Sunday, October 5, 2014

အလောင်းများ စုမြှုပ်နှံထားသည့် ကျင်းများကို မက္ကဆီကို ရဲတပ်ဖွဲ့တွေ့ရှိ

မက္ကဆီကို တောင်ပိုင်းက တရားဥပဒေ စိုးမိုးမှု ယိုယွင်းနေတဲ့ ပြည်နယ်မှာ လူတွေ အစုလိုက်အပြုံလိုက် မြှုပ်နှံထားတဲ့ကျင်းတွေ အတော်များများကို အောက်တိုဘာလ ၄ ရက်နေ့က တွေ့ခဲ့ရပါတယ်။

ဂူရာရီရို ပြည်နယ်ထဲက အီဂွါလာမြို့မှာ အရင်တပတ်က အကြမ်းဖက်မှု တခုဖြစ်ပြီးနောက် လူပေါင်း ၄၀ ကျော် ပျောက်ဆုံးနေတာကို ရဲအဖွဲ့က ခြေရာခံရင်းနဲ့ အလောင်းတွေစုမြှုပ်ထားတဲ့ ကျင်းတွေကို တွေ့ခဲ့ရတာပါ။ မြို့အနောက်မြောက်ပိုင်းက တောင်ပေါ်မှာ ရဲကားတွေ ရောက်နေပြီး ဖြတ်သွားဖြတ်လာ ကားတွေကိုလည်း ရဲအဖွဲ့က စစ်ဆေးနေပါတယ်။

အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကလည်း အဖွဲ့တဖွဲ့ကို စေလွှတ်ထားပြီး အခြေအနေကို အသေးစိတ်စုံစမ်းနေတယ်လို့ ကော်မရှင်ရဲ့ ကိုယ်စားလှယ်ဖြစ်တဲ့ ဂျူအန် လိုပက် ဗီလန်နျူဗာက ပြောပါတယ်။

အီဂွါလာမြို့ဟာ မက္ကဆီကိုစီးတီးရဲ့တောင်ပိုင်း မိုင် ၁၂၀ အကွာမှာ တည်ရှိပြီး မူးယစ်ဂိုဏ်းတွေ ကြောင့် အကြမ်းဖက်မှုတွေ ဆိုးဆိုးရွားရွား ဖြစ်နေတဲ့ မြို့ဖြစ်ပါတယ်။ အရင်တပတ်က ရဲအဖွဲ့၊ ကျောင်းသားတွေနဲ့ လက်နက်ကိုင်အမျိုးသားတွေ ပဋိပက္ခဖြစ်ခဲ့လို့ အနည်းဆုံး လူ ၆ ယောက် သေဆုံးခဲ့ပါတယ်။

ဒီရက်ပိုင်းမှာပဲ ပြည်နယ်အုပ်ချုပ်ရေးမှူးက တချို့ကျောင်းသားတွေကို ရဲတွေက ဖမ်းသွားတဲ့ ဓာတ်ပုံအထောက်အထားတွေကို တွေ့ရတယ်လို့ ပြောခဲ့ပါတယ်။ ကျောင်းသားနှစ်ယောက်ကို သတ်ဖြတ်မှု စွပ်စွဲချက်နဲ့ ရဲအရာရှိ ၂၂ ယောက်လည်း အဖမ်းခံထားရပါတယ်။

ရဲအဖွဲ့ဟာ ကျောင်းသားတွေအပေါ် အင်အားအလွန်အကျွံသုံးတယ်လို့ ဒေသအစိုးရ အရာရှိတွေ က ဝေဖန်နေကြပါတယ်။ အရင်တပတ်က ပဋိပက္ခတွေ ဖြစ်ပြီး လူ ၅၇ ယောက် ပျောက်ဆုံးနေရာ ကနေ ၁၃ ယောက်ကို ပြန်တွေ့ရပေမယ့် ကျန်တဲ့ လူတွေ ဘယ်ရောက်သလဲဆိုတာကို ဘယ်သူမှ မပြောနိုင်ကြပါဘူး။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment