Tuesday, September 9, 2014

ဆရီနာဝီလျံ ယူအက်စ်အိုးပင်းတင်းနစ်ဆု ခြောက်ကြိမ်မြောက်ဆွတ်ခူး

နယူးယောက်− တနင်္ဂနွေနေ့က ကျင်းပခဲ့သော ယူအက်စ်အိုးပင်း အမျိုးသမီးတင်းနစ်ဗိုလ်လုပွဲတွင် အမေရိကန်မှ ကမ္ဘာ့နံပါတ်(၁)တင်းနစ်မယ် ဆရီနာဝီလျံက ဒိန်းမတ်တင်းနစ်မယ် ကာရိုလိုင်းဝေါ့ဇ်နီယက်ကီကို  ၆-၃၊ ၆-၃ ဖြင့် အနိုင်ရကာ ဗိုလ်စွဲသွားခဲ့သည်။
ယခုနှစ်၏နောက်ဆုံး ဂရမ်းဆလန်းဆုဖြစ်သော ယူအက်စ်အိုးပင်း ချန်ပီယံဆုကိုရခဲ့သည့်အတွက် ဆရီနာမှာ ထိုဆုကို ခြောက်ကြိမ်မြောက် ဆွတ်ခူးနိုင်ခြင်းဖြစ်ခဲ့ကာ ယခင်က ခရစ်အီဗတ်နှင့် နာဗရာတီလိုဗာတို့ တင်ထားခဲ့သည့် အဓိကဂရမ်းဆလန်းဆုကြီး ၁၈ ဆုအထိ ရခဲ့သည့်စံချိန်ကိုလည်း မီသွားခဲ့သည်။ ယခုလကုန်တွင် အသက်(၃၃)နှစ်ပြည့်မည့် ဆရီနာက ဂရမ်းဆလန်းဆု (၁၈)ခုအထိ ဆွတ်ခူးနိုင်၍ ဝမ်းသာဂုဏ်ယူမိကြောင်း ဆိုသည်။

‘‘ဒီလိုမျိုးအောင်မြင်မှုတွေနဲ့ကျွန်မရဲ့နာမည်ကို မှတ်တမ်းတင်လိမ့်မယ်ဆိုတာကို တစ်ခါမှ မတွေးခဲ့ဖူးတာပါ’’ဟု စံချိန်ရှင်များဖြစ်သော အီဗတ်နှင့် နာဗရာတီလိုဗာတို့က ဆရီနာအား ဆု(၁၈)ခုရသည့် အထိမ်းအမှတ် ‘18 Charm’ဟု အမည်ရေးထွင်းထားသော ရွှေလက်ကောက်ကို လက်ဆောင် ဝတ်ဆင်ပေးပြီးနောက် ဆရီနာက ပြောသည်။
ဝေါဇ်နီယက်ကီနှင့် ဆရီနာတို့သည် ပထမပွဲငယ်တွင် အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ပြီးနောက် ဆရီနာက စပေးဘောရိုက်ချက်များဖြင့် ဦးဆောင်ခဲ့ခြင်းဖြစ်သည်။ ဆရီနာသည် ယခုပွဲဗိုလ်စွဲခြင်းကြောင့် ဆုကြေးဒေါ်လာ သုံးသန်းအပြင် ပြိုင်ပွဲစီးရီးတွင် အမှတ်ရရှိမှုဆုကြေးအဖြစ် အပိုငွေဒေါ်လာ တစ်သန်းပါ ရရှိခဲ့သည်။ ၎င်းသည် ပြီးခဲ့သည့် ၂၀၁၂ မှစ၍ ယခု ၂၀၁၄ နှစ်အထိ သုံးကြိမ်ဆက်တိုက်နှင့် ယခင်က ၁၉၉၉၊ ၂၀၀၂ နှင့် ၂၀၀၈ ခုနှစ်များတွင်လည်း ယူအက်စ်အိုးပင်း ချန်ပီယံဆုများ ဆွတ်ခူးနိုင်ခဲ့သည်။

No comments:

Post a Comment