာ ရန်ကုန် အိမ်ခြံမြေရောင်းဝယ်ရေး ဈေးကွက်အပေါ် အထိုက်အလျောက် အကျိုးသက်ရောက်မှု ရှိနိုင်တဲ့အကြောင်း မဏ္ဍိုင် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း ဦးသန်းဦးက ဒီဗွီဘီကို ပြောပါတယ်။

ဒါပေမယ့် အခုပြင်ဆင်လိုက်တဲ့နှုန်းထားတွေက ဈေးကွက်မှာ အမှန်တကယ် အရောင်းအ၀ယ် ဖြစ်တဲ့ဈေးနှုန်းတွေထက်တော့ လျော့ကျမှုရှိတဲ့အတွက် ကွာဟနေသေးတယ်လို့ ပြည်တွင်းအခွန်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်က ဒီဗွီဘီကို ပြောပါတယ်။

ဒါ့ပြင် အိမ်ခြံမြေအပေါ် အခွန်ကောက်ခံမှု နှုန်းထားတွေကို ပွင့်လင်းမြင်သာမှုရှိအောင် ပြုပြင်ဆောင်ရွက်ပြီးတဲ့နောက် အခွန်ထမ်းဦးရေကလည်း တိုးတက်မှု ရှိလာတယ်လို့ ဆိုပါတယ်။

ကာလတန်ဖိုးစိစစ်ရေးအဖွဲ့က အသစ်ထပ်မံ ပြောင်းလဲလိုက်တဲ့ နှုန်းထားတွေအရ အင်းလျားမြိုင်လမ်း၊ ရွှေတောင်ကြားလမ်း၊ သံလွင်လမ်းနဲ့ တက္ကသိုလ်ရိပ်သာလမ်းတွေမှာ ၁ စတုရန်းပေပတ်လည်ကို ၃ သိန်း ၃ သောင်းကျပ်နှုန်း ရှိပေမယ့် အမှန်တကယ် အရောင်းအ၀ယ် ဖြစ်တဲ့ဈေးနှုန်းတွေက ဒီနှုန်းထက်ပိုတယ်လို့ သိရပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment