ရန်ကုန်၊ အောက်တိုဘာ ၂၄
၁၄.၁၀.၂၀၁၄ ရက်နေ့ ၀၉၀၀ အချိန်တွင် မကွေးတိုင်း ဒေသကြီး၊ ဂန့်ဂေါ မြို့နယ်နေ ဦးကျော်ဝင်းထံသို့ ဦးဝင်းမင်းထွန်းဆိုသူမှ ဖုန်းဖြင့် ဆက်သွယ်လာပြီး အမြတ်ခွန် မဲပေါက်၍ ငွေကျပ်သိန်း(၁၃၀၀) ရရှိမည်ဖြစ်ကြောင်း၊ အမြတ်ခွန်အဖြစ် ငွေကျပ်(၅၂)သိန်း ပေးဆောင်ရမည် ဖြစ်ကြောင်းတို့ကို ပြောခဲ့သဖြင့် ဦးကျော်ဝင်းမှ ငွေကျပ်(၁၂)သိန်းသာ တတ်နိုင်ကြောင်းပြောရာ အဆိုပါငွေအား ထွန်းထွန်းစိုး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အမည်ဖြင့် ရန်ကုန်၊ မင်္ဂလာဈေးရှိ ရိုးမဘဏ်သို့လွှဲပို့ပေးရန် ပြောဆိုခဲ့ သဖြင့် ငွေကျပ်(၁၂)သိန်းအား ကလေးမြို့၊ ရိုးမဘဏ်မှတစ်ဆင့် လွှဲပို့ပေးခဲ့ကြောင်း၊ ယင်းနောက် လိမ်လည်ခံရသည်ကို သိရှိရ၍ စုံစမ်းအရေးယူပေးပါရန် ဂန့်ဂေါမြို့နယ်၊ ကန်နယ်မြေရဲစခန်းတွင် တိုင်တန်းခဲ့သဖြင့် (ပ)၄၀/၂၀၁၄၊ ပြစ်မှုပုဒ်မ-၄၂၀ ဖြင့် အမှုဖွင့်လှစ်စုံစမ်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါအမှုနှင့် ပတ်သက်၍ မကွေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့သို့ ပြစ်မှုကျူးလွန်သူကို ကူညီစုံစမ်း ဖမ်းဆီးပေးရန် ဆက်သွယ် အကူအညီတောင်းခံလာခဲ့ပါသည်။
အဆိုပါအမှုမှပြစ်မှုကျူးလွန်သူအား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ အုပ်ချုပ်မှု တပ်ခွဲ၊ မှုခင်းအကူဌာနစုမှတပ်ဖွဲ့ဝင်များက စုံစမ်းဆောင်ရွက်ခဲ့ရာ လွှဲပို့သောငွေအား ရိုးမဘဏ်တွင် ထုတ်ယူသွားသူမှာ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၆)ရပ်ကွက်နေ ဆိုက္ကားနင်းသူ ဘစီ(ခ) ထွန်းထွန်းစိုးဖြစ်ကြောင်း စုံစမ်းရရှိသဖြင့် ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ၁၉.၁၀.၂၀၁၄ ရက်နေ့တွင် (၄၆)ရပ်ကွက်အတွင်းရှိ ဆိုက္ကားဂိတ်မှ ဖမ်းဆီး ရမိခဲ့ပါသည်။
၎င်းအားစစ်မေးရာ ၁၄.၁၀.၂၀၁၄ ရက်နေ့တွင် ခင်မင်ရင်းနှီးသူ ကျွဲကြီး(ခ) အောင်ကျော်ဇောမှ မင်္ဂလာဈေးရှိ ရိုးမဘဏ်တွင် ငွေထုတ်ပေးရန်ပြောသဖြင့် မှတ်ပုံတင်ယူဆောင်ကာ ကျွဲကြီး(ခ) အောင်ကျော်ဇောနှင့်အတူ သွားရောက်ခဲ့ပြီး ကလေးမြို့ရိုးမဘဏ်မှ ဦးကျော်ဝင်းအမည်ဖြင့်ပေးပို့သော ငွေကျပ်(၁၂)သိန်းကို ထုတ်ယူခဲ့ပြီး ကျွဲကြီး(ခ)အောင်ကျော်ဇောမှ ၎င်းအား ငွေကျပ်(၉၀၀၀)ပေးခဲ့ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။
အမှုမှပြစ်မှုကျူးလွန်သူ ကျွဲကြီး(ခ)အောင်ကျော်ဇောအား ဖမ်းဆီးရမိရေး ဆက်လက်စုံစမ်းဆောင်ရွက် လျက်ရှိပြီး ဖမ်းဆီးရမိထားသူ ဘစီ(ခ) ထွန်းထွန်းစိုးအား ဂန့်ဂေါမြို့နယ်၊ ကန်နယ်မြေရဲစခန်းသို့ လွှဲပြောင်းအပ်နှံရန် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

No comments:
Post a Comment