မြန်မာနိုင်ငံတွင် ကျောက်ဆည် တစ်မြို့တည်း၌သာ ကျင်းပသော ကျောက်ဆည် သီတင်းကျွတ် ဆင်အလှူပွဲတော်ကို သီတင်းကျွတ် လဆန်း ၁၄၊ ၁၅ ရက်များတွင် နှစ်စဉ် ကျင်းပရာ ဆင်အရုပ်ချိုး ကျွမ်းကျင်သူများမှ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ဆင်များကို ပွဲတော်ရက် မတိုင်မီ ပြီးစီးအောင် ဆောင်ရွက် ပေးရကြောင်း သိရသည်။ ကျောက်ဆည် ဆင်ပွဲတော်တွင် သီးသန့်ဖျော်ဖြေ ကပြရသော အလှပြဧည့်ခံဆင်၊ ပြိုင်ပွဲဝင်သော ဘော်ကြယ်ဆင်၊ ရိုးရာဆင်နှင့် ကလေးဆင် အကအဖွဲ့များ ပါဝင်ရာ ပြိုင်ပွဲဝင် အသင်းများမှ၊ သူ့ထက်ငါ ဆင်အပြကောင်းအောင်၊ အလေးဝန်ထမ်း ပေါ့ပါးမှုရှိအောင် ဆင်ရုပ်ချိုး ကျွမ်းကျင်သူများထံ ကြိုတင် အပ်နှံကြရရာ၊ ဆင်ချိုး လုပ်ငန်းများမှ အချိန်မီ ပြီးစီးအောင် အာမခံချက်များဖြင့် ပြုလုပ် ပေးရသည်။ “ကျောက်ဆည်မြို့ပေါ်မှာ ဆင်ချိုးလုပ်ငန်း သုံးဦး ရှိတယ်။ ကျွန်တော်တို့ ဇရပ်ဖြူရွာမှာ ကျွန်တော်ရှိတယ်။ ကျွန်တော်က ဆရာ ဦးချစ်မောင်ဆီမှာ (၁၅)နှစ်သားက စပြီး မဏ္ဍပ်လုပ်ငန်း၊ ဆင်ချိုးလုပ်ငန်း သင်ရတယ်။ ဒုတိယ ဆရာဦးကျော်လေးဆီမှာ ဆက်သင်တယ်။ အခု အသက် ၅၁ နှစ်ရှိပြီ။ ဆင်ချိုးတာ နှစ်ပေါင်း ၃၀ ကျော်ပါပြီ။ တစ်နှစ်ပြိုင်ပွဲဝင် ဆင်ရော၊ ဟိုကဒီကမှာတဲ့ အကဆင်ရော ဆင် ၇၀ ပတ်လည်လောက် ချိုးရတယ်။ ဝါဆိုလက စပြီး ပြိုင်ပွဲအတွက် ဆင်အပ်ကြတယ်။ ကျွန်တော်လုပ်တဲ့ ဆင်တွေထဲက စင်္ကာပူပြန်မိုးဇော်၊ ဧရာမောင်၊ ဧရာမင်းဆင်တွေဟာ လူသိများခဲ့တဲ့ ဆင်တွေပေါ့” ဟု ဇရပ်ဖြူရွာမှ ဆင်ချိုးပညာရှင် ဦးဝင်းက ပြောသည်။
ဘော်ကြယ်ဆင် တစ်ကောင် လုပ်ပါက အဖွဲ့သားများဖြင့် ၁၅ ရက်ကြာ လုပ်ရပြီ ရိုးရာဆင်မှာ ၃၊ ၄ ရက်သာ ကြာသည်။ ဘော်ကြယ်ဆင် အတွက် ကတ္ထီပါ ဘော်ကြယ်ထိုး လုပ်ငန်း များကို မိသားစု လုပ်ငန်း အဖြစ် လုပ်ကိုင်သည်။ ဆင်တစ်စီး အတွက် ဇကာကွက်၊ တန်းဝါး၊ ထုတ်ဝါး၊ ပတ်ဝါးများ ပြုလုပ်ရာ တင်းဝါး အကောင်းစား (၅) လုံး အထိ အသုံးပြုရသည်။ လက်ရှိ ဆင်ချိုး ဈေးနှုန်းမှာ လက်ရောက် အပ် အပြီးအစီး ဘော်ကြယ်ဆင် ပထမတန်းစား တစ်စီး ကျပ် ၇ သိန်း၊ ရိုးရာဆင် ကျပ် ၈ သောင်းခွဲ၊ တတိယတန်း ဘော်ကြယ်တူစီ ရွှေကပ် အပြီးအစီး ကျပ် ၂ သိန်း ၂ သောင်းဖြင့် လက်ခံ ပြုလုပ်ပေးသည်။ ဆင်အကတွေထဲမှာ ခုနှစ်ထွေ အက၊ ဘရိတ်ဒန့် အက၊ မြန်မာဆန်ဆန် သီချင်းကြီးဖြင့် ယိုးဒကား အကများ ပါဝင်ရာ ပတပ်ရပ် (ပဒပ်ရပ်) ကင်းမြီးကောက် ထောင်သော အကများ အကြိမ်များစွာ ကပါက သက်တမ်း ကြာရှည်မခံဘဲ ရိုရိုသေသေ သုံးသော ဆင်များမှာ (၃) နှစ်အထိ အသုံးပြုနိုင်သည်။ “အဓိက လုပ်ပေးရတာက ကျွန်တော်တို့ ကျောက်ဆည်နယ်ပဲ။ အောက်ပိုင်း တွံတေး၊ ညောင်တုန်း၊ ဟင်္သာတ၊ ပန်းတနော်၊ ပုသိမ်၊ ရန်ကုန်နဲ့ အညာမှာ ပုဂံ၊ ညောင်ဦး၊ မန္တလေး၊ ရွှေဘို၊ မုံရွာ၊ ခင်ဦး၊ မြစ်ကြီးနားတွေကလည်း မှာကြတယ်။ ဆင်ရုပ် မချိုးရတဲ့နှစ် မရှိပါဘူး။ ဆင်အချိုးအစား ကျအောင် ချိုးနိုင်တာ၊ အဆင် ဆင်တတ်တာတွေကြောင့် ကျွန်တော်တို့ ဆီမှာ အပ်နှံသူ ပိုများတာပါ” ဟု ယင်းက ဆိုသည်။

No comments:
Post a Comment