Tuesday, October 7, 2014

ရွှေလီမြို့တွင် ဓားခုတ်ကျူးလွန်ပြီး မြန်မာနိုင်ငံသို့ ထွက်ပြေးလာသူများကို ဖမ်းဆီး

မူဆယ် အောက်တိုဘာ ၇

တရုတ်နိုင်ငံ ရွှေလီမြို့တွင် ဓားခုတ်မှု ကျူးလွန်ပြီး မြန်မာနိုင်ငံ ဘက်သို့ ထွက်ပြေး လာသူများအား ဖမ်းဆီးအရေးယူ ပေးပါရန် ရွှေလီရဲတပ်ဖွဲ့က မူဆယ်မြို့မ ရဲစခန်းသို့ အောက်တိုဘာ ၆ ရက်တွင် အကြောင်း ကြားစာပေးပို့ခဲ့ရာ မူဆယ်မြို့မရဲစခန်းက ပြစ်မှု ကျူးလွန်သူနှစ်ဦး အနက်တစ်ဦးကို နာရီပိုင်းအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၁၈ ရက် ည ၁၁ နာရီခွဲခန့်က ရွှေလီမြို့နောင်လာပန်းခြံအနီးတွင် ဓားခုတ်မှု ဖြစ်ပွားခဲ့ရာ ယူနန်ပြည်နယ် ပေါက်ဆန်းခရိုင် လုံလင်ကျန်အမ်းမြို့ ပန်ဖိုက်ကျေးရွာနေ တရုတ်နိုင်ငံသား လီကြားဟွေ(၂၅နှစ်)တွင်ပြတ်ရှ ဒဏ်ရာများရရှိခဲ့ကာ ရွှေလီမြို့သို့ခေတ္တရောက်နေသူ ကွတ်ခိုင်မြို့နယ် မော်ဟန်ကျေးရွာနေ မြန်မာနိုင်ငံသူ မမာပန်(ခ) တောင်းရှန်ဖင့်(၂၁နှစ်)တွင် ပြတ်ရှဒဏ်ရာများရရှိခဲ့ပြီး ရွှေလီဆေးရုံတွင်တက်ရောက်၍ဆေးဝါးကုသမှုခံယူခဲ့ရသည်။

အခင်းဖြစ်နေရာတွင် အရိုးအသွား ၂ဝ လက်မခန့်ရှိ ဓားရှည် နှစ်လက်၊ သံပိုက်ချောင်းတစ်ချောင်း၊ လက်ကိုင်ဖုန်းနှစ်လုံး၊ အနက်ရောင်ကျောပိုးအိတ်တစ်လုံးနှင့် အင်္ကျီ၊ ဖိနပ် တို့ကိုတွေ့ရှိသိမ်းဆည်းခဲ့သည်။ စုံစမ်းဖော်ထုတ်ချက်အရ ပြစ်မှုကျူးလွန်သူများမှာ မြန်မာနိုင်ငံသား စိုင်းဖြိုးစံနှင့် အိုက်မောင်ဆိုသူတို့ဖြစ်ပြီး မြန်မာနိုင်ငံဘက်သို့ ထွက်ပြေးသွားခဲ့သဖြင့် ဖမ်းဆီးအရေးယူပေးပါရန် တရုတ်နိုင်ငံ ရွှေလီပြည်သူ့လုံခြုံရေးဌာန ရင်ဟော်ရဲစခန်းက အောက်တိုဘာ ၆ရက် ညနေ ၄နာရီခွဲတွင် မူဆယ်မြို့မရဲစခန်းသို့ အကြောင်းကြားအကူအညီ တောင်းခံလာခဲ့ခြင်းဖြစ်သည်။

အကြောင်းကြားစာရရှိပြီး နာရီ ပိုင်းအတွင်း ယင်းနေ့ ညနေ ၅ နာရီခွဲ တွင် စိုင်းဖြိုးစံ(၂ဝနှစ်) ရပ်ကွက်(၁၂) လားရှိုးမြို့နေသူအား ဖမ်းဆီးရမိသည့်အတွက် မူဆယ် မြို့မရဲစခန်းက အမှုဖွင့်အရေးယူထားပြီး ကျန်ရှိနေသည့် အိုက်မောင်ကို ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment