
လွန်ခဲ့သည့် နှစ်ပေါင်း ၇,၀၀၀ ခန့်က စပိန်တွင် နေထိုင်ခဲ့သော စုဝေးနေထိုင်ကာ အမဲလိုက်သည့် လူ့အဖွဲ့အစည်းဝင်တစ်ဦး၏ ဒီအင်န်အေကို စမ်းသပ်စစ်ဆေးမှုများအရ ယခင်ထင်မှတ်ထားသည်ထက် များစွာပို၍ အသားမည်းကြောင်း သုတေသနပြုလုပ်သူများက ဇန်န၀ါရီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။
၂၀၀၆ ခုနှစ်က စပိန်နိုင်ငံရှိ နက်ရှိုင်းသော ဂူတစ်ခုအတွင်းမှ တူးဖော်ရရှိသည့် လာဘရန်နာ- ၁ ဟု အမည်ပေးထားသော ရှေးဦးလူသားတစ်ဦး၏ အရိုးစုမှ သွားတစ်ချောင်းကို နမူနာယူ၍ မျိုးဗီဇဖွဲ့စည်းပုံများကို စစ်ဆေးကြည့်ရာတွင် အသားမည်းမှုနှင့် မျက်လုံးအပြာရောင်ရှိမှု နှစ်ရပ်သည် အံ့ဖွယ်ပေါင်းစပ်နေသည်ကို တွေ့ ရှိရသည်ဟု Nature ဂျာနယ်တွင်ဖော်ပြခဲ့သည်။
လွန်ခဲ့သည့် နှစ်ပေါင်း ၁၀,၀၀၀ နင့် ၅,၀၀၀ အကြား မီဆိုလစ်သစ် ခေတ်အတွင်းက ဥရောပတိုက်သားများကို ယခင်က အသားဖြူလိမ့်မည်ဟု ယူဆခဲ့ကြသည်။ လတ္တီတွဒ်မြင့်မားသည့်အဆင့်တွင် နေထိုင်သောကြောင့် ခရမ်းလွန်ရောင်ခြည်ထိတွေ့ မှုနည်းပါး၍ အသားဖြူလိမ့်မည်ဟုမှတ်ယူခဲ့ခြင်းဖြစ်သည်။
"အခုထိ ပယ်လေယိုလစ်သစ် အထက်ခေတ်အတွင်း အစောပိုင်းဥရောပဒေသကနေ ဆင်းသက်လာသူတွေကို အသားအရောင် ဖျော့လိမ့်မယ်လို့ပဲ မှတ်ယူထားပါတယ်။ဒါပေမဲ့ အခုဒီလိုမဟုတ်ဘူးဆိုတာ ရှင်းနေတာပဲ" ဟု စပိန်နိုင်ငံ ဆင့်ကဲဖြစ်စဉ်ဆိုင်ရာ ဇီဝဗေဒဌာနမှ ချားလ်လာလုဇာဖော့စ်က ပြောကြားခဲ့သည်။
"အခု ဗီဇစမ်းသပ်ခဲ့တဲ့သူဟာ အရေပြားရောင်ခြယ်ဆဲလ်ဗီဇတွေကို အာဖရိကအနွယ်တွေကနေရရှိခဲ့ပါတယ်" ဟုလည်း သူကဆက်လက်ပြောကြားခဲ့သည်။
ပယ်လေယိုလစ်သစ်အထက်ခေတ်ခေါ် ကျောက်ခေတ်နှောင်းသည် လွန်ခဲ့သည့်နှစ်ပေါင်း ၅၀,၀၀၀ မှ ၁၀,၀၀၀ အတွင်းတည်ရှိပြီး ယင်းနောက်တွင် မီဆိုလစ်သစ်ခေါ် ကျောက်ခေတ်လယ်ရှိပြီး လွန်ခဲ့သည့်နှစ်ပေါင်း ၅,၀၀၀ ခန့်အထိကို သတ်မှတ်သည်။ ယင်းတို့၏နောက်တွင် ဥရောပတိုက်သည် နီယိုလစ်သစ်ခေါ် ကျောက်ခေတ်သစ် အတွင်းသို့ ၀င်ရောက်လာခဲ့သည်။
လာလုဇာဖော့စ်၏ပြောကြားချက်အရ ဥရောပတိုက်သားများ အရေပြားအရောင်ဖျော့လာခြင်းမှာ ထင်မှတ်ထားသည်ထက် များစွာနောက်ကျခဲ့ပြီး နီယိုလစ်သစ်ခေတ်အတွင်း စုဝေးနေထိုင်ကာ အမဲလိုက်သည့်လူ့အဖွဲ့အစည်းမှ လယ်သမားလူ့အဖွဲ့အစည်းသို့ ကူးပြောင်းလာချိန်ကျမှသာ စတင်ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်းသိရသည်။
ယင်းကဲ့သို့ အရေပြားအရောင်ဖျော့လာခြင်း၏ ဖြစ်နိုင်ဖွယ်အကြောင်းရင်းမှာ စားသုံးသည့် အစာအာဟာရပြောင်းလဲခြင်းနှင့်ပတ်သက်နေပြီး ဘ၀နေထိုင်ဟန်ပြောင်းလဲခြင်းကြောင့် ဗီတာမင်ဒီရရှိမှုလျော့နည်းခြင်းဖြစ်နိုင်သည်ဟုဆိုသည်။ဗီတာမင်ဒီကို သဘာဝအတိုင်းမရရှိနိုင်သောကြောင့် လူ၏အရေပြားသည် နေရောင်ခြည်နှင့် ထိတွေ့ မှုကိုအသုံးပြုကာ ဗီတာမင်ဒီကို ထုတ်လုပ်ရသည်။ သို့သော် မည်းမှောင်သော အရေပြားများသည် ဖြူသောအရေပြားထက် ထုတ်လုပ်မှုများစွာလျော့နည်းပြီး ဆင့်ကဲဖြစ်စဉ်တစ်လျှောက် အသားအရေပြောင်းလဲလာခြင်းဖြစ်သည်ဟု ဆိုသည်။
No comments:
Post a Comment