Tuesday, September 9, 2014

MPT ဆင်းမ်ကတ်ကိုယ်စားလှယ်ဆိုင်များ ဈေးတင်ရောင်းပါက ခွဲတမ်းထပ်မပေးတော့ဟုဆိုပြန်ပြီ

MPT ဆင်းမ်ကတ် တစ်ဆင့်ပြန်လည်ရောင်းချသည့် ကိုယ်စားလှယ်ဆိုင်များ ဈေးတင်ရောင်းချသည်ကို စုံစမ်းသိရှိရပါက ထပ်မံချထားမည့် ဆင်းမ်ကတ်ခွဲတမ်းများပေးတော့မည် မဟုတ်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ဒုအင်ဂျင်နီယာချုပ် ဦးသိန်းဟုတ်က ပြောလိုက်ပြန်သည်။

‘‘ဆင်းမ်ကတ်တွေကို ဆိုင်ကနေ တိုးဝယ်ပြီး ပြန်သွင်းတဲ့ လူတန်းစားတစ်ရပ် ရှိနေပြီး သူတို့က ဈေးကွက်တစ်ခုကို ဖန်တီးနေလို့ အခုလို ဈေးတင်ရောင်းတာတွေ ဖြစ်နေတာပါ။ ကျွန်တော်တို့ဆီက တစ်ဆင့် ပြန်ရောင်းတဲ့ ဆိုင်တွေက ဈေးတင်ရောင်းတယ်ဆိုရင် နောက်ထပ်ခွဲတမ်းတွေ ထပ်ချပေးတော့မှာ မဟုတ်ပါဘူး’’ ဟု ဦးသိန်းဟုတ်က ပြောသည်။


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် စက်တင်ဘာ ၁ ရက်က ဆင်းမ်ကတ်များကို လက်လီ အရောင်းဆိုင်များမှတစ်ဆင့် စတင်ရောင်းချပေးခဲ့ပြီး အရောင်းဆိုင် အနည်းငယ်တွင်သာ ရောင်းချပေးနိုင်သည့်အတွက် ကျပ်တစ်သောင်းခွဲကျော်အထိ ဈေးတင် ရောင်းချမှုများ ဖြစ်ခဲ့သည်။

‘‘ ဆင်းမ်ကတ်တွေကို နောက်ထပ်ခွဲတမ်းနဲ့ ထပ်ချပေးဖို့ရှိပါတယ်။ အမှန်တကယ်သုံးမယ့်လူတွေကို ခဏစောင့်ဖို့ ပြောချင်ပါတယ်။ ရက်တွေအကြာကြီးစောင့်ခဲ့ပြီးမှ ဒီရက်ပိုင်းလေးအတွင်းကို ခဏတော့ စောင့်စေချင်ပါတယ်’’ ဟု ဦးသိန်းဟုတ်က ပြောသည်။

မြန်မာ့ဆက်သွယ်ရေးသည် လက်ရှိအချိန်အထိ ဆင်းမ်ကတ်များကို အရောင်းဆိုင်များသို့ ခွဲတမ်းတစ်ကြိမ်သာ ချထားပေးနိုင်သေးပြီး ထပ်မံချထားပေးမည့်ရက်ကို မသိရသေး၍ အရောင်းဆိုင်အချို့တွင် ကျပ်နှစ်သောင်းခွဲအထိ ပြန်လည်ရောင်းချလာကြောင်း ဆင်းမ်ကတ် အရောင်းအ၀ယ်ပြုလုပ်သူအချို့က ပြောသည်။ ‘‘တစ်ကတ်ချင်းဝယ်မယ်ဆိုရင်တော့ နှစ်သောင်းခွဲပါ။ ဆယ်ကတ်နဲ့အထက် ၀ယ်ဆိုရင်တော့ နှစ်သောင်းသုံးထောင်နဲ့ လျှော့ပေးပါတယ်’’ ဟု ရန်ကုန်မြို့တွင် ဆင်းမ်ကတ် အရောင်းအ၀ယ်ပြုလုပ်သည့်ဆိုင်မှ တာဝန်ခံတစ်ဦးကပြောသည်။

MPT ဆင်းမ်ကတ်များကို အချို့အရောင်းဆိုင်များတွင် သီးသန့်ရောင်းချခြင်းမပြုဘဲ ဟန်းဆက်ဝယ်ယူပါက အခမဲ့အနေဖြင့် ပေးလေ့ရှိသည်။ သို့သော် ဟန်းဆက်ဝယ်ယူသော်လည်း ဆင်းမ်ကတ် အခမဲ့ပေးခြင်း မရှိဘဲ ကျပ်နှစ်သောင်းခွဲဖြင့် ၀ယ်ယူမှသာပေးသည့် ဆိုင်များလည်း ရှိနေကြောင်း မိုဘိုင်းဖုန်းအသုံးပြုသူအချို့ထံမှ သိရသည်။

‘‘ MPT ကတ်ကို အပြင်မှာ ဈေးကြီးပေးပြီး ၀ယ်ရမှာစိုးလို့ ဟန်းဆက်ဝယ်ရင်တော့ ဆိုင်ကပေးမှာပဲဆိုပြီး ဒီနေ့ဟန်းဆက် အသစ်တစ်လုံး သွားဝယ်တယ်။ တစ်ကတ်ကို နှစ်သောင်းခွဲပေးမှရမယ်။ ဟန်းဆက်ဝယ်ရင် မပေးဘူးဆိုပြီးပြောလို့ မ၀ယ်ခဲ့လိုက်ဘူး ’’ ဟု ရန်ကုန်မြို့နေ ကိုရဲက အရောင်းဆိုင်တစ်ခုတွင် ၎င်းကြုံ တွေ့ခဲ့ရပုံကို ပြောပြသည်။

No comments:

Post a Comment