Tuesday, September 9, 2014

ယူရို ၂၀၁၆ ခြေစစ်ပွဲများတွင် ဂျာမနီ၊ ပိုလန်၊ ဒိန်းမတ် နိုင်ပွဲများရပြီး ပေါ်တူဂီ အိမ်ကွင်းတွင်ရှုံး

လန်ဒန်− တနင်္ဂနွေနေ့က ဥရောပလိဂ်ပြိုင်ပွဲများ ရပ်နားပြီး ယူရို ၂၀၁၆ ခြေစစ်ပွဲများနှင့် နိုင်ငံတကာ ခြေစမ်းပွဲများ ကစားခဲ့ရာတွင် ဂျာမနီ၊ ပိုလန်၊ ဒိန်းမတ်၊ မြောက်အိုင်ယာလန်တို့ အသီးသီးအနိုင်ရခဲ့ပြီး ရော်နယ်ဒိုမပါဝင်သည့် ပေါ်တူဂီမှာ ရှုံးနိမ့်ခဲ့ရသည်။
ဂျာမနီမှာ မကြာသေးမီက ကမ္ဘာ့ဖလားပြိုင်ဘက် အာဂျင်တီးနားကို ၄-၂ ဂိုးပြတ် ရှုံးထားသော်လည်း ယခု ဒေါ့မွန်မြို့တွင် ကစားခဲ့ရာ၌ စကော့တလန်ကို ဘိုင်ယန် တိုက်စစ်မှူး မူလာသွင်းသည့် နှစ်ဂိုးဖြင့် ၂-၁ ဂိုးဖြင့် နိုင်ခဲ့ခြင်းဖြစ်သည်။ ပေါ်တူဂီမှာ အိမ်ကွင်းတွင် ရော်နယ်ဒို ဒဏ်ရာကြောင့် မပါဝင်နိုင်ဘဲ အယ်လ်ဘေးနီးယားနှင့် ကစားခဲ့ရာ ၀-၁ ဂိုးဖြင့် ရှုံးခဲ့ရသည်။ ဂရိမှာလည်း အိမ်ကွင်းတွင် ရိုမေးနီးယားကို ၀-၁ ဂိုးဖြင့်ပင် ရှုံးခဲ့ရသည်။

သို့သော် အခြားအိမ်ကွင်းပွဲကစားခဲ့သည့် ဒိန်းမတ်မှာ အာမေးနီးယားကို ၂-၁ ဂိုးဖြင့်နိုင်ခဲ့သည်။ ပိုလန်မှာ အသင်းငယ် ဂျီဘရော်တာကို အဝေးကွင်းတွင် ခုနစ်ဂိုးပြတ်နိုင်ခဲ့ပြီး  မြောက်အိုင်ယာလန်မှာလည်း ဟန်ဂေရီကို ၂-၁ ဂိုးဖြင့်လည်းကောင်း၊ အိုင်ယာလန်မှာ ဂျော်ဂျီယာကို ၂-၁ ဂိုးဖြင့်လည်းကောင်း အဝေးကွင်းနိုင်ပွဲ များ ရယူခဲ့သည်။ အခြားဥရောပအသင်းကြီးဖြစ်သော ပြင်သစ်မှာ ဆာဘီးယားနှင့် ခြေစမ်းပွဲတွင် ၁-၁ ဂိုးစီ သရေကျခဲ့ပြီး ချီလီ-မက္ကဆီကိုတို့ပွဲမှာ ဂိုးမရှိသရေကျခဲ့ သည်။

No comments:

Post a Comment