Friday, October 31, 2014

သိမ်းဆည်းလယ်မြေ ပြန်ရရှိရေးဆန္ဒပြသူ ၄ ဦးကို ထောင်ဒဏ်တွေချမှတ်

ကရင်ပြည်နယ် ဘားအံနဲ့ လှိုင်းဘွဲ့မြို့နယ်မှာ သိမ်းဆည်း ခံထားရတဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိဖို့ အတွက် ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ရက်နေ့က ဆန္ဒပြတောင်းဆို ခဲ့သူတွေထဲက ဦးဆောင်သူတွေ ဖြစ်တဲ့ ၈၈ ကရင်မျိုးဆက် ကျောင်းသား အစည်းအရုံး အဖွဲ့ဝင် ၄ ဦးကို တရားမဝင်စီတန်း လှည့်လည်ခြင်း ဆိုင်ရာ ပုဒ်မ ၁၈ နဲ့ ဘားအံမြို့နယ်တရားရုံးက မနေ့က ထောင်ဒဏ် ၄ လစီ ချမှတ်ခဲ့ပါတယ်။

ဆန္ဒပြရာမှာပါဝင်ခဲ့တဲ့ လယ်သမား ၆ ဦးကို ပုဒ်မ ၁၈ နဲ့ ငွေဒဏ် ၂ သောင်းစီ ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ဦးဆောင်သူ ၄ ဦးကို ထောင်ဒဏ် ၄ လစီ ချမှတ်ခဲ့တာလို့ ၈၈ ကရင်မျိုးဆက် ကျောင်းသားအစည်းအရုံး ဥက္ကဌ ဦးစောမောင်ကြီးက ပြောပါတယ်။

"လယ်သမားတွေ လယ်ယာမြေ ပြန်လည်တောင်းဆိုတဲ့ကဏ္ဍဖော်ထုတ်တဲ့ကိစ္စနဲ့ပါ၊ ပုဒ်မ ၁၈ နဲ့ ၈၈ ကရင်မျိုးဆက် ကျောင်းသားအစည်းအရုံးအဖွဲ့ဝင် ၄ ဦးကတော့ ထောင်ဒဏ် ၄ လချတယ်၊ လယ်သမားတွေကျတော့ ဒဏ်ငွေ တစ်ယောက် ၂ဝဝဝဝ ပါ၊ အဲ့လို ထောင်ချနေရုံနဲ့ ကျနော်တို့က နောက်ဆုတ်သွားမှာမဟုတ်ဘူး၊ လယ်သမားတွေကလည်း အဲ့ဒီင်္အတိုင်းပဲ ပိုပြီးတော့ထကြွလာမှာပဲရှိတယ်၊ ထောင်ကျရုံနဲ့ အမှုကိစ္စတွေ ပြီးဆုံးသွားမယ်ဆိုရင်တော့ တစ်နိုင်ငံလုံးထောင်ချမှသာ အေးချမ်းသွားမှာ ထောင်မချပဲနဲ့ အဲ့ဒါတွေကို ဘယ်လိုဖြေရှင်းမလဲဆိုတာပဲ အစိုးရ စဉ်းစားပေးပါလို့ ကျနော်တို့က တောင်းဆိုတာ"

လွန်ခဲ့တဲ့ ၁၉၈၆ ခုနှစ်လောက်စပြီး စစ်တပ်၊ ဆည်မြောင်းဦးစီးဌာနနဲ့ ကုမ္ပဏီတွေက ဘားအံနဲ့ လှိုင်းဘွဲ့မြို့နယ်တွေက ထီလုံ၊ ရွှေချိုင်ကလေး၊ ဈေးမသွယ်၊ ထားဝယ်အံ၊ လက္ခဏ၊ တောင်သူကုန်း၊ လှာကမြင် စတဲ့ကျေးရွာ ၁၁ ရွာကလယ်ယာမြေဧက ၅ဝဝဝ နီးပါးကို သိမ်းဆည်းခဲ့တာလို့ တောင်သူတွေက ဆိုပါတယ်။

အဲ့ဒီ လယ်ယာမြေတွေကို ပြန်ပေးဖို့ ၈၈ ကရင်မျိုးဆက် ကျောင်းသားများအစည်းအရုံး အဖွဲ့ဝင်တွေနဲ့ လယ်သမား ၂ဝဝ လောက်က သြဂုတ်လ ၂၅ ရက်နေ့က ဆန္ဒပြ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment