သို့ရာတွင် ထိုသို့ မတူ ကွဲပြားသည့် အခြေအနေမှ တူညီသည့် ဘုံရည်မှန်းချက် အပေါ် အခြေခံကာ ရှမ်းနိုင်ငံရေး အဖွဲ့ အစည်းများ လက်တွဲ လုပ်ဆောင်ရန် လိုအပ်သည်ဟု ရှမ်းတိုင်းရင်း သားများ ဒီမိုကရက်တစ် ပါတီ တွဲဘက် အတွင်းရေးမှူး ဖြစ်သူ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းမောင်တင်မှ သုံးသပ် ပြောကြားသည်။
“တူညီတဲ့ ဟာလေး တွေကို ဖြေးဖြေချင်း ညှိနှိုင်း သွားပြီးမှ တူညီတဲ့ ဟာတွေကို ကျွန်တော်တို့ ဘယ်လို လက်တွဲပြီး လုပ်ဆောင် သွားမလဲ။ ကျွန်တော် ပြောတာ နှစ်ပါတီ ကိစ္စတင် မကဘူး။ လက်နက်ကိုင် အဖွဲ့ အစည်း တွေလဲ ဒီအတိုင်း ပါဘဲ။ ကျနော်တို့ ရှမ်းပြည်သူ လူထုရဲ့ လိအပ် ချက်ကို၊ အများ စုရဲ့ လိုအပ်ချက်ကို ဘယ်လို ဖြစ်စေချင် သလဲ ဆိုတာ နိုင်ငံရေး ပါတီ တွေရော လက်နက်ကိုင် နှစ်ဖွဲ့ကရော စဉ်းစားပြီး လုပ်ဆောင် သင့်တယ်” ဟု ဦးစိုင်းမောင်တင်မှ ပြောသည်။
ထိုသို့ ရှမ်းနိုင်ငံရေး ပါတီ များနှင့် လက်နက်ကိုင် အဖွဲ့များ အကြား ညီညွတ်မှု တည်ဆောက် နိုင်ရန်နှင့် ရှမ်းအဖွဲ့ အစည်းများ ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင် နိုင်ရေး ရှမ်းအင်အားကြီး နိုင်ငံရေး ပါတီနှစ်ခုနှင့် ရှမ်းလက်နက်ကိုင် အဖွဲ့များမှ ထိပ်သီး ကိုယ်စားလှယ်များ တက်ရောက် ကြသည့် ရှမ်းပြည် ပူးပေါင်းဆောင်ရွက်ရေး ကော်မီတီ၏ ထိပ်သီး အစည်းအဝေး တစ်ရပ်ကို ထိုင်းနိုင်ငံ ဗန်ကောက် မြို့၌ အောက်တိုဘာလ (၂) ရက်နေ့မှ (၄) ရက်နေ့ အထိ ကျင်းပလျက် ရှိနေသည်။
ထိုတွေ့ဆုံ ပွဲ၌ ရှမ်းနိုင်ငံရေး ပါတီ များမှ လက်တွေ့ လုပ်ဆောင်ချက် များ၏ အားနည်း ချက်များ ရှိခဲ့သည့် အပိုင်းအား တစ်ဖွဲ့နှင့် တစ်ဖွဲ့ ဖလှယ်ကာ အကြိတ် အနယ် ဆွေးနွေးလျက် ရှိနေကြောင်းလည်း သျှမ်းသံတော်ဆင့် သတင်းဌာနမှ အယ်ဒီတာချုပ် တဦး ဖြစ်သည့် စိုင်းမိန်းက ပြောသည်။
“ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီက မူဝါဒ ပိုင်းမှာ ပျော့ညံ့တယ်။ အစိုးရ ဒါမှမဟုတ် ပြည်ခိုင်ဖြိုး တို့ကနေ စည်းရုံးခြင်း ခံရတယ်။ ကျားဖြူ ပါတီ ကနေ ကျားခေါင်း ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တွေ ထောင်ကျ တုန်းက ကျားခေါင်း ပါတီ ကိုယ်စား အလုပ် လုပ်ဖို့ ပါတီ ထောင်လာတယ်။ ဒါပေမယ့် လက်တွေ့ မှာတော့ မျှော်မှန်း ထားတဲ့ အတိုင်း မဖြစ် ဘဲနဲ့ တဦးကို တဦး အပစ် ပုံချ ထားတဲ့ ဟာတွေ နားလည် သဘော ပေါက်အောင် သူတို့ ပြန်လုပ် နေတယ်။ ဦးစိုင်း အိုက်ပေါင်းတို့ ဘက်ကလဲ ပြန်ချေပတယ်” ကိုစိုင်းမိန်းက ပြောသည်။
ထိုထိပ်သီး ဆွေးနွေး ပွဲအား ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ခွန်ထွန်းဦး၊ အတွင်းရေးမှူး စိုင်းညွန့်လွင်၊ ရှမ်းတိုင်းရင်း သားများ ဒီမိုကရက်တစ် ပါတီ ဥက္ကဌ စိုင်းအိုက်ပေါင်း၊ ဒုဥက္ကဌ ဦး စိုင်းဆောင်စီ တို့ တက်ရောက်လျက် ရှိနေသည်။ ထို့အတူ ရှမ်းလက်နက်ကိုင် အဖွဲ့များ ဖြစ်သည့် တောင်ပိုင်း ရှမ်းပြည် တပ်မတော် ဘက်တွင်မူ ဒုဗိုလ်ချုပ်ကြီး ရွက်ဆစ်၊ မြောက်ပိုင်း ရှမ်းပြည် တပ်မတော် ဘက်တွင် နာယကကြီး ဗိုလ်ချုပ် ဆေထင်၊ စိန်ကျော့ ပြည်သူ့စစ် တပ်ဖွဲ့မှ ဦးလွယ်မောင်းတို့ တက်ရောက် ခဲ့ကြသည်။
ဤ တွေ့ဆုံ ပွဲမှ ရှမ်းပြည် ညီညွတ်ရေး အတွက် အကောင်းဆုံး အဖြေကို ရှာနိုင်ရန် မျှော်လင့် ထားသည်ဟု မြောက်ပိုင်း ရှမ်းပြည် တပ်မတော် SSPP/SSA ခေါ် ရှမ်းပြည် တိုးတက်ရေး ပါတီမှ အဖွဲ့၏ ပြောခွင့်ရ ဗိုလ်မှူးကြီး ဖိန်ဖက ပြောသည်။
“ကိုယ့်အမျိုးသား တွေအတွက် ကောင်းရာ ကောင်းကြောင်းကို လာပြီးတော့ ဆွေးနွေး တယ်လို့ ကျွန်တော်တို့ အဲဒီလို သုံးသပ်တယ်။ တွေ့ဆုံတယ် ဆိုတာ ကောင်းတဲ့ အဖြေကို ရှာကြ တာဘဲ။ ရှေ့လျှောက် ဘာတွေ ဖြစ်လာ နိုင်မလဲ။ ဘာတွေ လုပ်ဆောင် ရမယ် ဆိုတာ အကောင်းဆုံး ဖြစ်အောင် သူတို့ လုပ်မှာ ပေါ့ဟု ဗိုလ်မှူးကြီး ဖိန်ဖက သုံးသပ် ပြောကြား ခဲ့သည်။
ကျားဖြူ ပါတီခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီသည် ၂၀၁၀ ရွေးကောက် ပွဲတွင် ပါဝင် ယှဉ်ပြိုင် ခဲ့ပြီး ကိုယ်စားလှယ် (၅၈) ဦး အနိုင် ရရှိ ခဲ့သည်။
ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနှင့် ၂၀၁၀ ရွေးကောက် ပွဲနှင့် ၂၀၁၂ ကြားဖြတ် ရွေးကောက် ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင် ခဲ့ခြင်း မရှိခဲ့ သေးသော်လည်း ၁၉၉၀ ရွေးကောက်ပွဲ တွင်မူ ကိုယ်စားလှယ် (၂၃) ဦး အနိုင် ရရှိ ထားသော ပါတီ ဖြစ်သည်။
![]() |
| တစ်ချိန်က နာမည်ကျော် ရှမ်းလက်နက်ကိုင် အဖွဲ့ တစ်ခု ဖြစ်သည့် မုန်တိုင်း အာမီ တပ်မတော်မှ တပ်မတော် သားများ |

No comments:
Post a Comment