Sunday, October 12, 2014

ကော်ရှူမှုအန္တရာယ် ၀ိုင်းဝန်းကာကွယ်

ယနေ့ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်ကြီး သည် ခေတ်မီ ဖွံ့ဖြိုးမှု လမ်းကြောင်း ပေါ်သို့ ရောက်ရှိ လျှောက်လှမ်း နေချိန်၊ ပွင့်လင်း မြင်သာမှု၏ အသီးအပွင့် များကို ရရှိ ပိုင်ဆိုင် လာကြချိန်လည်း ဖြစ်ပေသည်။ ထိုကဲ့သို့သော အချိန်အခါ မျိုးတွင် တရားမဝင် ကုန်သွယ် ရောင်းဝယ်မှုများ ရှိသကဲ့သို့ ဥပဒေ ဘောင်ပြင်ပမှ လှုပ်ရှား လာကြသူ များလည်း ရှိလာ ကြသည်။

မိမိကိုယ်ကျိုး တစ်ခုတည်း ကိုသာ ကြည့်ပြီး မတော် လောဘဖြင့် စီးပွားရှာ လာကြသည်။ လွတ်လပ်မှုကို အခွင့်ကောင်း ယူ၍ မသမာ စီးပွားရှာ လာကြ သူများ မြန်မာနိုင်ငံ တစ်ဝန်း များစွာ နေရာယူ လာလျက် ရှိသည်။ ထိုအထဲတွင် မူးယစ်ဆေးဝါး တင်သွင်း ဖြန့်ဖြူး ရောင်းချသူ၊ သုံးစွဲသူ အများအပြား ရှိလာကြောင်း ကိုလည်း သတင်းစာ များ၏ စာမျက်နှာများ ပေါ်တွင် များသော အားဖြင့် တွေ့နေ ရသည်။

ထိုမျှမက မူးယစ်ဆေးဝါး သုံးစွဲတတ် စေမည့် လမ်းကြောင်း ပေါ်သို့ တွန်းပို့ ပေးနေသည့် ကော်ရှူသည့် အလေ့အထများ လူငယ်များ ကြားတွင် နေရာယူ လာလျက် ရှိသည်။ ကော်ရှူသူ အများစုကို လေ့လာ ကြည့်လျှင် အသက်(၁၁) နှစ်မှ (၁၇)နှစ် အကြား လူငယ် လူရွယ်လေး များဖြစ် ကြသည်။

ထိုအထဲတွင် လေလွင့် လူငယ်လေး များဖြစ်သည့် ခိုကိုးရာမဲ့ ကလေးငယ် အများအပြား ပါဝင်ပြီး ခိုး၊ ဆိုး၊ နှိုက် ကြ သူများလည်း ပါဝင်သည်။ ကော်ရှူကြ ရာတွင် သစ်သား ဆက်ကော်၊ ပိုက်ဆက် ကော်များကို အရှူများ ကြပြီး ဝယ်ယူရသည့် ဈေးနှုန်း မှာလည်း ငွေကျပ် ၅ဝဝ မှ ငွေကျပ် ၁၅ဝဝ ခန့်သာ ရှိသောကြောင့် လူငယ်လူရွယ် များကြား ကော်ရှူသည့် အမူအကျင့် ဆိုးများ ကူးစက်ရန်မှာ လွယ်ကူ လှပေသည်။

လူငယ်များ ရှူရှိုက် နေသည့်ကော်မှာ ဓာတုပစ္စည်း လေးမျိုးကိုသာ ရှူရှိုက် နေကြရာ ကျန်းမာရေး အန္တရာယ် ဆိုးကြီးကို ဝယ်ယူ ရှူရှိုက် နေကြခြင်း ဖြစ်သည်။ ကော်ရှူခြင်း သည် အသက် အန္တရာယ်ကို ခြိမ်းခြောက်ရုံ မျှမက ကော်ရှူ သုံးစွဲခြင်းမှ အစပြု၍ အရက်၊ ဆေးလိပ်၊ ဆေးခြောက် နှင့် မူးယစ်ဆေးစွဲ သမားဘဝသို့ ရောက်ရှိ စေနိုင်သဖြင့် လူငယ်လူရွယ် များအကြား ကော်ရှူသည့် အလေ့အထ ကို ဝိုင်းဝန်း တိုက်ထုတ် ကြရမည် ဖြစ်သည်။

နိုင်ငံတကာ လေ့လာချက် များအရ ကော်ရှူခြင်း အပါအဝင် အငွေ့ရှူခြင်း ( Inhalant use ) ကို နိုင်ငံများစွာရှိ လူငယ် လူရွယ်များ ကျယ်ကျယ် ပြန့်ပြန့် သုံးစွဲနေကြ သည်ကိုတွေ့ရပြီး အမေရိကန် တွင် ဆယ်ကျော်သက် အရွယ် ၂ဝ ရာခိုင်နှုန်း မှာ အငွေ့ရှူခြင်း ကို အသုံးပြု နေကြသည်။

ယခုအခါ မြန်မာနိုင်ငံ အတွင်း လူငယ်လူရွယ် များအကြား ကော်ရှူ သုံးစွဲမှု ပြဿနာ တစ်ရပ်သည် မူးယစ်ဆေးစွဲ သမားဘဝများ သို့ ရောက်အောင် တွန်းပို့ ပေးနေသည့် အလား နေရာယူလာ နေပြီ ဖြစ်သောကြောင့် လူမှုဝန်ထမ်း ဦးစီးဌာန က ပညာပေး အရေးယူ မှုများ ပြုလုပ် ခဲ့ကြောင်း သိရသည်။

သို့ဖြစ်ရာ ပြည်သူအားလုံး တို့က လူငယ်လူရွယ် များအကြား ပျံ့နှံ့ ရောက်ရှိ နေသည့် ကော်ရှူခြင်း အပြုအမူ အကျင့်ဆိုး များကို ဝိုင်းဝန်း တားဆီး ကာကွယ်ကြ ရမည်ဖြစ်ပြီး မူးယစ် လမ်းကြောင်း ပေါ်သို့ ရောက်ရှိ နေကြသည့် လူငယ်လူရွယ် လေးများကိုလည်း အမှောင်ခွင်း၍ အလင်းဆောင်ကာ လမ်းကြောင်းမှန် ပေါ်သို့ ရောက်ရှိ စေရေး မေတ္တာ ရှေ့ထားကာ ဝိုင်းဝန်း တည့်မတ် စောင့်ရှောက် ပေးကြရမည် ဖြစ်ပါကြောင်း တိုက်တွန်း ရေးသား လိုက်ရပေသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment