“ကောင်လေးက ငယ်ငယ်လေးပဲရှိသေးတယ်။ရုပ်ကမင်းသားချောပဲ၊တကယ်မထင်ရဘူး။ဝယ်မလိုလိုနဲ့ ဆိုင်ထဲမှာ အစ်မ ဖုန်းဆက်နေတုန်းရှိသေးတယ်။အစ်မတို့ဆိုင်က ကောင်းမလေးလက်ထဲက ရွှေဆွဲကြိုးနှစ်ကုံးကိုအတင်းလုပြီးထွက်ပြေးတာ။”ဟု တိုင်အုန်ရွှေဆိုင်မှ ပိုင်ရှင်အမျိုးသမီးကပြောသည်။
အောက်တိုဘာ ၁၃ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် အသက် ၂၀ ၀န်းကျင်ရှိ အမျိုးသားတစ်ဦးသည် ၂၂ လမ်း(အလယ်ဘလောက်)ရှိ တိုင်အုန်ရွှေဆိုင်သို့ ရောက်ရှိလာပြီး ၀ယ်ယူရန် ရွှေထည်များပြခိုင်းကာ ဆိုင်ရှင်အလစ်တွင် အရောင်းဝန်ထမ်းလက်ထဲမှ လုယက်ထွက်ပြေးသွားခြင်းဖြစ်သည်။
“အခင်းဖြစ်တဲ့အချိန်မှာ ပြည်သူတွေနဲ့ရဲတပ်ဖွဲ့တွေ ၀ိုင်းဝန်ဖမ်းဆီးလိုက်နိုင်တဲ့အတွက် ရွှေထည်ပစ္စည်းတွေကိုလည်းပြန်ရပါတယ်။အခုလက်ရှိသူ့ကို အရင်နာမည်ရှိပြီးသား လူဆိုးအဖွဲ့တွေနဲ့အချိတ်အဆက် ရှိ၊မရှိကိုစစ်ဆေးနေပါတယ်။”ဟု အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီးဝင်းကြည်က ဆိုသည်။
အဆိုပါရွှေထည်ပစ္စည်းများကို လုယက်ထွက်ပြေးသွားသည့် လူငယ်အား လသာ ရဲစခန်းတွင်(ပ)၃၆၄/၁၄ ၊ပြစ်မှုပုဒ်မ ၃၈၀ ဖြင့် လသာရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်းသိရသည်။
“အခုရွှေထည်ပစ္စည်းတွေကို အကုန်ပြန်ရတယ်။ဒီနားကလူတွေဝိုင်းဖမ်းပေးလို့ ဒါပေမဲ့ ရွှေထည်ပစ္စည်းတွေကအခုလောလောဆယ်မှာ ရဲတပ်ဖွဲ့က အမှုအတွက်ခဏသိမ်းယူထားပါတယ်။ ကောင်လေးကို အမှုလည်းမဖွင့်ဘူး။ဒါပေမဲ့လသာ ရဲစခန်းကတော့ အခုမဖွင့်ရင် နောက်တစ်ခါ ထပ်ဖြစ်နိုင်တယ်ဆိုပြီး အမှုဖွင့်ထားတယ်။ ကောင်လေးက တကယ်မထင်ရဘူး။ ရုပ်ရည်သန့်သန့်လေးပါ။”ဟု အဆိုပါ ရွှေဆိုင်မှ ဆိုင်ပိုင်ရှင်အမျိုးသမီးကဆိုသည်။
အဆိုပါ တိုင်အုန်ရွှေဆိုင်တွင် ယခုကဲ့သို့ လုယက်မှုဖြစ်ပွားခဲ့ခြင်းသည်ပထမ အကြိမ်မဟုတ်ဘဲ၊၂၀၁၃ ခုနှစ်၌ ၁၀ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ဖူးကြောင်းလည်း ၎င်းမှဆက်လက်ပြောကြားခဲ့သည်။

No comments:
Post a Comment