“ ကြွတယ် ”
“ လှမ်းတယ် ”
“ ချတယ် ”
ထီးကလေးကို လက်မှာပိုက်ထားတဲ့
မြတ်ပန်းနွယ်တစ်ယောက် ခြေလှမ်းတိုင်းကို ပစ္စုပ္ပာန်ကျကျ မှတ်နိုင်အောင် ကြိုးစားရင်း
ခြေတစ်လှမ်းကုဋေတစ်သန်းဟန်နဲ့ ဆွမ်းစားဆောင်ဖက်ကို လျှောက်လာတယ်။ မြတ်ပန်းနွယ်ရဲ့
ရှေ့မှာရော နောက်မှာပါ တရားမှတ်ရင်း ဆွမ်းစားဆောင်ဖက်ကို ကြွနေကြတဲ့ ယောဂီတွေ။
“ လှမ်းတယ် ”
“ ချတယ် ”
ခြေလှမ်းကလေးကို မှတ်နေရင်းက
မြေပြင်ပေါ်ကို ကျလာတဲ့ မိုးပေါက်ကလေးကို မြင်လိုက်တော့ မြတ်ပန်းနွယ် ရင်ထဲမှာ ဖျတ်ခနဲ
လက်သွားတယ်။ တကယ်ဆို မြင်ရင် မြင်တယ် မှတ်ရမှာပဲ။ ဟင့်အင်း။ မိုးပေါက်ကလေးကိုမြင်လိုက်ရတော့
သိပ်ကို ပျော်သွားခဲ့တယ်။ မိုးရေချိုးရတာ၊ မိုးရေထဲမှာ လမ်းလျှောက်ရတာကို ငယ်ငယ်လေးကတည်းက
သိပ်ပြီး နှစ်သက်ခဲ့လို့ ထင်တယ်။ အခုလို တရားစခန်းမှာ လူပင်ပန်းနွမ်းနယ်နေချိန် မိုးရွာလာခဲ့တော့
အားတွေ ရုတ်တရက် ပြည့်သွားသလိုလို ခံစားလိုက်ရပြီး ရင်တွေလည်း ခုန်လို့။
စက္ကန့်ပိုင်းလေးအတွင်းမှာပဲ
မိုးပေါက်ကလေးတွေက တဖြောက်ဖြောက်ကျရာကနေ စိပ် စိပ် ကလေး ကျလာပြီး ဝေါခနဲ ရွာချတယ်။
မြတ်ပန်းနွယ်လည်း ပျော်ပျော်ရွှင်ရွှင်ကြီး ထီးဖွင့်ဆောင်းရင်း ငါကွ၊ တရားစခန်းဝင်တာတောင်
မိုးရေထဲမှာ လမ်းလျှောက်ခွင့်ရတယ် လို့ စိတ်ထဲမှာ ကြွေးကြော်နေမိတယ်။ ကျန်တဲ့ ယောဂီတွေလည်း
အကုန် လှုပ်လှုပ်ရှားရှားနဲ့ ဝရုန်းသုန်းကား ဖြစ်ကုန်ကြတာပေါ့။ ထီးမပါတဲ့ ယောဂီတွေကို
ထီးပါတဲ့ သူတွေက ပြေးဆောင်းပေးလို့ဆောင်းပေး၊ ထီးပါတဲ့ ယောဂီတွေဆီ ထီးမပါတဲ့ သူတွေက
ပြေးဝင်လို့ဝင်လာနဲ့။ မြတ်ပန်းနွယ်လည်း မျက်နှာကြီး ဖြီးနေတာကို မတည်နိုင်ဘဲ၊ တည်ဖို့လည်း
မကြိုးစားဘဲ ရှေ့နားက အန်တီကြီးကို ထီးပြေးဆောင်းပေးလိုက်တယ်။
ကျေးဇူးပါ သမီးရယ်လို့ ဆိုလာတော့
ခေါင်းကလေး အသာညိတ်ပြီး မိုးအရသာမှာ အပြတ်အသတ် ခံစားပျော်ဝင်ပစ်တာပေါ့။
ဆွမ်းစားဆောင်နားရောက်တော့မှပဲ
မျက်နှာကြီးဖြီးပြီး ပြုံးပျော်နေတဲ့ ကိုယ့်ကိုတွေ့ရင် ဆွမ်းအလှူရှင်တွေ သဒ္ဓါတရား ပျက်မှာစိုးလို့
မနည်းကြီးကို အိနြေ္ဒဆည်ပြီး တည်တည်တံ့တံ့ အမှတ်ကလေးနဲ့
နေလိုက်ရတယ်။
ထမင်းပန်းကန်တွေ ဝေတဲ့နားရောက်တော့
လက်ထဲ လာထည့်ပေးတဲ့ ပန်းကန်လေးကို အမှတ်ကလေးနဲ့ ဖြေးဖြေးလေး ယူပြီး ဟင်းတွေထည့်ထားတဲ့
လင်ဗန်းတွေနား သွားတာပေါ့။ အဲဒီဖက်ကို သွားတဲ့ လမ်းကလေးကို ချိုးအကွေ့ ပန်းကန်ထဲကို
မိုးရေစက်ကလေး နှစ်စက်သုံးစက်က လွင့်ကျလာပါရော။
မိုးရေပေါက်ကလေးတွေ ထမင်းပန်းကန်းလေးထဲကို
ပေါက်ကနဲ ပေါက်ကနဲ ကျလာပုံလေးက ကျွန်မစိတ်ထဲမှာ ကဗျာဆန်လိုက်တာလေ။ သေသေချာချာကို မြင်လိုက်ရတာ
မိုးစက်ကလေး သုံးစက်ထဲပါပဲ။ ဒါပေမယ့် အဲဒီ မိုးစက်ကလေး သုံးစက်က မနည်းကြီး ဆောက်တည်နေရတဲ့
အိနြေ္ဒကို ယိုင်နှဲ့ပစ်လိုက်တယ်။ စိတ်ထဲမှာလည်း
ဒါကို မိုးရေစိုတဲ့နေ့လည်စာလို့ ဖြစ်ဖြစ် မိုးစက်လေးတွေကြားက ထမင်းတစ်နပ်လို့ဖြစ်ဖြစ်
ခေါင်းစဉ်ကလေးတတ်ပြီး စာကလေးတစ်ပုဒ် ဖျစ်ညှစ်ရေးရ မကောင်းရှိရော့မယ်ဆိုပြီး ဘလော့ကာ
ပီပီ လျှောက်တွေးတာပေါ့။
ဘယ်လောက်များ အတွေးတွေ လွန်လည်း
ဆိုရင်လေ ဟင်းတွေ ပန်းကန်ထဲ ထည့်ပြီး ထမင်းဝိုင်းနား လျှောက်လာချိန် ကျွန်မ စိတ်မှာ
တတွတ်တွတ် မှတ်မိနေတာက
“ မိုးတယ် ”
“ ရွာတယ် ”
“ စိုတယ် ” တဲ့။
“ သေဟ မြတ်ပန်းနွယ်”
၁။
တရားစခန်း ဒုတိယည။
ဖျတ်ခနဲ တရေးနိုးလာတာမို့ ဘယ်အချိန် ရှိပြီလဲ သိချင်တာနဲ့ နာရီချိတ်ထားတဲ့ ဝင်ပေါက်ဆီ ခြေဖွပြီး လျှောက်သွားလိုက်တယ်။
တရားစခန်းမဝင်ဘူးလေတော့ လက်ပတ်နာရီ
ပတ်လို့ရတယ် မရဘူး ဆိုတာတွေလည်း မသိရှာတဲ့ မြတ်ပန်းနွယ်မှာ
နာရီယူမလာခဲ့မိဘူးပေါ့။ ဒါကြောင့် နာရီကြည့်ချင်တိုင်း ဒီဝင်ပေါက်က
နာရီကြီးဆီကိုပဲ သွားသွားကြည့်ရတယ်။
အခုလည်း အဆောင်ထဲမှာ မီးတွေ
ပိတ်ထားတယ်ဆိုပေမယ့် အဆောင်ပတ်လည်ကို အပြင်ဖက်က ထွန်းထားတဲ့မီးက
အိပ်ဆောင်ထဲထိ ဖြာနေတာမို့ အိပ်ဆောင်တစ်ခုလုံးကို လင်းလင်းရှင်းရှင်း
မဟုတ်တဲ့တိုင်အောင် မြင်တော့ မြင်နေရသေးတယ်။
“ ၁၂နာရီခွဲ။ ”
အစောကြီးပဲရှိသေးတာမို့ အိပ်ရာထက်
ပြန်လှဲလိုက်တယ်။ အိပ်ပျော်အောင် ကြိုးစားနေချိန်မှာပဲ ဘယ်ဖက်ဘေးကုတင်က
အန်တီကြီးတစ်ယောက်ရဲ့ ဟောက်သံက ကျယ်သထက် ကျယ်လောင်လာခဲ့တယ်။
“ ခလူး ခလော ခလူး ခလော ”
လက်နဲ့ နားကို ဘယ်လိုပိတ်ပိတ်
ဟောက်သံကျယ်ကြီးက အဆက်မပြတ် နှိပ်စက်မြဲ နှိပ်စက်တယ်။ ငါ့နှယ်နော်.. နားထဲ
ဆို့ထားရအောင်မှ ဂွမ်းက မရှိ။ စိတ်တိုချင်သလိုလို ဖြစ်လာတယ်။
မဖြစ်ဘူး။ မဖြစ်ဘူး။ စိတ်တိုနေလို့
မဖြစ်ဘူး။ ကုသိုလ်ရချင်လို့ လာတာ။ အကုသိုလ် မဖြစ်စေနဲ့လို့ ကိုယ့်ကိုယ်ကို
သတိပေးရင်း ဟောက်သံကြီးကိုပဲ ကြားတယ် ကြားတယ် မှတ်ပြီး အိပ်ပျော်အောင်
ကြိုးစားရတော့တယ်။
၂။
“ အဟွတ် ဟွတ် .. အဟွတ် အဟွတ် ”
ချောင်းဆိုးသံကြီးကြောင့်
လန့်နိုးလာခဲ့တယ်။ အဲဒီ အန်တီကြီးပဲ။ တခြားသူတွေ မနိုးပုံထောက်တော့
ကျွန်မပဲ အအိပ်ဆတ်တာ နေမှာပါလေဆိုပြီး ဒေါသစိတ်မဖြစ်အောင် သတိထားလိုက်တယ်။
နောက်တော့ နာရီကို ထကြည့်တော့ တစ်နာရီခွဲကာစ။ အစောကြီး ရှိသေးပါလားနော်။
ကုတင်ပေါ်ကို စိတ်ပျက်လက်ပျက် ပြန်တက်လိုက်ရတယ်။
“ ခူး .. ခလော ခလော.. ခလူးး ခေါ ခေါ .. ”
ဘယ်လို အန်တီကြီးလဲ။ အခုပဲ ချောင်းဆိုး။ အခုပဲ ဟောက်။ သူမို့ တတ်နိုင်တယ်။
ဒါနပြုတယ်ဆိုတာ ပိုက်ဆံကုန်သေးတယ်။
ခန္တီစိတ်ဆိုတာက တစ်ပြားမှလည်း မကုန်ဘူး။ သူများပေးမှလည်းရတာ။ သည်းခံ
သည်းခံလို့ ကိုယ့်ကိုယ်ကို ဆုံးမရင်း သူ့ဟောက်သံကြီးကိုပဲ တရားမှတ်ပြီး
အိပ်ပျော်အောင် ထပ်ကြိုးစားရတော့တာပေါ့။
၃။
“ ဘူ… ဘု ဘု ”
ဘာသံကြီးလဲဆိုပြီး ကျွန်မ ဖျတ်ခနဲ
လန့်နိုးသွားတယ်။ စောစောက အန်တီကြီး အီးပေါက်တာပါလား။ ကျွန်မ ကံဆိုးပုံများ
သူ့ဖက်မှာမှ မျက်နှာကြီးလှည့်ပြီး အိပ်ပျော်သွားမိတယ်လို့နော်။ နောက်ဆုံး
အီးတစ်ချက် ထပ် ပေါက်လိုက်တော့ သူ့ဖင်ကလေးတွန့်သွားတာတောင်
မြင်လိုက်ရသေးတယ်။ အီးနံ့ ရှုမိမှာ စိုးတာနဲ့ မြန်မြန်ထပြီး နာရီ
သွားကြည့်တော့ ၂နာရီခွဲလုလု။
နင်ကိုက အအိပ်ဆတ်လွန်းတယ်။ နင်ကိုက မဟုတ်တာ။
ကိုယ့်ကိုယ်ကို အပြစ်တင်ရင်း
ကုတင်ပေါ် ပြန်လှဲချလိုက်တယ်။ ၂နာရီခွဲဆိုတာ ထဖို့ သိပ်ကို စောနေသေးတယ်။
ပြီးတော့ တစ်ညလုံး နိုးလိုက် အိပ်လိုက်နဲ့ အိပ်ချိန်အားလုံးပေါင်းတောင်
၂နာရီပြည့်ရဲ့လား မသေချာ။
သူကတော့ ဟောက်မြဲဟောက်ပြီး အိပ်နေလိုက်တာများ။
သူ့ခမျာ တနေကုန် တရားထိုင်ထားတာ
ပင်ပန်းလွန်းလို့ ဟောက်တာ ဖြစ်မှာပါလေလို့ နှလုံးသွင်းနေပေမယ့် ကျွန်မမှာ
ဒေါသစိတ်တွေက အလိပ်လိုက် အလိပ်လိုက်တတ်လာခဲ့တယ်။
ကျွန်မ စိတ်တိုလေလေ၊ သူ့
ဟောက်သံကြီးက ကျယ်လာလေလေ။ ကျွန်မမှာ သူ့နှာခေါင်းကို ထပြီး လက်နဲ့
ညှစ်ပစ်ချင်စိတ်တွေက တဖွားဖွား။ ကြားတယ် ကြားတယ်လည်း မမှတ်ချင်တော့ဘူး။
ဘယ်လိုလုပ်လုပ် အိပ်ပျော်မှာ မဟုတ်တော့တဲ့အတူတူ စောစောစီးစီး အဝတ်လေ
ျှာ်၊ရေချိုးတာက ကောင်းဦးမယ်ဆိုပြီး ရေချိုးခန်းဖက် ထွက်လာရတော့တယ်။
ရေချိုးပြီးတော့
ပြန်လည်းမအိပ်ချင်၊ ကုတင်ပေါ်မှာလည်း ငုတ်တုတ်ထိုင်မနေချင်တာနဲ့
အိပ်ဆောင်အပြင်ဖက်မှာ စင်္ကြန်ထွက်လျှောက်နေလိုက်တာပေါ့။
လေးနာရီထိုးလို့ ယောဂီတွေကို
နှိုးတဲ့ ကြေးစည်သံကို ကြားတော့မှ တရားထိုင်တဲ့ အဆောင်ဖက်ကို သွားဖို့
ကုတင်ပေါ်က ယောဂီတဘက်လေး သွားယူလိုက်တယ်။
ကုတင်နားရောက်တော့ ဟိုကျေးဇူးရှင်အန်တီကြီးလည်း နိုးနေပြီ။ ကုတင်ပေါ်မှာ ဒူးကြီးနှစ်ချောင်းထောင်ပြီး အိပ်မှုန်စုံဖွားနဲ့ ထိုင်နေတယ်။
တဘက်လေး ယူပြီး အလှည့်၊ သူကလည်း ကုတင်ပေါ်က အဆင်း။ သူ ယိုင်ခနဲ ဖြစ်သွားတာကို မြင်လိုက်တာမို့ အမြန် လှမ်းထိန်း ပေးလိုက်ရတယ်။
“ ကျွတ် ကျွတ်စ် .. လဲပြီအောက်မေ့တာ ..
