Sunday, October 5, 2014

ဂုဏ်သိက္ခာရှိရှိ အနိုင်ယူဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

ဒီမိုကရေစီစနစ် ရှင်သန်ထွန်းကားဖို့အတွက် ဂုဏ်သိက္ခာရှိရှိနဲ့ အနိုင်ရအောင် ကြိုးပမ်းရမှာဖြစ်သလို အရှုံးကိုလဲ ဓမ္မဓိဋ္ဌာန်ကျကျလက်ခံနိုင်ဖို့ အရေးကြီးတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

တောင်ဝင်နှင်းဆီခန်းမမှာကျင်းပတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ ဗဟိုလူငယ်ဦးဆောင် အဖွဲ့အစည်းအဝေးမှာ လူငယ်တွေကို မှန်ကန်တဲ့ အနိုင်ယူနည်းကို တန်ဖိုးထားကြဖို့ ဒေါ်အောင်ဆန်းစုကြည်က အခုလို တိုက်တွန်းသွားတာပါ။

"ကိုယ့်ကိုကိုယ် သိပ်ပြီးတော့ အထင်မကြီးဖို့ အရေးကြီးတယ်၊ ကိုယ့်ဖက်ကိုပဲ ကိုယ်မယက်ပေါ့ဖို့နော်၊ ပြီးတော့ လောဘတွေမများဖို့က အရေးကြီးတယ်၊ ငါက အမြဲနိုင်ရမယ်ဆိုတဲ့ စိတ်ထားပြီးတော့ ဒီမိုကရေစီကို ဘယ်တော့မှ တိုးတက်အောင် လုပ်ပေးနိုင်မှာ မဟုတ်ဘူး၊ တချို့ကတော့ ပြောတာပေါ့နော်၊ ငါတို့က နိုင်တတ်တယ်၊ နိုင်ဖို့အဆင်သင့်ပဲ၊ နိုင်ဖို့ကတော့ အဆင်သင့်ပဲ ရှုံးဖို့ရော အဆင်သင့်ရှိလားလို့ မေးရမယ်၊ နိုင်တတ်ရုံနဲ့ မပြီးသေးဘူး၊ ရှုံးတတ်ရမယ်၊ ရှုံးတတ်ရမယ်ဆိုတာ အရှုံးပေးရမယ်လို့ပြောတာ မဟုတ်ဘူးနော်၊ ရှုံးတတ်တာနဲ့ အရှုံးပေးရတာမတူဘူး"

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က လူငယ်တွေအနေနဲ့ နိုင်ငံရေးလုပ်ဆောင်ရာမှာ ကိုယ်ကျိုးစီးပွားကို ဦးစားမပေးဘဲ အတ္တဟိတ ပရဟိတမျှတအောင် ဆောင်ရွက်သွားကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးကလည်း ပါတီရဲ့ ဦးတည်ချက်တစ်ခုဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ကြိုးပမ်းရာမှာ အကြမ်းမဖက်ဘဲ ငြိမ်းချမ်းတဲ့နည်းကို ကိုင်စွဲကြဖို့ ပြောကြားခဲ့ပါတယ်။

ပထမအကြိမ်ကျင်းပတဲ့ ဗဟိုလူငယ်ဦးဆောင်အဖွဲ့ အစည်းအဝေးကနေ လူငယ်ညီလာခံ သက်တမ်းသတ်မှတ်ရေးကို ဆိုင်းငံ့ထားဖို့၊ ဗဟိုလူငယ်အစည်းအဝေးပွဲတွေကို ၄ လ တစ်ကြိမ်ကျင်းပသွားဖို့၊ အသက် ၃၀ ကျော် လူငယ်အဖွဲ့ဝင်တွေကို လူငယ်အဖွဲ့ကနေ ပယ်ဖျက်ဖို့ စတဲ့အချက်တွေကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီကနေ့ဆွေးနွေးပွဲကို တိုင်းနဲ့ပြည်နယ်အသီးသီးက NLD ဗဟိုလူငယ်ဦးဆောင်အဖွဲ့ဝင် ၅၀ ကျော် တက်ရောက်ခဲ့ပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment