Saturday, September 27, 2014

မူဆယ်၊ မြ၀တီနှင့် ကိုးကန့်ဒေသတွင် စက်မှုဇုန်များဖော်ထုတ်မည်

တိုင်းရင်းသားလူမျိုးများနေထိုင်သည့် နယ်စပ်ဒေသများအတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် စက်မှုဇုန်လုပ်ငန်းများကို ပိုမိုတိုးချဲ့ကာ လုပ်ကိုင်ခွင့်ပြုသွားရန် ရည်ရွယ်ထားကြောင်း ရင်းနှီးမြှုပ်နှံ မှုကော်မရှင်ထံမှသိရှိရသည်။

ကျေးလက်နှင့်နယ်စပ်ဒေသများအတွင်း စီးပွားရေးလုပ်ငန်းများ တစ်ခုချင်းအလိုက် လုပ်ကိုင်ဆောင်ရွက်ရန်အတွက် အခြေခံအဆောက်အအုံများဖြစ်သည့် လျှပ်စစ်ဓာတ်အား၊လမ်းပန်းဆက်သွယ်ရေးနှင့်အခြားလိုအပ်ချက်များ ရှိနေသော်လည်း စုပေါင်းလုပ်ဆောင်ကြမည့် စက်မှုဇုန်များအဖြစ် ဖန်တီးပေးပါက ရင်းနှီးမြှုပ်နှံမှုများ ပိုမိုများပြားလာကာ အလုပ်အကိုင်အခွင့်အလမ်းများလည်း ပိုမိုပေးအပ်နိုင်မည်ဖြစ်ခြင်းကြောင့် နယ်စပ်ဒေသများတွင် စက်မှုဇုန်အကောင်အထည်ဖော်ဆောင်မှု အရှိန်မြှင့်တင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။

လက်ရှိတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ထိုင်းနိုင်ငံတို့နှင့် နီးစပ်သည့် မူဆယ်မြို့၊ မြဝတီမြို့များနှင့်ကိုးကန့်ဒေသတို့တွင် စက်မှုဇုန်လုပ်ငန်းများ ဖော်ထုတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

''အဓိကကတော့ တိုင်းရင်းသားတွေ အလုပ်အကိုင်အခွင့်အလမ်းတွေ တိုးပွားစေလိုပါတယ်။ရင်းနှီးမြှုပ်နှံမှုအနေနဲ့ ရန်ကုန်၊ မန္တလေးစတဲ့ မြို့ကြီးတွေမှာသာမက သက်ဆိုင်ရာ နယ်စပ်ဒေသအလိုက် အလုပ်အကိုင်တွေရှိလာမယ်၊ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုတွေ ဖွံ့ဖြိုးလာမယ်ဆိုရင် ဒေသရဲ့စီးပွားရေးတွေလည်း အခြေအနေမြင့်မားလာမှာဖြစ်ပါတယ်။ကျွန်တော်တို့အနေနဲ့လက်ရှိမှာ မူဆယ်ကုန်သွယ်ရေးဇုန်မှာ မြို့သစ်စီမံကိန်းတစ်ခု ချထားပေးတာရှိပါတယ်။ ဒါ့အပြင် စက်မှုလုပ်ငန်းရပ်ကွက်တွေ၊ ဟိုတယ်/ခရီးလုပ်ငန်းတွေ၊အခြားကုန်သွယ်ရေးလုပ်ငန်းတွေကိုလည်း အရှိန်မြှင့်ပြီး မူဆယ်မှာ လုပ်ဆောင်သွားဖို့ရှိပါတယ်''ဟု ဦးအောင်နိုင်ဦးက ပြောကြားသည်။

ထို့အပြင် မြဝတီမြို့နှင့်ထိုင်းနိုင်ငံနယ်စပ်ရှိ မြို့နယ်များတွင်လည်း အလားတူ စီးပွားရေးစက်မှုဇုန်များ ပေါ်ထွက်လာရေးအတွက် လုပ်ငန်းညှိနှိုင်းမှုများ ဆောင်ရွက်လျက်ရှိပြီး ကိုးကန့်ဒေသ၌လည်း အထူးစီးပွားရေးဇုန်တစ်ရပ်ကို ဖော်ဆောင်သွားရန်ရှိပြီး လာမည့် ၂ဝ၁၅ ခုနှစ်အတွင်း လုပ်ငန်းများ စတင်နိုင်ရေးအတွက် သက်ဆိုင်ရာ ဒေသခံအုပ်ချုပ်ရေး၊စီးပွားရေးလုပ်ငန်းနယ်ပယ်အလိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ယင်းဒေသအတွင်း ဖော်ဆောင်မည့် စက်မှုဇုန်ကို ပြည်တွင်းနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုများအပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကိုလည်း ခွင့်ပြုပေးထားသည့်အတွက် နယ်စပ်ဒေသမှ တိုင်းရင်းသားလူမျိုးများ အလုပ်အကိုင်အခွင့်အလမ်းများနှင့်စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများ ရရှိလာစေမည်ဖြစ်ကြောင်း သိရသည်။


No comments:

Post a Comment