ကျေးဇူး သမီးရယ် ”
ကျွန်မ ပြုံးပြလိုက်တယ်။ ကျွန်မ အပြုံးတွေ အသက်ပါရဲ့လားတော့ မသိဘူး။
“ အန်တီ့မှာ မူးနေတာလေ .. ”
ဘယ်နှယ့်တော်။ တစ်ညလုံး သူ့ကြောင့်
အိပ်မပျော်တဲ့ ငါက မမူးရဘူး။ သူကပဲ မူးနေရတာ ရှိသေး။ စိတ်ထဲမှာ
တော်တော်လေးကို မကျေမနပ် ဖြစ်သွားတယ်။ စောစောစီးစီး အကုသိုလ်တွေ
ဆက်တိုက်များနေရပါလား။ ဘာမှ ပြန်ပြောချင်စိတ် မရှိတာနဲ့ ခေါင်းကိုပဲ
ခပ်သွက်သွက် ငြိမ့်ပြလိုက်တယ်။
“ ညက တစ်ညလုံး အိပ်မပျော်လို့လေ။ ”
“ “ ဟင် .. ” ”
ဟင်ဆိုတဲ့ အသံကြီးက မြတ်ပန်းနွယ် စိတ်ထဲမှာ အကျယ်ကြီး ထွက်ပေါ်လာတယ်။ ရင်ထဲမှာတောင် ဟင် ဟင် ဟင် ဟင် ဆိုပြီး ပဲ့တင်ထပ်သွားသလိုပဲ။
သူ့စကားကြောင့် ကျွန်မမှာ ပါးစပ်အဟောင်းသား ဖြစ်သွားရတယ်။ သူကတော့ ခပ်တည်တည်နဲ့ ဆက်ပြောတယ်။
“ ဟုတ်တယ် သမီးရယ်။ တနေကုန် တရားထိုင်ထားတော့ ခြေတွေလက်တွေက ညောင်းညာ ကိုက်ခဲနေတာ မဟုတ်လား။ ဘယ်လိုမှ အိပ်မပျော်ပါဘူး သမီးရယ် .. ”
ပြောပြောဆိုဆိုနဲ့ သူက
တဘက်ကလေးဆွဲပြီး ရေချိုးခန်းဖက် ထွက်သွားတယ်။ မြတ်ပန်းနွယ်မှာတော့ ရပ်နေဆဲ
နေရာလေးမှာ ကြက်သေလေးသေလို့။ ပြီးတော့ သူဖင်ကလေးတွန့်ပြီး
အီးပေါက်နေတာကိုပဲ မြင်ယောင်မိနေသလိုလို၊ သူ့ဟောက်သံကြီးကိုပဲ
ပြန်ကြားနေမိသလိုလိုနဲ့ ကုတင်ပေါ်မှာ စိတ်ပျက်လက်ပျက်
ထိုင်ချလိုက်မိပါတော့တယ်။
“ ဟဲ့ ပလုတ်တုတ် ”
“ သမီး သမီး.. ညက ၂ချက်ခွဲလောက်ကြီး
ရေထချိုးတာ သမီးမဟုတ်လား။ ”
နေ့လည်စာစားအပြီး ဆွမ်းစားဆောင်ကနေ
အိပ်ခန်းဆောင်ကိုရောက်တော့ ကုတင်လေးပေါ် ခဏလှဲဦးမှဆိုပြီး ဝင်အထိုင်မှာ ညာဖက်ဘေးကုတင်က
အန်တီကြီးက စကားလာပြောတယ်။ စကားပြန်ပြောလို့ တစ်ယောက်ယောက်မြင်သွားရင် မြတ်ပန်းနွယ်က
စည်းကမ်းမလိုက်နာဘူးဆိုတာ လူသိမယ်လေ။ ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်း စိတ်ထဲမှာ မိုးရွာလို့ပဲ
ပျော်ပျော်၊ သီချင်းပဲ ဆိုဆို လူသိတာမှ မဟုတ်တာပဲ။ ကိုယ့်မှာ တရားစခန်းရောက်တာမှ ၃ရက်မြောက်ပဲ
