Friday, October 17, 2014

၂၀၁၅ ရွေးကောက်ပွဲ၊ နိုင်ငံရေး ခေါင်းဆောင်မှုနှင့် NLD ၏ မဟာဗျူဟာ

ပါတီထဲမှာ ၂၀၁၅ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ စီမံချက်ရှိရှိ၊ လမ်းစဉ်ရှိရှိ၊ ဗျူဟာရှိရှိ ပြင်ဆင်နေတဲ့ ပုံစံမျိုး မတွေ့ရဘူး။ အဲဒီလို မပြင်ဆင်တာလည်း ဒီချုပ်ပါတီအတွက် ကြီးမားတဲ့ အားနည်းချက်ကြီး တစ်ခုလို့ မြင်တယ် … NLD ပါတီအနေနဲ့ စီမံချက်ကျကျ ဆောင်ရွက်ဖို့ လိုအပ်နေသလို USDP ရဲ့ ပြင်ဆင် ဆောင်ရွက်မှုတွေနဲ့ စီမံချက်ကျကျ ဆောင်ရွက်နေမှုတွေ အပေါ်မှာ လည်း အသေအချာ လေ့လာပြီး စနစ်တကျ ပြင်ဆင်မှု ပြုလုပ်ရန် အရေးတကြီး လိုအပ် …
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
~၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ အတွင်းမှာ ကျင်းပဖို့ရှိတဲ့ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကာလကို ရောက်ရှိဖို့ဟာ ကြားကာလ ဆယ့်လေးလ ကျော်ကျော်သာ ရှိပါတော့တယ်။ ၂၀၁၅ ရွေးကောက်ပွဲ နီးကပ် လာတာနဲ့အမျှ ဒီကာလအတွင်းမှာ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များဟာလည်း အထင်အရှား ထွက်ပေါ် လာပါတယ်။ နိုင်ငံရေး ပါတီများရဲ့ ရွေးကောက်ပွဲ ဆိုင်ရာ ပြင်ဆင် ဆောင်ရွက်မှုတွေ အပြင် လေ့လာ စောင့်ကြည့် သူများရဲ့ ပါတီအလိုက် ဆောင်ရွက်မှုအပေါ် ဆန်းစစ်မှု တွေဟာလည်း အားကောင်း မောင်းသန် ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၅ ရွေးကောက်ပွဲ အတွက် ရွေးကောက်ပွဲဆိုင်ရာ လွတ်လပ်မှု၊ တရားမျှတမှုနဲ့ မဲဆန္ဒရှင်များရဲ့ လိုအင်ဆန္ဒနဲ့ ကိုက်ညီစွာ ရွေးချယ်နိုင်ခွင့် ရှိစေမှုတို့အတွက် စိုးရိမ်ဖွယ်ရာ အခြေအနေ များလည်း ဖြစ်ပေါ်လျက် ရှိပါတယ်။ အဓိက အားဖြင့်တော့ ရွေးကောက်ပွဲကို ဦးစီးကျင်းပပေးမယ့် ဒိုင်လူကြီး ဖြစ် တဲ့ ရွေးကောက်ပွဲ ကော်မရှင် ရဲ့ ရပ်တည်မှု ကို မေးခွန်းထုတ်ေ နရတဲ့ အခြေအနေများနဲ့ နိုင်ငံရေး ချိန်ခွင်လျှာ ပြောင်းလဲမှုအပေါ်မှာ အသာစီးရရှိမှုကို လက်မလွတ်လိုတဲ့ အစီအမံအဖြစ် ၂၀၁၀ ရွေးကောက်ပွဲ ပုံစံနဲ့မတူ ညီတဲ့ ရွေးကောက်ပွဲ နည်းစနစ်များကို ပြောင်းလဲဖို့ ကြိုးပမ်းနေကြခြင်း၊ ၂၀၁၅ ရွေးကောက်ပွဲ အပြီးမှာ အာဏာ ဆက်လက် ဆုပ်ကိုင် ထားနိုင်ဖို့အတွက် မရေရာတဲ့ အခြေအနေ များကြောင့် အာဏာလက်ရှိ အင်အားစုများ ဘက်က ရွေးကောက် ပွဲကို ပျက်ယွင်းစေရန် ဆောင်ရွက် နေသလား ဆိုတဲ့ မေးခွန်းထုတ် ဆန်းစစ်ရမယ့် အခြေအနေများ ဖြစ်ပါတယ်။ ထိုအခြေအနေများကို လျော့ပါးစေမယ့် လေးပွင့်ဆိုင် တွေ့ဆုံရေးလိုမျိုး တွေ့ဆုံ ညှိနှိုင်း အဖြေရှာမှုမျိုး ပြုလုပ်ဖို့ ဟာလည်း ဖြစ်ပေါ် မလာသေးသလို ဖြစ်ပေါ်နိုင်စရာလည်း မျှော်လင့်လို့ မရနိုင် တော့ပါဘူး။

ထိုအခြေအနေများနဲ့ ကြုံတွေ့နေရတဲ့ ၂၀၁၅ ရွေးကောက်ပွဲဆိုင်ရာ အနေအထားမှာ လေ့လာ စောင့်ကြည့် သူများ ဆန်းစစ် နေကြတာ ကတော့ ရွေးကောက်ပွဲ အခင်းအကျင်းအတွက် အရေးအပါဆုံးဖြစ်တဲ့ နိုင်ငံရေး ပါတီများရဲ့ လှုပ်ရှား ဆောင်ရွက်မှု ဖြစ်ပါတယ်။ ဒီအထဲမှာ နိုင်ငံရေး ခေါင်းဆောင်မှုနဲ့ ရွေးကောက်ပွဲ အင်အား ချိန်ခွင်လျှာအရ အဓိကထား အခြေပြု ဆန်းစစ်ကြရတာဟာ အင်အားကြီး ပါတီနှစ်ရပ်ဖြစ် တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) တို့ပဲပါ။ USDP အနေနဲ့တော့ လက်ရှိ ကာလမှာ တွေ့မြင် နေကြရတာက ရွေးကောက်ပွဲဆိုင်ရာ ပြင်ဆင် ဆောင်ရွက်မှု အပိုင်းမှာ အငြင်းပွား ဖွယ်ရာနဲ့ နောက်ကွယ် ရှုပ်ထွေးမှုရှိတဲ့ ဆောင်ရွက်ချက်တွေ ပါဝင်ပေမယ့်လည်း စနစ်တကျနဲ့ အကွက်ကျကျ စီမံ ဆောင်ရွက်နေမှု ရှိတယ်ဆိုတဲ့ ရှုမြင်မှုတွေ ရှိကြပါတယ်။

USDP ရဲ့ ရွေးကောက်ပွဲဆိုင်ရာ ပြင်ဆင်မှု အခြေအနေ အပေါ်ကို မြန်မာ့နို င်ငံရေး လေ့လာစောင့်ကြည့် သုံးသပ်သူ တစ်ဦးဖြစ်တဲ့ နိုင်ငံရေး ဆောင်းပါး ရှင် ဒေါက်တာရန်မျိုးသိမ်းက ““PR ကို ပြောင်းပြီး ကျင့်သုံးမှာတို့၊ အိမ်ထောင်စု အခြေပြု ပြည်သူ့ဗျူဟာကို ဖော်ဆောင် နေတာတို့ ရွေးကောက်ပွဲ စည်းမျဉ်း စည်းကမ်းတွေ ပြင်ဆင်လာတာ သူတို့ဘက်က စနစ်တကျ စီမံချက်ချ၊ ဗျူဟာချပြီးတော့ ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုး ပါတီအနေနဲ့ အနည်းဆုံး ကိုယ်စားလှယ် ၂၆ ရာခိုင်နှုန်း အနိုင်ရဖို့အတွက် ပြင်ဆင်ထားတယ်လို့ သုံးသပ်လို့ ရတယ်””လို့ သုံးသပ် ပြောကြား ထားချက် ရှိပါတယ်။

USDP ဘက်က ဒီလို စနစ်တကျ စီမံချက်ချ၊ ဗျူဟာချပြီး ဆောင်ရွက်နေမှုတွေ ရှိပေမယ့် လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ အပြီးမှာ မြန်မာနိုင်ငံကို အာဏာ ချုပ်ကိုင်ပြီး ဦးဆောင် သွားစေဖို့ လူထုက လိုလားနေတဲ့ NLD ပါတီ အနေနဲ့ကတော့ ၂၀၁၅ ရွေးကောက်ပွဲအတွက် နိုင်ငံရေး မဟာဗျူဟာကျကျ ဆောင်ရွက်နေမှု ရှိရဲ့လားလို့ ဒွိဟသံသယ ဖြစ်စရာပါ။

ဒေါက်တာ ရန်မျိုးသိမ်းကတော့ NLD ပါတီရဲ့ ဆောင်ရွက်မှုအပေါ် ““လေ့လာ စောင့်ကြည့် မိသလောက်က လက်ရှိ အခြေအနေမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီထဲမှာ ၂၀၁၅ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ စီမံချက်ရှိရှိ၊ လမ်းစဉ်ရှိရှိ၊ ဗျူဟာရှိရှိ ပြင်ဆင်နေတဲ့ ပုံစံမျိုးမတွေ့ရဘူး။ အဲဒီလို မပြင်ဆင်တာလည်း ဒီချုပ်ပါတီ အတွက် ကြီးမားတဲ့ အားနည်းချက်ကြီး တစ်ခုလို့မြင်တယ်””လို့ သုံးသပ်ပါတယ်။

NLD ပါတီအနေနဲ့က ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရရှိဖို့ဆိုတာအပြင် နိုင်ငံရေးအရ ခေါင်းဆောင်မှု အတွက်လည်း ၂၀၁၅ ဟာ ကြီးမားတဲ့ စိန်ခေါ်မှုတွေ ရှိနေတယ်လို့ ပြောရမှာပါ။

““စိန်ခေါ်မှုတွေဆိုတာ အပစ်အခတ် ရပ်စဲရေးလို နိုင်ငံရေး ဆွေးနွေးမှု၊ ဘယ်လို ရွေးကောက်ပွဲကို ဆုံးဖြတ်မယ် ဆိုတာလည်း ၂၀၁၅ မှာ ဆုံးဖြတ် မယ်။ ရွေးကောက်ပွဲကလည်း ၂၀၁၅ ထဲမှာ လုပ်မယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကလည်း ၂၀၁၅ ထဲမှာပဲ ဖြစ် မယ်။ ရွေးကောက် ပွဲကလည်း ၂၀၁၅ မှာလုပ်မယ်။ နိုင်ငံရေး ဆွေးနွေးပွဲ ကလည်း ၂၀၁၅ မှာ လုပ်မယ်။ ၂၀၁၅ ထဲမှာက နိုင်ငံရေးအရ ကြီးမားတဲ့ စိန်ခေါ်မှုတွေက ၂၀၁၅ ထဲမှာရှိမယ်””လို့ ဒေါက်တာရန်မျိုးသိမ်းက ၂၀၁၅မှာ ကြုံတွေ့ရနိုင်တဲ့ စိန်ခေါ်မှု အချို့ကို ပြောပါတယ်။ NLD ပါတီအနေနဲ့ ဒီစိန်ခေါ်မှုတွေအတွက် ယခုအချိန်ကတည်းက စီမံချက်ချ၊ မဟာဗျူဟာ ချမှတ်ပြီး ဆောင်ရွက်ဖို့ လိုပါလိမ့်မယ်။ ဒီလိုမှ မဟုတ်ရင်တော့ NLD ပါတီအနေနဲ့ ၂၀၁၅ နဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ အခက်အခဲ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်ရပါလိမ့်မယ်။ NLD ပါတီ အနေနဲ့ ဘာကြောင့်စီမံချက်ချ၊ မဟာဗျူဟာ ကျကျ ဆောင်ရွက်ဖို့ အရေးတကြီး လိုအပ်နေသလဲဆိုတဲ့ အချက်တွေ ရှိပါတယ်။

NLD ပါတီအနေနဲ့ လက်ရှိမှာ တစ်ခုတည်းသော အင်အားကြီးဟာ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပေါ် လူထုရဲ့ ယုံကြည်ကိုးစားမှုပါပဲ။ ဒီအပေါ်မှာ မူတည်ပြီး ပါတီအပေါ် လူထုထောက်ခံမှုဟာ တစ်ခဲနက် များပြား နေတယ်လို့ ဆိုရပါလိမ့်မယ်။ ဒါပေမဲ့ ၁၉၉၀ ပြည့်နှစ် တုန်းကလို၊ ၂၀၁၂ ခုနှစ် တုန်းကလို လူထုရဲ့ အားပေးမှု ထောက်ခံမှုဟာ အကြွင်းမဲ့ ဟုတ်သေးရဲ့လား ဆိုတာက ဝေဖန် ဆန်းစစ်စရာ ရှိပါတယ်။ ဥပမာ အနေနဲ့ ၉၆၉ လို့ ခေါ်တဲ့ သံဃာအင်အားစုနဲ့ NLD ပါတီတို့ကြား တစ်ဦးအပေါ်တစ်ဦး နားလည်မှု လွဲမှားချက် အချို့ရှိနေပါတယ်။ အချို့သော ၉၆၉ ဦးဆောင် သံဃာများက မိမိတို့နဲ့ NLD ပါတီကြား နိုင်ငံနှင့် လူမျိုးအတွက် ဆောင်ရွက်နေကြတာချင်း တူညီပေမယ့်လည်း ကွာဟမှုနဲ့ နားလည်မှု လွဲမှားနေတာတွေ ရှိတယ်လို့ ဖွင့်ဟ မိန့်ကြားချက်တွေ ရှိပါတယ်။ ၉၆၉ အင်အားစုများနဲ့ NLD ပါတီတို့ကြား ဒီလိုဖြစ်ရတာမှာလည်း ထိတွေ့ ဆက်ဆံမှုပိုင်း အားနည်းခြင်းကြောင့်လည်း ပါပါတယ်။ ၉၆၉ အင်အားစုများဟာ တစ်နိုင်ငံလုံးမှာ ကွန်ရက် ဖြန့်ကြက် ထားနိုင်တဲ့ အင်အားစုတစ်ရပ် ဖြစ်ပါတယ်။ ဒီလိုအင်အားစု တစ်ရပ်နဲ့ ထိတွေ့မှု၊ နားလည်မှု ကွာဟနေခြင်းဟာလည်း ၂၀၁၅ ရွေးကောက်ပွဲအတွက် အပွန်းအပဲ့ ဖြစ်နိုင်ဖွယ် ရှိပါတယ်။

ဒေါက်တာရန်မျိုးသိမ်းကတော့ ““ဒီ ကိစ္စကလည်း ၂၀၁၅ မတိုင်ခင်မှာ ဒီချုပ် အတွက် စိန်ခေါ်မှုဖြစ်လာမှာ။ ဒီစိန်ခေါ်မှုကို ဒီချုပ်အနေနဲ့ စနစ်တကျ ဆွေးနွေး ညှိနှိုင်းပြီး အဖြေရှာဖို့လိုတယ်။ စိန်ခေါ်မှုအသစ်၊ ပြဿနာ အသစ်တွေ ပေါ် လာပြီဆိုရင် ဒီပြဿနာ၊ ဒီစိန်ခေါ်မှုတွေကို ဒီအတိုင်း ထားလိုက်တာထက် ဒီပြဿနာတွေ၊ ဒီစိန်ခေါ်မှုတွေ ဘာကြောင့် ဖြစ်လာတာလဲ။ ဖြစ်လာတဲ့ အကြောင်း ရင်းကို ရှာပြီးတော့ စနစ်တကျ ထိတွေ့ပြီးတော့ ဖြေရှင်းနိုင်အောင် ကြိုးစားဖို့ လိုအပ်တယ် လို့မြင်တယ်။

