၂၆.၁၁.၂၀၁၄ရက်နေ့ ၁၀၄၅ အချိန် ကြည့်မြင်တိုင်မြို့နယ်၊ ဘောဂရပ်ကွက်၊ တော်ဝင်လမ်းရှိ ကုန်စုံ ဆိုင်တစ်ဆိုင်သို့ လူငယ်တဦးမှ မြန်မာငွေကျပ်(၁၀၀၀၀) တန်ငွေစက္ကူဖြင့် ကော်ဖီ၊ အအေးဗူး လာရောက်ဝယ်ယူရာ ဆိုင်ရှင်မှ ၎င်းငွေစက္ကူမှာ အတုဖြစ်ကြောင်း မသင်္ကာ၍ ရပ်ကွက်အုပ်ချုပ်ရေး မှူးထံသို့ အကြောင်းကြား ခဲ့သဖြင့် ရပ်ကွက်အုပ်ချုပ်ရေး မှူးမှတဆင့် ကြည့်မြင်တိုင်မြို့မ ရဲစခန်းသို့ အကြောင်း ကြားလာခဲ့ပါသည်။
ထို့သို့ အကြောင်းကြားချက်အရ ကြည့်မြင်တိုင်မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ၎င်းလူငယ်အား ကြည့်မြင်တိုင်မြို့မ ရဲစခန်းသို့ ခေါ်ဆောင်ကာ ၎င်းအသုံးပြုသော ကစ ၆၈၇၃၀၆၇(AF 6873067) နံပါတ်ပါ ငွေစက္ကူနှင့် ပတ်သက်၍ အတု ဟုတ်/မဟုတ်အား အမှတ်(၂)မှုခင်းရဲတပ်ဖွဲ့သို့ ဆက်သွယ်ခဲ့ပြီး အတည်ပြုစစ်ဆေးခဲ့ရာ အဆိုပါငွေစက္ကူမှာ ပြည်တွင်းဖြစ်ကာလာ ပရင့်တာနည်းဖြင့် မိတ္တူပွားကာ အတုပြုလုပ်ထားကြောင်း စိစစ်တွေ့ရှိ ခဲ့ရပါသည်။
စစ်ဆေးတွေ့ရှိ ချက်များအရ ငွေစက္ကူအတု အသုံးပြုသူ လူငယ်အား စစ်ဆေးရာ ၎င်းမှာ စမ်းချောင်းမြို့နယ်နေအသက် (၁၅)နှစ်အရွယ် လူငယ်တစ်ဦးဖြစ်ကာ အဆိုပါငွေစက္ကူ (၁၀၀၀၀) တန်အတုမှာ ၎င်း၏ သူငယ်ချင်းဖြစ်သူ ကျော်ဇင်ထက်လင်းမှ ကွန်ပျူတာဖြင့် မိတ္တူပွားကာ အတုပြုလုပ်ထားသော ငွေစက္ကူဖြစ်ကြောင်း ပြောပြသိရှိရပြီး ၎င်းတို့ (၂)ဦးမှ ယင်းငွေစက္ကူ အတုအား သုံးစွဲရန်အတွက် အဆိုပါ ကုန်စုံဆိုင်သို့လာရောက်၍ ဈေးဝယ်စဉ် ၎င်းအား ဖမ်းဆီးခံရခြင်းဖြစ်ပြီး ကျော်ဇင်ထက်လင်းမှာ ဆိုင်အပြင်ဘက်ခပ်လှမ်းလှမ်းတွင် စောင့်နေရာမှ ၎င်းဖမ်းဆီးခံရစဉ်၌ ထွက်ခွါ သွားခဲ့ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။
ယင်းသို့ ပေါ်ပေါက်ချက်အရ စမ်းချောင်းမြို့နယ်နေ ကျော်ဇင်ထက်လင်း၏ နေအိမ်သို့ ဝင်ရောက် စစ်ဆေးရှာဖွေရာ ကျော်ဇင်လင်းထက်အား နေအိမ်၌ တွေ့ရှိရပြီး ၎င်းမှ ကာလာပရင့်တာဖြင့်ထုတ်ကာ ဖြတ်တောက်ခြင်း မပြု ရသေးသော ငွေစက္ကူ (၁၀၀၀၀)ကျပ်တန်အတု (၁၀)ရွက်၊ ကစ ၆၈၇၃၀၆၇ (AF 6873067) နံပါတ်ပါ (၁၀၀၀၀) ကျပ်တန်ငွေစက္ကူအစစ် (၁)ရွက်၊ ငွေစက္ကူ အတု ပြုလုပ်ရာတွင် အသုံးပြုသော ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများနှင့်အတူ တွေ့ရှိ သိမ်းဆည်း ရမိခဲ့ပါသည်။
ယင်းသို့ငွေစက္ကူအတုပြုလုပ်သုံးစွဲသူ(၁၅)နှစ်အရွယ်လူငယ်နှင့် ကျော်ဇင်ထက်လင်း(၂၀)နှစ်တို့အား ကြည့်မြင်တိုင်မြို့မရဲစခန်း (ပ)၇၉၃/၂၀၁၄၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆အရ
အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
No comments:
Post a Comment