ရှိသေးတယ် မဟုတ်လား။ လူသိရှင်ကြား စည်းကမ်းဖောက်ရမှာ မရဲသေးတာနဲ့ အသာလေး ခေါင်းငြိမ့်ပြလိုက်တယ်။
“ သမီးရေချိုးနေတုန်းပေါ့။
အန်တီ အပေါ့သွားချင်တာနဲ့ နိုးလာတယ်။ အဲတာ ဘေးမှာ သမီးလည်း မရှိ၊ ရေချိုးခန်းဖက်မှာလည်း
ရေချိုးနေသံကြားတော့ သမီးရေချိုးနေတာပဲ ဆိုပြီး စိတ်ဖြေတွေးရင်း ကြောက် ကြောက် ကြောက်
ကြောက်နဲ့ အိမ်သာဖက်ကို ထွက်လာခဲ့တယ်။ ”
သူက တရစပ် ပြောနေတယ်။ ကျွန်မလည်း
သူပြောနေတာကို ကြားတယ်၊ ကြားတယ်လို့ စိတ်မှာမှတ်ရင်း နားထောင်နေရတာပေါ့။
“ အန်တီက သရဲ တအားကြောက်တတ်တာလေ။
ဒီကျွန်းကလည်း သိပ်ကြမ်းတယ်လို့ နာမည်ကြီးတယ် မဟုတ်လား။ ”
ကျွန်မ
ပြုံးပြီးခေါင်းငြိမ့်ပြလိုက်တယ်။
စိတ်ထဲမှာတော့ ဟိဟိ တရားစခန်းလာတာတောင် သရဲကကြောက်နေသေးတယ်။
ဘယ်လိုကြီးပါလိမ့် ပေါ့။ ကြားတယ် ကြားတယ် မှတ်နေရဲ့သားနဲ့တောင်
သူတစ်ပါးကို
ကဲ့ရဲ့စိတ်တွေ ဝင်လာပုံက အဲလို။
“ အဲတာ ရေချိုးခန်းထဲမှာ
သမီး ရှိတယ်လို့ အန်တီ့ကိုအန်တီ အားပေးပြီး
အိမ်သာသွားတာပေါ့။ ”
“ ဟိုရောက်တော့ သမီးရယ်..
အပေါ့သွားနေတုန်းလေ ဘေးအိမ်သာခန်းထဲကနေ ရေဆွဲချသံကြီးက ဝေါဆိုပြီး ထွက်လာပါရော။ ”
“ အန်တီ့မှာ အလန့်တကြားနဲ့
ထဘီမပြီး ပြေးရတာ .. ”
“ ကန်တော့ပါရဲ့သမီးရယ် ”
“ ဟိုလေေ_းတောင် မဆုံးလိုက်ဘူး
.. အဟဲဟဲ .. ”
“ အယ်.. ဟီး ဟီး ဟီး ..
”
ထဘီကြီးကို မကာ မကာနဲ့ အခုပဲ
သရဲနဲ့ တွေ့လာသလိုလို လုပ်ပြနေတဲ့ အန်တီကြီးရဲ့
စကားလည်း ဆုံးရော ကျွန်မမှာဘယ်လိုမှ စိတ်မထိန်းနိုင်တော့ဘဲ တဟီးဟီး ရယ်ချလိုက်မိတော့တယ်။
ကြားတယ် ကြားတယ် မှတ်နေရှာတဲ့ စိတ်ကလေးမှာလည်း အလန့်တကြားနဲ့ ထွက်ပြေးလွင့်စင်သွားရတော့တာပဲ။
အန်တီကြီးကလည်း မထားတဲ့ တဘီကို
မချသေးဘဲ တဟဲဟဲနဲ့ ဆက်ရယ်နေတယ်။ ကျွန်မကလည်း တဟီးဟီးနဲ့ ရယ်နေမိတာများ သွားသုံးဆယ့်နှစ်ချောင်းစလုံး
အအေးပတ်တော့မတတ်ပါပဲ။ ကိုယ့်ဘာသာ အာပြဲနဲ့ရယ်ပြီးမှ မလုံသလိုသလို ဖြစ်လာလို့ ဟိုသည်လှည့်ကြရတယ်။
အဆောင်ထဲက တချို့ယောဂီတွေက မြတ်ပန်းနွယ်တို့ကို ကွက်ကြည့် ကွက်ကြည့်။ တစွန်းတစ ကြားလိုက်ပုံရတဲ့
ယောဂီတစ်ချို့ကတော့ ပြုံးစိ ပြုံးစိ။
“ နောက်ဆို အန်တီကြောက်ရင်
သမီးကို နှိုးလေ။ သမီးက အအိပ်လည်း ဆတ်ပါတယ်။ ကြောက်လည်း မကြောက်တတ်ပါဘူး။ ”
သူ့တို့ဘာသာ ကြည့်ချင်ကြည့်၊
စိချင်စိ စကား ပြောလက်စနဲ့တော့ မထူးတော့ပါဘူးလေဆိုပြီး မ သဘောကောင်းကြီး လုပ်ပစ်လိုက်တယ်။
ပြီးတော့ အန်တီက ဘယ်သူလဲ၊ ဘယ်မှနေလဲ၊ သမီးကရော ဘယ်မှာနေလဲ ဘာညာဆိုပြီး အာလာပသလာပတွေနဲ့
လူမှုဆက်ဆံရေး ဘယ်လောက်တော်ကြောင်းတွေ ပြကြတာပေါ့။ စကားမပြောရတာ နှစ်ရက်ကျော်၊ သုံးရက်မြောက်ဖြစ်နေပြီမို့
တစ်သက်လုံး ပေါက်ပေါက်ဖောက်သလို စကားများလာတဲ့ ပါးစပ်ကလည်း သိပ်ယားနေပြီ မဟုတ်လား။
တချို့တချို့တွေလည်း မြတ်ပန်းနွယ်တို့ကို ကြည့်ပြီး မချင့်ရဲဖြစ်လာတယ် ထင်ပါရဲ့။ စကားဝိုင်းထဲ
ဝင်လာပြောကြတယ်။
ကျွန်မလည်း မကြောက်တတ်ဘူး။
ကျွန်မကို နှိုးချင်လည်း ရတယ် တို့။
အန်တီလည်း ကြောက်တတ်လို့
နှိုးမယ် တို့ ပေါ့။
ဘာနှိုးတာလဲ။ ဘာပြောတာလဲ ဘာပြောတာလဲ
ဆိုပြီး မကြားလိုက်ရတဲ့ ယောဂီတစ်ချို့က စပ်စုတာနဲ့ အန်တီကြီးကလည်း မမောနိုင် မပမ်းနိုင်ဘဲ
ထဘီကြီး မ ကာ မ ကာနဲ့ အစအဆုံး ပြန်ပြောတော့တာပေါ့။ အန်တီကြီးကို ပတ်လည်ဝိုင်းလို့ ယောဂီတွေက
စိတ်ဝင်တစား နားထောင်နေကြတယ်။
“ ဟိုရောက်တော့ပေါ့ကွယ်..
အပေါ့သွားနေတုန်းလေ ဘေးအိမ်သာခန်းထဲကနေ.. ”
သရဲကြောင်းက ကောင်းခန်းရောက်နေပြီဆိုတော့
နားထောင်နေတဲ့ ယောဂီတွေလည်း တုပ်တုပ်မှမလုပ်တော့ဘူးပေါ့။
“ ဒူ . . . . ”
အဲသည်မှာပဲ တရားထိုင်တဲ့
နေရာကို ပြန်လာဖို့ အချက်ပေးတဲ့ ကြေးစည်ထုသံက ထွက်လာပါရောလေ။ ကြေးစည်ထုသံလည်း ကြားလိုက်ရရော
ငြိမ်ပြီး နားထောင်နေတဲ့ ယောဂီတွေ ဆတ်ခနဲ တုန်တက်သွားပြီး ယောင်တဲ့သူကယောင်၊ လန့်အော်တဲ့သူက
အော်ပေါ့။
အာပေါင်ရင်းသန်သန်နဲ့ ပြောနေတဲ့
အန်တီကြီးခမျာ လန့်ဖျပ်သွားလိုက်ပြီး ယောင်လိုက်ပုံများ
No comments:
Post a Comment