အဓိက ပြဿနာကတော့ နားလည်မှု လွဲတယ်။ နားလည်မှုလွဲရင် ယုံကြည်မှု ကျဆင်းတယ်။ ကျွန်တော့် အမြင် ကတော့ နားလည်မှုနဲ့ ယုံကြည်မှု ပြန် တည်ဆောက်ဖို့ ဆိုရင် ပုံမှန်တွေ့ဆုံ ဆွေးနွေးဖို့လို တယ်။ တွေ့ဆုံ ဆွေးနွေး တယ် ဆိုတာက တစ်ကြိမ် တွေ့လိုက်တယ်။ ဒါနဲ့ပြီးသွားတာ မဟုတ်ဘူး။ နိုင်ငံေ ရး အတိုက် အခံ တွေနဲ့ပဲဖြစ်ဖြစ်၊ သံဃာတော်တွေနဲ့ပဲဖြစ်ဖြစ်၊ အခြား အဖွဲ့အစည်းတွေနဲ့ပဲဖြစ်ဖြစ် ဒီချုပ်ဟာပုံမှန် တွေ့ဆုံ ဆွေးနွေး နေဖို့လိုတယ်။ အဲဒါမှသာလျှင် သူကြုံတွေ့လာရနိုင်တဲ့ စိန်ခေါ်မှုတွေကို လျှော့ချနိုင်မယ်”” လို့ ပြောပါတယ်။

NLD ပါတီ အနေနဲ့ တိုင်းရင်းသား အင်အားစုတွေနဲ့ ထိတွေ့ ဆက်ဆံမှု ရှိတယ် ဆိုသော်လည်းပဲ နိုင်ငံရေးအရ မဟာမိတ်ပြုခြင်းကို ဒီ့ထက်ပိုပြီး ချဲ့ထွင်ဖို့ လိုအပ်ပါတယ်။ ၁၉၉၀ ပြည့်နှစ် ကတည်းက လက်တွဲခဲ့တဲ့ ညီညွတ်သော တိုင်းရင်းသား မဟာမိတ်အဖွဲ့ (UNA) နဲ့ ထိတွေ့မှု ရှိနေရုံတင် မလုံလောက်ပါဘူး။ တစ်ဖက် USDP ပါတီ အနေနဲ့ တိုင်းရင်းသား ပါတီတွေနဲ့ မဟာမိတ်ပြုမှုကို တိုးချဲ့သည်ထက် တိုးချဲ့နေတဲ့ အချိန်မှာ NLD ပါတီ အနေနဲ့လည်း နိုင်ငံရေး မဟာမိတ်ပြုမှုကို တိုးချဲ့သင့်ပါတယ်။ အခြား တိုင်းရင်းသားပါတီ မဟုတ်တဲ့ နိုင်ငံရေး ပါတီများနဲ့ မဟာမိတ်ပြုမှုမှာ ဆိုရင်တော့ NLD ပါတီအနေနဲ့ အလွန်အားနည်းတဲ့ အခြေအနေ ရှိနေပါတယ်။ NLD ပါတီအနေနဲ့က ၂၀၁၅ ရွေးကောက်ပွဲမှာ တရားမျှတ လွတ်လပ်တဲ့ ရွေးကောက်ပွဲ ပုံဖော်မှုနဲ့ လူထုဆန္ဒအတိုင်း ရွေးချယ်ခွင့် အခွင့်အရေးရတဲ့ ပုံစံမျိုး ရရှိဖို့ဟာ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီကကို အင်အား ကောင်းတဲ့ အတိုက်အခံ နိုင်ငံရေး မဟာမိတ် အင်အားစုကို တည်ထောင် ထားနိုင်မှ ဖြစ်မှာပါ။ ဥပမာအနေနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်တဲ့ ရွေးကောက်ပွဲဆိုင်ရာ (၄၁)မျက်နှာ ကန့်သတ်ချက် စည်းမျဉ်း အသစ်များ ကိစ္စရပ်ဟာဆိုရင် NLD ပါတီ အနေနဲ့ အတိုက်အခံ နိုင်ငံရေး မဟာမိတ် အင်အားစု အင်အား ကောင်းကောင်းရှိဖို့ လိုတယ်ဆိုတာကို ပေါ်လွင် ထင်ရှားနေပါတယ်။ ဒီ (၄၁) မျက်နှာ စည်းမျဉ်း သစ်မှာဆိုရင် မဲဆွယ် စည်းရုံးခွင့်နဲ့ ပတ်သက်လို့ NLD ပါတီကို ဦးတည်အဓိကထား ကန့်သတ်ချက်တွေ ပါဝင်နေတာ ထင်ရှားနေပေမယ့်လည်း NLD အနေနဲ့ ပြင်ဆင်နိုင်ခြင်း မရှိခဲ့တာကို တွေ့နိုင်ပါတယ်။

““လက်ရှိပါတီ ၇၀ နီးပါးထဲမှာ တိုင်းရင်းသားပါတီနဲ့ ပြင်ပပါတီ ပြန်ခွဲလိုက်ရင် တိုင်းရင်းသားပါတီက ၄၀ လောက် ရှိတယ်။ ကျန်တဲ့ ပြင်ပပိုင်းမှာ ပါတီက ၃၀နီးနီးပဲရှိတယ်။ ပြည်ခိုင်ဖြိုး ပါတီကလည်း သူနဲ့ မိတ်ဆွေ ပါတီတွေ တည်ဆောက်ထားတယ်။ ကျွန်တော့် အမြင်ကတော့ NLD ပါတီကလည်း သူ့ရဲ့ မိတ်ဆွေပါတီကို တည်ဆောက်ဖို့လိုတယ်။ တိုင်းရင်းသားပါတီ ၄၀ ကျော်ထဲမှာ ကြည့်ရင်လည်းပဲ ပြည်ခိုင်ဖြိုးပါတီနဲ့ နီးစပ်တဲ့ နိုင်ငံရေးပါတီ တိုင်းရင်းသားပါတီတွေ ရှိမယ်။ အခြား တိုင်းရင်းသားပါတီတွေ ရှိမယ်။ NLD ပါတီအနေနဲ့ တိုင်းရင်းသား ပါတီတွေမှာလည်း ကိုယ့်ရဲ့ မိတ်ဆွေပါတီတွေ၊ ကိုယ်ရဲ့ လုပ်ဖော်ကိုင်ဖက် ပါတီတွေကို ချဲ့ထွင်ပြီး တည်ဆောက်ထားဖို့ လိုမယ်လို့ မြင်တယ်။ အဲဒီလို လုပ်နိုင်မှသာလျှင် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် အတိုက်အခံနိုင်ငံရေးမှာ မဟာမိတ်ပုံစံ တည်ဆောက်မှုမျိုးက ရုပ်လုံး ပေါ်လာနိုင်မယ်လို့ ထင်တယ်။

ပထမတစ်ချက်ကတော့ တိုင်းရင်းသား ပါတီတွေနဲ့ အခြားအတိုက် အခံ နိုင်ငံရေး ပါတီတွေနဲ့ ပတ်သက်လို့ အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်တဲ့ တိုင်းရင်းသား အဖွဲ့အစည်းများနဲ့ ဆက်ဆံရေး ကော်မတီဆိုတာ ရှိတယ်။ အခြား ဦးဉာဏ်ဝင်း ဦးဆောင်ပြီးတော့ ဖွဲ့ထားတာ ရှိတယ်။ အဓိကအားဖြင့်တော့ တွေ့ဆုံဆွေးနွေးဖို့ပဲ။ နိုင်ငံရေးအရ စားပွဲဝိုင်းတွေ့ ဆုံဆွေးနွေးမှုတွေ၊ ကြီးငါးကြီး တွေ့ဆုံ ဆွေးနွေးမှုတွေ အရေးကြီးသလိုပဲ အတိုက်အခံ နိုင်ငံရေးကြားမှာ ဒီချုပ်ပါတီနဲ့ အခြားပါတီတွေ၊ တိုင်းရင်းသား ပါတီတွေ မဟာမိတ် တည်ဆောက် နိုင်ဖို့ဆိုတာ နိုင်ငံရေးအရ စားပွဲဝိုင်းတွေ့ဆုံဆွေးနွေးဖို့က အရေးကြီးတယ်လို့ မြင်တယ်။ ဒီချုပ်အနေနဲ့ နံပါတ်တစ်အားဖြင့် တိုင်းရင်းသားပါတီတွေ အခြား ဒီမိုကရေစီ ပါတီတွေနဲ့ မဟာမိတ် တည်ဆောက်မှုနဲ့ ပတ်သက်လို့ သီးခြားမူဝါဒ ရှိဖို့လိုတယ်။ သီးခြားလမ်းစဉ် ရှိဖို့လိုတယ်။ သီးခြားစီမံချက် ရှိဖို့လိုတယ်။ အဲဒီ မူဝါဒလမ်းစဉ် စီမံချက်အတိုင်းကို အကောင်အထည် ဖော်နိုင်ဖို့လိုတယ်။ ထိတွေ့နိုင်ဖို့လိုတယ်။ ဆွေးနွေးနိုင်ဖို့လိုတယ်။ အဲဒါမှသာလျှင် ကျွန်တော့် အမြင်အားဖြင့် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်မှာ အတိုက် အခံ နိုင်ငံရေးအပိုင်းမှာ အားကောင်းလာမယ်လို့ မြင်တယ်”” လို့ ဒေါက်တာရန်မျိုးသိမ်းက NLD ပါတီရဲ့ နိုင်ငံရေးမဟာမိတ် တည်ဆောက်မှုအပေါ် သူ့ရဲ့ သုံးသပ်ချက်ကို ပြောပါတယ်။

NLD ပါတီအနေနဲ့ အထက်ပါ ဖော်ပြချက်များကို စီမံချက်ကျကျ ဆောင်ရွက်ဖို့ လိုအပ်နေသလို USDP ရဲ့ ပြင်ဆင် ဆောင်ရွက်မှုတွေနဲ့ စီမံချက်ကျကျ ဆောင်ရွက်နေမှုတွေ အပေါ်မှာလည်း အသေအချာ လေ့လာပြီး စနစ်တကျ ပြင်ဆင်မှုပြုလုပ်ရန် အရေးတကြီး လိုအပ်ချက် ရှိနေပါတယ်။

ဒေါက်တာရန်မျိုးသိမ်းကတော့ ““ပြည်ခိုင်ဖြိုးပါတီရဲ့ လှုပ်ရှားမှုတွေ၊ ပြင်ဆင် မှုတွေ၊ စီမံချက်တွေကို စနစ်တကျ လေ့လာနိုင်ဖို့ လိုတယ်လို့မြင်တယ်။ ကိုယ်ရဲ့ပြိုင်ဘက်ကို ကိုယ်က အထင်သေးလို့ မရဘူး။ ပြည်ခိုင်ဖြိုးပါတီ ရဲ့ ပြင်ဆင်ချက်တွေဟာလည်း ကျွန်တော့် အမြင်အားဖြင့် သုံးသပ်လို့ရှိရင် NLD ပါတီကို သူတို့က အထင်မသေး တဲ့ အတွက်ကြောင့်မို့ ပြင်ဆင်တယ် လို့ မြင်တယ်။ NLD ပါတီဘက်ကလည်း ပြည်ခိုင်ဖြိုးပါတီရဲ့ပြင်ဆင်မှုတွေကို အထင်မသေးဖို့ လိုတယ်လို့ မြင်တယ်။ အဲဒီလိုပုံစံမျိုး ပြင်ဆင်မှ သာလျှင် ပြည် သူလူထုနဲ့ တိုင်းပြည်အတွက် တကယ် အကျိုးရှိတဲ့ ပြိုင်ဆိုင်မှုတစ်ခု ဖြစ်လာ မယ်””လို့ သူ့ရဲ့အမြင်ကို ပြောပါတယ်။

ဒါပေမဲ့ လက်ရှိမှာတော့ NLD အနေနဲ့ ထိုသို့ ပြင်ဆင် ဆောင်ရွက်မှု အပိုင်းမှာ အလွန်အားနည်းမှု ရှိနေတယ်လို့ သုံးသပ် ဝေဖန်မှုတွေ ရှိနေပါ တယ်။ သေချာတာကတော့ လာမယ့် ၂၀၁၅ ခုနှစ်အတွင်း ကြုံတွေ့ရမယ့် အခြေ အနေများနဲ့ ၂၀၁၅ ရွေးကောက်ပွဲ အခင်းအကျင်းအတွက် NLD ပါတီအနေနဲ့ လူထုထောက်ခံမှု တစ်ခုတည်း ကိုသာ လက်ကိုင်ပြုထားလို့ မရတော့ဘဲ နိုင်ငံရေး မဟာဗျူဟာကျကျ ဆောင်ရွက်သွားဖို့ လိုအပ်လျက်ရှိတယ် ဆိုတာပါပဲ။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment