(၈.၁၀.၂၀၁၄)
သီတင်းကျွတ်လပြည့် ကျောက်ဆည်ဆင်ပွဲတော်သို့ အလည်တစ်ခေါက်
သွားရောက်လေ့လာဖြစ်ခဲ့ပါတယ်။
မြန်မာ့ရိုးရာ ယဉ်ကျေးမှုပွဲ တစ်ခုကို သွားရောက်လေ့လာခွင့်ရလိုက်တော့
အရမ်းပျော်ခဲ့မိပါတယ်။
သိတဲ့အတိုင်းပဲလေ။
အညာနွေရဲ့ နှုတ်ဆက်အပူ၊ ချွေးကတလူလူ၊ ဖုံကထူထူနဲ့ အတော်လူ
စည်ကားလှတဲ့ပွဲပါ။ ဆင်ရုပ်ထဲမှာ ဝင်ပြီးကပြနေတဲ့ လူနှစ်ယောက်ကတော့
ပူရမှန်းတောင်သိလေလား မသိ။ စိတ်ဝင်စားစရာကောင်းတာတွေကတော့ အများကြီးပါ။
ဒီနေရာမှာ ကြုံကြိုက်လို့ လေ့လာမိသမျှ ဖတ်မိမှတ်မိသမျှလေး တင်ပြပါရစေ။ "မြန်မာအစကျောက်ဆည်က"လို့ဆိုရိုးစကားရှိသည်နှင့်အညီ
ကျောက်ဆည်မြို့ရဲ့ သမိုင်းကြောင်းဟာ အတော်နက်ရှိုင်းလှပါတယ်။ မှန်ပါတယ်။
ယခင်က ကျွန်တော်တို့ ကျောက်ဆည်မြို့အနီး မက္ခရာမြို့ဟောင်းကို
နှစ်ကြိမ်တိုင်တိုင် သွားရောက်လေ့လာခဲ့စဉ်က တော်တော်လေး
ဆွေးမြေ့နေပြီဖြစ်တဲ့ ပျူခေတ်အရိုးပြာအိုးများစွာကို လေ့လာခဲ့ကြရပါတယ်။
အဲဒီနောက် တမုတ်ရွှေဂူကြီးဘုရားမှာလည်း ပျူခေတ်အရိုးပြာအိုးများစွာကို
လေ့လာခဲ့ကြရပြန်ပါတယ်။ အဲဒါအပြင် ကျောက်ဆည်နယ်တစ်ဝိုက်မှာ
မြင်စိုင်းမြို့ဟောင်းကဲ့သို့သော ရှေးဟောင်းအမွေအနှစ်များစွာတို့ဟာ
ကျောက်ဆည်၏ ရှေးကျမှုကို သက်သေခံနေပါတယ်။ သို့သော်လည်း ပဉ္စာတကောင်းမြို့ကို
တူးဖော်လိုက်တဲ့ အခါမှာတော့ တကောင်းမြို့ဟောင်းက ပိုပြီး
ရှေးကျနေတာကိုတွေ့ရပါတယ်။
"ကျောက်ဆည်"ဆိုတာ "ကျောက်တုံးတွေနဲ့တည်ဆောက်ထားတဲ့ဆည်"လို့ဆိုပါတယ်။
(၁၁ရာစု) အနော်ရထာမင်းဟာ လယ်တွင်း(၉)ခရိုင်အတွက် ကျောက်တွေနဲ့ဆည်တစ်ခု
တည်ဆောက်ခဲ့ တယ်လို့ဆိုပါတယ်။ အဲဒီကျောက် ဆည်ရဲ့ အနီးနားမှာ
တည်ဆောက်ထားတဲ့မြို့ကို "ကျောက်ဆည်မြို့"လို့ခေါ်ဆိုတယ်လို့ဆိုပါတယ်။ တချို့ကလည်း "ကျောက်ဆင်"ကလာတယ်လို့ဆိုကြပါတယ်။
ရှေးအခါက အဲဒီနေရာမှာ တောဆင်ရိုင်း တွေများစွာနေထိုင်ကျက်စားခဲ့ကြပြီး၊
၎င်းဆင်ရိုင်းတွေကိုဖမ်းကာ ကျူံးသွင်းတဲ့ နေရာလည်းဖြစ်ခဲ့ဘူးတယ်
လို့ဆိုပါတယ်။ ကျောက်ဆင်ရုပ်များထုလုပ်ထားလို့ "ကျောက်ဆင်မြို့"လို့ခေါ်ကြောင်း၊ ၄င်းကျောက်ဆင် မြို့ကနေ ကျောက်ဆည်မြို့ဖြစ်လာကြောင်းလည်းဆိုကြပါတယ်။
တကယ်တော့ "ကျောက်ဆည်ဆင်ပွဲတော်"ဆိုတာထက် "ကျောက်ဆည်ဆင်လှူပွဲတော်"လို့ဆိုတာက ပို၍မှန်မယ်ထင်ပါတယ်။ တလက်စတည်း သမိုင်းကြောင်းလေးနဲနဲ ရှင်းပြပေးပါဦးမယ်။
(၁၁ရာစုခေတ်) ပုဂံပြည်ကို "အနော်ရထာမင်းကြီး"စိုးစံနေစဉ် တစ်ချိန်တည်းမှာ သီရိ လင်္ကာနိုင်ငံကို "ဓာတုသေနမင်းကြီး"စိုးစံနေပြီး၊ သူတို့ဟာ ရင်းနှီးကျွမ်းဝင်တဲ့ အဆွေခင်ပွန်းများ ဖြစ်ကြပါတယ်။ အနော်ရထာမင်းကြီးက သီရိလင်္ကာရှိ ဗုဒ္ဓဆွယ်တော်ကို
ကိုယ်းကွယ်လိုသဖြင့် မေတ္တာရပ်ခံတောင်းခံခဲ့ရာ၊ သီရိလင်္ကာဘုရင်ဟာ
ဆွယ်တောပွားတစ်ဆူဖို့် သစ္စာအဓိဌာန်ပြုရာ ထွက်ပေါ်လာတဲ့ ဆွယ်တော်ပွားတစ်ဆူကို
ပုဂံအနော်ရထာမင်းကြီးအား လက်ဆောင်ပေးခဲ့ပါတယ်။ အနော်ရထာမင်းဟာ
ဆွယ်တော်မြတ်ကို နန်းတွင်းမှာသာထားပြီး တစ်ဦးတည်းကိုယ်းကွယ်ခဲ့ရာ
ရှင်အရဟံ၏ မေတ္တာရပ်ခံမိန့်တော်မူချက်ကြောင့် အများပြည်သူများပါ
ကိုယ်းကွယ်နိုင်ရန် စီစဉ်ခဲ့ပါတယ်။ စီမံဆောင်ရွက်ပုံမှာ ဦးစွာ
အနော်ရထာမင်းကြီးဟာ စွယ်တော်ပွား(၅)ဆူရရှိရန် သစ္စာအဓိဌာန်ပြုရာ၊
ထွက်ပေါ်လာတဲ့ ဆွယ်တော်ပွားတစ်ဆူစီကို ဆင်ဖြူတော်ပေါ်တင်ပြီး ၄င်းဆင်ဖြူတော်
ဝပ်သည့်နေရာမှာ ၄င်းဆွယ်တော်ကို ဌာပနာပြု၍ စေတီများတည်ခဲ့ပါတယ်။ ပထမစေတီမှာ
"ရွှေစည်းခုံစေတီ"၊ ဒုတိယစေတီမှာ "တန့်ကြည့်တောင်စေတီ"၊ တတိယစေတီိမှာ "လောကနန္ဒာစေတီ"၊ စတုထ္ဃစေတီမှာ "တူရွင်းတောင်စေတီ"တို့ဖြစ်ပြီး၊
( ဒီအထိကိုတော့ အားလုံးသိရှိပြီးဖြစ်ကြလိမ့်မယ်လို့ထင်ပါတယ်။ ပုဂံမှာ
ဒီဘုရားလေးဆူကို တစ်နေ့တည်း ဖူးမြော်နိုင်လျင် ဘဝတစ်သက်တာ သုခချမ်းမြေ့မှု
ရနိုင်တယ်လို့ဆိုပါတယ်။) ပဉ္စမမြောက်စေတီတည်ဆောက်ရန် ဆင်ဖြူတော်ဟာ ယခု
ကျောက်ဆည် အရပ်ထိ ရောက်လာတယ်လို့ ဆိုပါတယ်။ ဆင်ဖြူတော်ဟာ "ရွှေသာလျောင်းတောင်"မှာခေတ္တလဲလျောင်းအနားယူပြီး၊ အဲဒီနောက် "ခရွှေတောင်"ထက်သို့လည်းကောင်း၊ ထို့နောက် "မြတ်တောင်"ထက်သို့တက်၍
ဝပ်လေသဖြင့် ထိုတောင်ထက်မှာ ပဉ္စမမြောက်စေတီကို တည်ပါတယ်။
အနော်ရထာမင်းကြီးဟာ အဆိုပါ ရွှေသာလျောင်းတောင်နှင့် ခရွှေတောင် တို့မှာ်လည်း
များစွာသော ဓာတ်တော်တို့ကို ဌာပနာ၍ စေတီတစ်ဆူစီတည်ခဲ့ပါတယ်။ ၄င်းအပြင်
(၃)နှစ်တိုင်တိုင် ဘုရားစေတီသိမ်ကျောင်းဇရပ် ရေတွင်းရေကန်များစွာတိုကို
တည်ဆောက်လှူဒါန်းသည့်အပြင် လယ်တွင်း(၉)ခရိုင်နှင့်ဆည်မြောင်းများကိုလည်း
တည်ဆောက်တော်မူခဲ့ပါတယ်။ အဲဒီနောက် ထိုဒေသရှိ ပြည်သူအများ
ကြီးပွားချမ်းသာရေး၊ ကျန်းမာရေးတို့အတွက် "ရွှေသာလျောင်းတောင်ဘုရား"အား ရွှေဆင်ရုပ် ငွေဆင်ရုပ် စသည့် ဆင်လှူပွဲကို နှစ်စဉ် သီတင်းကျွတ်လပြည့်နေ့မှာ် ကျင်းပစေခဲ့ပါတယ်။
ယခုအခါ ၄င်းရွှေဆင်ရုပ် ငွေဆင်ရုပ်များနှင့်အတူ အခြားလှူဘွယ်ပစ္စည်းများပါ ထဲ့၍ လှူဒါန်းလာကြပါတယ်။ ၄င်း "ဆင်လှူပွဲတော်"အထိမ်းအမှတ်အဖြစ် သီတင်းကျွတ်လပြည့်နေ့မတိုင်မီ (အဖိတ်နေ့)မှာ ဂုဏ်ပြုပွဲအဖြစ် "ဆင်အကပြိုင်ပွဲ"များကိုလည်းကျင်းပလာခဲ့ကြပါတယ်။ ၄င်းအဖိတ်နေ့မှာ "ဆင်အကပြိုင်ပွဲ"များကိုကျင်းပပြီး နောက်တစ်နေ့လပြည့်နေ့မှာ ဆုရသူများကိုဆုချီးမြှင့်ကာ၊ အဲဒီဆုရတဲ့အဖွဲ့က ဦးဆောင်ပြီး ရွှေသာလျောင်းတောင်ဘုရားသို့ ဆင်လှူဒါန်းတဲ့ပွဲတော်ကို ကျင်းပရ တယ်လို့ဆိုပါတယ်။
ဆုရွေးချယ်တဲ့အချက်အချို့ကတော့ ၁။ ရွှေချည်ထိုးအလှ ၂။ ဆင်၏အပြင်အဆင် ၃။ ကကွက်ကဟန်များ ၄။ သီချင်းစပ်ဆိုသီဆိုပုံ ၅။ တင်ပြပုံ Presentation တို့ဖြစ်တယ်လို့ဆိုပါတယ်။
ပြိုင်ပွဲမဝင်တဲ့အဖွဲ့များစွာလည်းရှိကြပါတယ်။
သူတို့ကတော့ ကျောက်ဆည်မြို့ မြို့မဈေးကြီးကို (၃)ပတ် ပတ်ပြီး
လှည့်လည်ကပြကြရပါတယ်။ (၃) ပတ်ပြည့်မပြည့်ကို ပွဲတော်ကော်မတီသို့ဝင်၍
တစ်ပတ်ပြည့်တိုင်း လက်မှတ်ရေးထိုးရတယ်လို့ဆိုပါတယ်။ (၃)ပတ်ပြည့်အောင်
မကတဲ့အဖွဲ့ကို ပွဲတော်ဆင်နွှဲခွင့် မပေးဘူးလိှု့ဆိုပါတယ်။
စိတ်ဝင်စားစရာတစ်ခုကတော့ တချို့က ဆင်ရုပ်မဟုတ်ဘဲ ကျွဲရိုင်းရုပ်များဖြင့်
ကပြကြတာကိုလည်းတွေ့ခဲ့ရပြီး၊ သူတို့တတွေဟာ ယခုခေတ်ပေါ် ဟစ်ဟော့သီချင်းများ
ဘရိတ်ဒန့်စ် တီးလုံးများဖြင့် လမ်းမှာ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ခတ်ကြမ်းကြမ်း
အပြိုင်ကကြတာပါ။ ညနေပိုင်း ပွဲပြီးဆုံးကာနီးလေ အရုပ်များကျိုးပဲ့လာလေလေ
နောက်ဆုံး တစ်စစီစုပ်ပြတ်သတ်ထွက်ကုန်သည်အထိ မီးကုန်ယမ်းကုန် ကကြတာပါ။
ဒါဟာတီထွင်ဆန်းသစ်မှု Creation တစ်ခုလို့ဆိုနိုင်ပါတယ်။ နောင်နှစ်တွေမှာလည်း
တစ်ခါတစ်ခေါက် သွားရောက် လေ့လာကြည့်ရှုနိုင်ဖို့ တိုက်တွန်းလိုက်ရပါတယ်။
No comments:
Post a Comment