ရန်ကုန် စက်တင်ဘာ ၂၆
ရန်ကုန်တိုင်း ဒေသကြီး လှိုင် သာယာမြို့နယ်၌ ၂ဝ၁၄ ခုနှစ်တွင် ကျူးကျော်
ဆောက်လုပ် နေထိုင်မှု အမြင့်ဆုံး ရောက်ရှိလျက်ရှိရာ ချောင်းကျူး၊
မြောင်းကျူး၊ လမ်းနယ်ကျူးများ အနက် အမှတ်(၃) ရပ်ကွက် အပိုင်(၂) သာယာကုန်း
ချောင်းနံဘေး လေဘာကုန်း တံတားအနီးရှိ ဂက်စ်ပိုက်လိုင်းပေါ်တွင်
စားသောက်ဆိုင် နှင့်တဲများ အစီအရီ ဆောက်လုပ် နေထိုင်လျက်ရှိသည်။ ၎င်းတို့သည်
အမှိုက်များကို ပိုက်လိုင်းအနီးနှင့် ပိုက်လိုင်းပေါ်သို့
စွန့်ပစ်ထားမှုကြောင့် မီးဘေးအန္တရာယ် စိုးရိမ်ရသည့်အပြင်
ဂက်စ်ပိုက်လိုင်းထိခိုက်ပါက ဓနိတဲများမှတစ်ဆင့် တစ်ဆက်တစ်စပ်တည်းရှိသော
ရပ်ကွက်ကိုပါ အန္တရာယ်ရှိနိုင်သည်။ ထို့ကြောင့် ဂက်စ်ပိုက်လိုင်းပေါ်
ဆောက်လုပ်ထားသော ဆိုင်တဲများမှ မီးဘေးအန္တရာယ်ကို ရပ်ကွက်သူရပ်ကွက်သားများ
စိုးရိမ်လျက်ရှိကြောင်း သိရသည်။
လှိုင်သာယာ ဂက်စ်အရောင်း ဆိုင် (၁)၊ (၂)သို့ ဆက်သွယ်ထား သော ၁၄ လက်မ
အရွယ်ဂက်စ်ပိုက်လိုင်းသည် ရွှေပြည်သာခွဲရုံမှ ပို့ လွှတ်သော
ဂက်စ်ပိုက်လိုင်းဖြစ်ပြီး ဂက်စ်ပိုက်လိုင်းထိခိုက်မိ၍ ဂက်စ်ယိုစိမ့်မှု၊
မီးလောင်မှုသုံးကြိမ် ဖြစ်ပွားခဲ့သည်။ ရွှေလင်ပန်းစက်မှုဇုန်၌ Back Hole
ယာဉ်ဖြင့် ထိခိုက်မိသော ဖြစ်စဉ်တွင် မီးလောင်မှုဖြစ်၍
ဂက်စ်ပိုက်လိုင်းအနီးရှိတဲမှ အမျိုးသမီးတစ်ဦးသေဆုံးမှု ဖြစ်ပွားခဲ့သည်။
ယခုကဲ့သို့ ဂက်စ်ပိုက်လိုင်းအပေါ်ရှိ စားသောက်ဆိုင်နှင့်
တဲများမှစွန့်ပစ်သော အမှိုက်များမှတစ်ဆင့် မီးလောင်မှုဖြစ်ပေါ်နိုင်၍
ဂက်စ်ပိုက်လိုင်းအနီး နေထိုင်သောတဲများရှိ မသိနားမလည်သော ကလေးများ
ဆော့ကစားမိရာမှ အန္တရာယ်ဖြစ်နိုင်သည်။ သို့ဖြစ်၍ ကြိုတင်ကာကွယ် သည့်အနေဖြင့်
ဂက်စ်ပိုက်လိုင်းနှင့် မလွတ်သောတဲများကို ရွှေ့ပြောင်း ပေးရန် အမှတ်(၃)
ရပ်ကွက်နေပြည်သူများက လိုလားလျက်ရှိ ကြောင်းသိရသည်။

No comments:
Post a Comment