Wednesday, October 8, 2014

ထိုင်း လူသတ်မှုစစ်တဲ့ကိစ္စ ရဲချုပ် ကာကွယ်ပြောဆို

ထိုင်းနိုင်ငံ ကော့တောင်းကျွန်းမှာ ဗြိတိသျှ ခရီးသွားနှစ်ယောက်ကို သတ်ဖြတ်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသားနှစ်ယောက်အပေါ် ထိုင်းရဲတပ်ဖွဲ့အနေနဲ့ ခြိမ်းခြောက်အကြပ်ကိုင် အနိုင်အထက်ပြုပြီး အဓမ္မ ၀န်ခံခိုင်း ခဲ့တာမျိုး မရှိခဲ့ကြောင်း ထိုင်းရဲချုပ်က မနေ့က ခုခံကာကွယ် ပြောဆို ခဲ့ပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး ထိုင်းရဲတပ်ဖွဲ့ရဲ့ စစ်ဆေးမေးမြန်းပုံတွေဟာ တရားနည်းလမ်းမကျကြောင်း စွပ်စွဲပြောဆိုမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်နေသလို၊ ဒီအမှု မြန်မြန်ပြီးပြတ် အောင်ဆောင်ရွက်ဖို့လည်း ထိုင်းရဲတပ်ဖွဲ့အပေါ် ဖိအားပေးခံနေရတယ်လို့ ရိုက်တာသတင်းက ဖေါ်ပြပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က မြန်မာနိုင်ငံသားနှစ်ယောက်က သူတို့ လူသတ်မှုကျူးလွန်ခဲ့ကြောင်း ၀န်ခံထွက်ဆိုခဲ့ကြသလို၊ အလောင်းတွေမှာတွေ့ရတဲ့ DNA ခေါ် မျိုးဗီဇတွေနဲ့ သူတို့ရဲ့ မျိုးဗီဇတွေ တူညီနေတာလည်း ငြင်းလို့မရကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။

မနေ့ကကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း ထိုင်းအမျိုးသား ရဲချုပ်ဗိုလ်ချုပ်ကြီး ဆွန်ယွတ်က ဒီအမှုမှာပါဝင်ဆောင်ရွက်နေကြတဲ့ ရဲဝန်ထမ်းအားလုံးဟာ သူတို့တာဝန်ကို တကယ်ပဲ ကောင်းကောင်းမွန်မွန် ဆောင်ရွက်ခဲ့ကြတယ်ဆိုတာ အတိအလင်း ပြောချင်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ ဒီအမှုကို စုံစမ်းဖို့ မြန်မာသံရုံးက တာဝန်ပေးထားတဲ့ ရှေ့နေ ဦးအောင်မျိုးသန့်ကတော့ ဒီအမှုဟာ ခိုင်မာတဲ့အချက်တွေပေါ်မှာ အခြေခံထားတာမဟုတ်ဘဲ ဆင်ထားတဲ့အမှုဖြစ်ကြောင်း၊ အမှုတွဲမှာ ဖေါ်ပြထားတာတွေနဲ့ သက်သေအထောက်အထားတွေဟာ ကိုက်ညီမှုမရှိကြောင်း ပြောခဲ့ပါတယ်။

ဒီအမှုကို အောက်တိုဘာလ ၁၄ ရက်နေ့မှာ တရားရုံးကို တင်မှာဖြစ်ပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment