Monday, October 6, 2014

ပုဇွန်တောင်ရေကျော် သီတင်းကျွတ်မီးထွန်း ပွဲတော်ကျင်းပ လာရောက် လည်ပတ်ကြ သူများနှင့် ဈေးဆိုင်ခန်းများ များပြား

နှစ်စဉ်ကျင်းပ ပြုလုပ်လျက်ရှိသည့် ပုဇွန်တောင်မြို့နယ် ရေကျော်လမ်းမအနီး သီတင်းကျွတ် မီးထွန်းပွဲတော်ကို အောက်တိုဘာ ၅ ရက်မှ ၁ဝ ရက်ထိ ကျင်းပပြုလုပ်မည် ဖြစ်သည်။ အဆိုပါ ပွဲတော်တွင် ဈေးဆိုင်ခန်းများ၊ လာရောက် လည်ပတ်ကြသူများ မိသားစုအလိုက်၊ အစုအဖွဲ့အလိုက် မီးထွန်းပွဲတော်၌ ပါဝင်ဆင်နွှဲကြသည်ကို တွေ့ရ သည်။

သီတင်းကျွတ်မီးထွန်းပွဲတော် ဖျော်ဖြေရေးအနေဖြင့် ၅ ရက်နှင့် ၆ ရက်တွင် သီချင်းဆိုပြိုင်ပွဲနှင့် တေးသရုပ် ဖော်ခြင်း၊ ၇ ရက်နေ့တွင် Starlet' Sky မှသီဆိုဖျော်ဖြေ ခြင်း၊ ၈ ရက်နေ့တွင် နိုင်ငံကျော် 5 Star အငြိမ့်နှင့် ၉ ရက်နေ့တွင် Hird Bird Band နှင့်အတူ နိုင်ငံကျော် ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင်များ၊ နိုင်ငံကျော်တေးသံရှင်များဖြင့် ဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။

ရေကျော်သီတင်းကျွတ်မီးထွန်းပွဲတော်ကို ပုဇွန်တောင်မြို့နယ် အမှတ် (၉) ရပ်ကွက်အနေဖြင့် ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်ရာ အမှီသဟဲရပ်ကွက်များဖြစ်ကြသော အမှတ် (၇) ရပ်ကွက်၊ အမှတ်(၁ဝ)ရပ်ကွက်နှင့် ဗိုလ်တထောင်မြို့ နယ်များကပါ ဝင်ရောက်ပူးပေါင်းပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး ပွဲတော်အတွင်း သက်ဆိုင်ရာလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်ဆယ်အိမ်မှူးများနှင့် ရပ်ကွက်အသီးသီးရှိလူငယ်များမှ ပူးပေါင်းပါဝင်ကာ ပွဲတော်ကျင်းပရေးစနစ်တကျ ဆောင်ရွက်လျက်ရှိသည်။

ပွဲတော်ကျင်းပရေးကော်မတီ ဦးအောင်နိုင်က ''ပွဲတော်ကျင်းပနိုင်ဖို့အတွက် သက်ဆိုင်ရာအဆင့်အလိုက် ကို တစ်လလောက်ကတည်းက ကြိုတင်ခွင့်ပြုချက် တောင်းခံရပါတယ်၊ ဒီနှစ်အတွက်တော့ Premier ကော်ဖီမစ်က စပွန်ဆာပေးပါတယ်၊ ပွဲတော်ကျင်းပရေးက ဈေးသည်ဆိုင်ခန်းများနေရာတွေအတွက်ကို ဆိုင်ခန်းနေရာ ၁ဝ ပေ ပတ်လည်အတွက် ၅ ရက်တာကာလကို ငွေကျပ် ခုနစ်သောင်း ယူပါတယ်၊ ဒီနှစ်က ကြည့်မြင်တိုင်ပွဲတော်နှင့် မယ်လမုပွဲတော် ပါရှိနေတယ်ဆိုတော့ ဒီဘက်လာ ရောင်းတဲ့ဈေးသည် နည်းပါတယ်၊ ဒါပေမယ့် လာရောက်လည်ပတ်ကြ တဲ့သူတွေကတော့ ဝင်လာမစဲပါပဲ'' ဟု ပြောသည်။

သီတင်းကျွတ်မီးထွန်းပွဲတော် ရက်များတွင် အများပြည်သူအကြိုက် မြန်မာ့ရိုးရာ အစားအစာများ၊ တိုင်းရင်းသားအစားအစာများနှင့် တောတွင်းတိရစ္ဆာန်များပြပွဲ အပါအဝင် အခြားကစားနည်းမျိုးစုံ တွေ့ရမည်ဖြစ်သည်။

ရေကျော်သီတင်းကျွတ်မီးထွန်း ပွဲတော်ကို ၁၉၆၂ ခုနှစ်မှစတင်၍ ယခင်အခေါ်ခရစ်လမ်း (ယခု)ဗိုလ် မြတ်ထွန်းလမ်းတွင် ရာမဇာတ်ပွဲဖြင့် ခုနစ်ရက် ခုနစ်ညတိုင်တိုင်စတင် ကျင်းပဖွင့်လှစ်ခဲ့သည်။

၁၉၆၂ ခုနှစ်မှ ၁၉၇၃ ခုနှစ်ထိ ရာမဇာတ်ပွဲ၊ ရုပ်သေးရုပ်များဖြင့် မီးထွန်းပွဲတော်ကို မင်းခမ်းမင်းနားဖြင့် စတင်ကျင်းပခဲ့ကြောင်း ရေကျော် သီတင်းကျွတ်မီးထွန်းပွဲတော် ကျင်းပရေးကော်မတီမှ သိရသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment