အစိုးရစစ်တပ်နဲ့ ကေအဲန်ယူတို့ အပစ်ခတ်ရပ်စဲပြီးနောက်ပိုင်း တနင်္သာရီတိုင်းကို ဝင်ရောက်လာတဲ့ စီမံကိန်းတွေကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးတာတွေ ရှိလာတဲ့အတွက် အခုလိုကြေညာချက် ထုတ်ပြန်တောင်းဆိုရတာဖြစ်တယ်လို့ ထားဝယ်မြို့အခြေစိုက် တာကပေါလူမှုအဖွဲ့က မနော်လောရာက ပြောပါတယ်။
"အထူးသဖြင့် သဘာဝပတ်ဝန်းကျင် ထိခိုက်တဲ့အရာတွေပေါ့နော်၊ စစ်ကြောင့်မပျက်စီးပေမယ့်လည်း အခုအချိန်မှာက ကုမ္ပဏီအရင်းရှင်တွေကြောင့် ပျက်စီးသွားတဲ့နေရာတွေ ရှိတယ်ပေါ့နော်၊ ကျမတို့ လူမှုဘဝအနေနဲ့ကတော့ သူတို့မှီခိုနေရတဲ့ ချောင်းတွေက မကြည်လင်တော့ဘူးလေ"
အစိုးရနဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေ ငြိမ်းချမ်းရေးဆွေးနွေးနေပေမယ့် ဒေသခံတိုင်းရင်းသားတွေမှာ လူမှုဘဝထိခိုက်ပျက်စီးမှု၊ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးမှုတွေကို ရင်ဆိုင်ကြုံတွေ့နေရတဲ့အတွက် အဲဒီအခက်အခဲတွေကို ဖြေရှင်းပေးဖို့နဲ့ ငြိမ်းချမ်းရေးရရှိပြီး နောက်ပိုင်းကာလမှာမှ ဒေသခံတွေရဲ့ သဘောထားကို ကောက်ခံပြီး စီမံကိန်းတွေကို ပြန်လည်လုပ်ကိုင်ဖို့ အဲဒီ ကြေညာချက်မှာ ပါရှိပါတယ်။
အဲဒီကြေညာချက်ကို ထားဝယ်မြို့အခြေစိုက် ထားဝယ်ဖံွ့ဖြိုးမှုအဖွဲ့၊ တာကပေါလူမှုအဖွဲ့ အပါအဝင် အဖွဲ့အစည်း ၅ ဖွဲ့က ဒေသခံတွေရဲ့ သဘောထားကောက်ခံပြီး ထုတ်ပြန်တာဖြစ်ပါတယ်။

No comments:
Post a Comment