ကရင်ပြည်နယ် ဖားအံမြို့အနီးရှိ လှာကဒေါင်ကျေးရွာအုပ်စု လှိုင်းပုံရွာ၌ ယနေ့နံနံက် ၆နာရီတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးသွားသည့် အသက် ၃၀ ၀န်းကျင် လူလတ်ပိုင်းအရွယ် လူငယ်တစ်ဦး၏ အလောင်းတစ်လောင်းကို ရွာခံများက တွေ့ရှိခဲ့သည်။
လှိုင်းပုံရွာရှိ ကုန်းတံတားတစ်ခုအပေါ်၌ အဆိုပါ သေဆုံးသွားသူသည် ARMY စာလုံးပါသည့် စစ်ရောင် အင်္ကျီ ၀တ်ဆင်ထားပြီး အလောင်း၏ နံဘေးတွင် ကျည်ဆံခွံ ၆ထောင့်နှင့်အတူ မြန်မာကျပ်ငွေများ၊ လက်ကိုင်ဖုန်း ၂လုံး၊ Red Ruby ဆေးလိပ်တစ်ဗုံး၊ ဂက်စ်မီးခြစ် တစ်လုံးနှင့် သောက်သုံးဆေးအချို့ တွေ့ရှိခဲ့ရသည်ဟု သိရသည်။
ယခုသေဆုံးမှုနှင့် ပတ်သက်၍ ကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့သည့် လှာကဒေါင်ကျေးရွာ အုပ်ချုပ်ရေးမှူး စောမောင်ဝင်းက (စက်တင်ဘာ ၄ရက်နေ့) ယမန်နေ့ည ၉နာရီ၌ လှိုင်းပုံရွာတွင် သေနတ်သံများ ကြားရပြီး နောက် ယနေ့နံနက်တွင် ယခုအလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ကေအိုင်စီသို့ ပြောသည်။
“ရွာက လူတွေက ကျနော့်ကို ဖုန်းဆက်ခေါ်တော့ ကျနော်လာတော့ လူသေလောင်းတွေ့တယ်။ သေဆုံး သွားသူဟာ ဘယ်သူဘယ်ဝါလဲတော့ ကျနော်တို့လည်း မပြောနိုင်ဘူး”ဟု စောမောင်ဝင်းက ပြောသည်။
အဆိုပါ သေဆုံးသွားသည့်အလောင်းကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည့် ဖားအံမြို့နယ် အိန္ဒုရဲစခန်းမှ ရဲအုပ် ဇော်နိုင်ကလည်း “သေဆုံးသွားတဲ့သူနဲ့ ပတ်သက်ပြီး အတိအကျသိနိုင်ဖို့ ကျနော်တို့ စစ်ဆေး ဖော်ထုတ်သွားမယ်။ လောလောဆယ်တော့ စစ်ဆေးဆဲပါ”ဟု ပြောဆိုသည်။
ထို့အပြင် သေဆုံးသွားသူ၏ ရုပ်အလောင်းကို ဖားအံမြို့ရှိ ကရင်အမျိုးသားအစည်းအရုံး(KNU) တာဝန်ရှိသူ အချို့လည်း သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ဖားအံမြို့နယ် လှိုင်းပုံရွာအနီးတ၀ိုက်တွင် အစိုးရစစ်တပ်များအပြင် ကရင်လက်နက်ကိုင်များဖြစ်သည့် KNU၊ ကရင်ဒီမိုကရေစီအကျိုးပြုပ်တပ်မတော်(DKBA)နှင့် စသည့် အခြားလက်နက်ကိုင်အဖွဲ့အစည်းများ မကြာခဏ ဖြတ်သန်းသွားနေကြသည့် နေရာဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

No comments:
Post a Comment