Thursday, November 27, 2014

ရေအောက်မြို့တော် တည်ဆောက်ရန် ဂျပန်ကုမ္ပဏီ တစ်ခုစီစဉ်

27 November 2014 16:11(+0630) (၁ မိနစ်တောင် မရှိသေးဘူး ခန့်က)
တိုကျို ၊ ၂၇-၁၁-၂၀၁၄

ဂျပန် ဆောက်လုပ်ရေး ကုမ္ပဏီ တစ်ခုဖြစ်သော Shimizu Corp က ရေအောက်မြို့တော် Ocean Spiral ကို တည်ဆောက် နိုင်ရန် အစိုးရထံ ခွင့်ပြုချက် တောင်းခံထားပြီး ငါးနှစ်အတွင်း အပြီး တည်ဆောက် နိုင်မည့် Ocean Spiral တွင်လူပေါင်း ၅ဝဝဝ နေထိုင် နိုင်မည်ဖြစ်ကာ ၄င်းတို့အတွက် လိုအပ်သော လျှပ်စစ် ဓာတ်အား ကိုလည်း ပင်လယ်ကြမ်းပြင် မှ ထုတ်ယူ သွားမည် ဖြစ်ကြောင်း သိရသည်။

ရာသီဥတု ပြောင်းလဲမှုကြောင့် ပင်လယ် ရေမျက်နှာပြင် မြင့်တက် လာရာဝယ် ကမ္ဘာ့ကျွန်း နိုင်ငံငယ်ပေါင်း ၅၂ နိုင်ငံတို့ အတွက် ဖြစ်ပေါ်လာမည့် အနာဂတ် အန္တရာယ် အတွက် အရေးပေါ် မြို့တော်အဖြစ် ရည်ရွယ် တည်ဆောက်ရန် ဖြစ်သည်။

Ocean Spiral ကို တည်ဆောက်ရန် နည်းပညာကို အချိန် ၁၅ နှစ်ကြာ သုတေသန ပြုလုပ် ရဦးမည်ဖြစ်ပြီး ကုန်ကျစရိတ် မှာလည်း အမေရိကန် ဒေါ်လာ ၂၅ ဘီလီယံ ထက်မနည်း ရှိမည်ဖြစ်သည့် အတွက် Shimizu သည် တိုကျို တက္ကသိုလ် အပါအဝင် ဂျပန်စွမ်းအင် ကုမ္ပဏီများ၏ နည်းပညာ အကူအညီဖြင့် Ocean Spiral ကို တည်ဆောက် သွားမည်ဖြစ်ပြီး ကုန်ကျစရိတ် ကိုမူ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု နှင့် ဂျပန်အစိုးရ တို့၏ ထောက်ပံ့ ကူညီမှုတို့ အပေါ် အားကိုး အားထား ပြုသွားမည် ဖြစ်သည်။

Ocean Spiral ရေအောက်မြို့တော် ကို အပိုင်းသုံးပိုင်း ခွဲထားမည် ဖြစ်ပြီး ထိပ်ပိုင်းတွင် စက်ဝိုင်းပုံ တည်ဆောက်မည် ဖြစ်ကာ သမုဒ္ဒရာ ရေမျက်နှာ ပြင်အောက် ကပ်လျက် အနေအထားတွင် ထားရှိမည် ဖြစ်ပြီး ယင်း စက်ဝိုင်းပုံ ထဲတွင် နေအိမ်များ၊ ကုမ္ပဏီ ရုံးခန်းများ၊ ဟိုတယ်များ တည်ရှိမည် ဖြစ်သည်။ ယင်းစက်ဝိုင်းကို ဒေါက်ဖြင့် ထောက်ထားမည် ဖြစ်ပြီး အရှည် ၁၅ ကီလိုမီတာ ရှိသော ခရုပတ်ပုံ လမ်းကြောင်း အတိုင်း ရေအောက် ကြမ်းပြင်သို့ ဆင်းသွားမည် ဖြစ်ကာ ရေအောက် ကြမ်းပြင် အောက်အနက် လေးကီလိုမီတာ အထိ ဖောက်ဝင် ကုတ်တွယ် ထားမည် ဖြစ်သည်။

ရေအောက် ကြမ်းပြင်တွင် ဂေဟ စနစ်ကို ထိန်းသိမ်း ပေးနိုင်သော ကမ္ဘာ့စက်ရုံ တည်ရှိမည်ဖြစ်ကာ မိုက်ခရို ဗက်တီးရီးယား များကို အသုံးပြုကာ ကာဗွန်ဒိုင် အောက်ဆိုဒ်ကို မီသိန်း ဓာတ်ငွေ့ ဖြစ်အောင် ပြောင်းယူမည် ဖြစ်ပြီး ခရုပတ်ပုံတွင် တပ်ဆင် ထားရှိသော မီးစက်များကို မောင်းနှင်မည် ဖြစ်သည့်အပြင် မီးစက်များက ပင်လယ်ရေ အပူချိန် ပြောင်းလဲမှုကို လည်း အသုံးပြုကာ သီးခြား စွမ်းအင် ထုတ်ပေးမည် ဖြစ်သည်။ ရေအောက် မြို့တော် အတွက် သောက်သုံးရေ ကိုမူ ပင်လယ်ရေကို ဆားဓာတ် နုတ်ကာ ဟိုက်ဒရောလစ် ပန့်များဖြင့် ပို့ဆောင်ပေးမည် ဖြစ်သည်။

''ဒါဟာ ကယောင်ကတမ်း မက်တဲ့ အိပ်မက် မဟုတ်ပါဘူး။ တကယ် လက်တွေ့ ဆောင်ရွက် သွားမယ့် ရေအောက်မြို့တော် စီမံကိန်း ဖြစ်ပါတယ် ... '' ဟု Shimizu ကုမ္ပဏီ မှ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပြခဲ့ကြောင်း သိရသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment