စက်တင်ဘာ ၃၀ ရက်က ကျိုက်မရောမြို့ စက်လှေဆိပ်မှာ အ၀င်အထွက် စစ်ဆေးစဉ် ရေစိုပြီး ရွှံ့ဗွက်တွေ ပေကျံနေတဲ့ သတင်းထောက် ကိုပါကြီးကို မသင်္ကာလို့ ဖမ်းဆီးခဲ့ကြောင်း၊ အမှတ် ၂၀၈ ခြေမြန် တပ်ရင်းကို လွှဲပြောင်း စစ်ဆေးရာမှာ KKO လက်နက်ကိုင် အဖွဲ့ရဲ့ ပြန်ကြာရေး တာဝန်ခံ ဗိုလ်ကြီး အဆင့်ရှိ အောင်နိုင် အဖြစ် စစ်ဆေး သိရှိရကြောင်း အဲဒီ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါကြောင့် ကျိုက်မရောမြို့ တိုက်ပွဲမှာ KKO အဖွဲ့က သိမ်းဆည်းသွားတဲ့ လက်နက်တွေ ၀ှက်ထားရာ နေရာကို လိုက်ပြဖို့အတွက် ရွှေဝါချောင်း ကျေးရွာအနီး ရောက်ရှိ ရပ်နားစဉ် ကိုပါကြီးက အစောင့် စစ်သည်ကို လုံးထွေးပြီး သေနတ် လုယူ ထွက်ပြေးဖို့ ကြိုးစားကြောင်း၊ ဒါကြောင့် အစောင့် စစ်သားက ပစ်ခတ် ဖမ်းဆီးရာမှာ သေနတ် ဒဏ်ရာကြောင့် အသေဖမ်းဆီးရမိခဲ့ကြောင်း ကာကွယ်ရေး ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အလွတ်သတင်းထောက် ကိုပါကြီး ပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး သူ့ရဲ့ ဇနီး မသန္တာက ပြီးခဲ့တဲ့ရက်က သတင်းမီဒီယာတွေနဲ့ တွေ့ဆုံရာမှာ ကိုပါကြီးဟာ အစိုးရတပ်နဲ့ DKBA တို့ရဲ့ စစ်ရေး သတင်း ဓာတ်ပုံတွေ ရရှိဖို့ မွန်ပြည်နယ်ကို သွားရောက်စဉ် ဥပဒေမဲ့ မတရား ဖမ်းဆီးခံခဲ့ရကြောင်း၊ ဒီလို မတရားဖမ်းဆီး ချုပ်နှောင်မှုနဲ့ ပတ်သက်ပြီး သမ္မတ အပါအဝင် ဝန်ကြီးဌာန ၁၉ ခုကို စာတင်ထားကြောင်း ပြောခဲ့ပါတယ်။


No comments:
Post a Comment