Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday, October 26, 2014

အတိုက်အခံမပီသသော အတိုက်အခံများ – ထက်မြက်

ပြည်သူလူထုကို ပြတ်ပြတ်သားသား ဦးဆောင်နိုင်သောအဖွဲ့နှင့် ပါတီမရှိလျှင် ပြည်သူလူထုက သူတို့ကို ဦးဆောင်မည်၊ သူတို့ဘက်က ရပ်မည့်သူကို ရှာလာကြပေမည်။ နိုင်ငံတကာမှ ဝေဖန် သုံးသပ်သူများ က မြန်မာနိုင်ငံမှ အတိုက်အခံတို့၏ လှုပ်ရှားမှုနှင့် အတိုက်အခံ ပီသမှုမရှိ ဟု ဝေဖန်သုံးသပ်ခြင်းမှာ …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ယနေ့ မြန်မာ့နိုင်ငံရေး အခင်းအကျင်းကို လေ့လာ သုံးသပ်ရာတွင် လွှတ်တော်ထဲတွင်ရော၊ ပြင်ပတွင်ပါ အစိုးရကို ဝေဖန် ထောက်ပြသော အတိုက်အခံ နိုင်ငံရေးသမား ရှားပါးနေခြင်း ဖြစ်ပါသည်။ ၀ါရင့် နိုင်ငံရေး သမားကြီးများ အပါအ၀င် နိုင်ငံရေးသမားအဟောင်း၊ အသစ်တို့မှာ အစိုးရ၏ အားနည်းချက်များ၊ မှားယွင်းမှု များ၊ စစ်အာဏာရှင်တို့ကို အကာအကွယ် ပေးနေမှုကို ထောက်ပြ ဝေဖန်ခြင်းမရှိဘဲ မသိလိုက် မသိဘာသာ သဘောမျိုးဖြင့်သာ နေထိုင်နေကြလေသည်။ သို့သော် မိမိတို့ အချင်းချင်း စုဝေးမိသည့်အခါ စကားဝိုင်း များတွင် အစိုးရအပေါ် အချက်အလက် အကြောင်းအကျိုးဖြင့် ဝေဖန် နေကြသည်ကို ကြားရပါသည်။ ထိုကဲ့သို့ ဝေဖန်ခြင်း၊ ထောက်ပြခြင်း မရှိသော အတိုက်အခံများတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်လည်း ပါဝင် ပါသည်။ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းလည်း ပါဝင်ပါသည်။ နိုင်ကျဉ်း အဖွဲ့များ ဆိုလျှင်လည်း နိုင်ငံရေးနှင့် ပတ်သက်ပြီး ဝေဖန် ထောက်ပြခြင်းမျိုး မရှိပေ။ နိုင်ကျဉ်း အဖွဲ့များမှာလည်း ၃ ဖွဲ့လောက်ကွဲနေပြီး သူတို့သာ နိုင်ငံရေး အကျဉ်းသားများဖြစ်ပြီး နိုင်ငံရေး အကျဉ်းသားအသစ်၊ အဟောင်း များကို သူတို့လောက် ဖြတ်သန်းမှု မရှိဟု ပြောနေသည်ကို ကြားနေရသည်မှာလည်း စိတ်မကောင်းစရာ … ဖြစ်ပါသည်။ ထို့ကြောင့် ယနေ့နိုင်ငံရေး အခင်းအကျင်းမှာ ညီညွတ်မှု မရှိဘဲ ဘုံရန်သူ ရှာမရသည့် အခြေအနေ ဖြစ်နေသည်။ သူတို့၏ အကြီးမားဆုံး လှုပ်ရှားမှုမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို အခြေခံသော ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ် ရေးထိုးခြင်းတွင်သာ တစ်စိတ်တစ်ပိုင်း အင်အားထုတ် သုံးခြင်းသာ ရှိလေသည်။ ပုဒ်မ ၁၈ မိမှာ စိုးရိမ်ပုံရသလို ပုဒ်မ ၅၀၅ လို၊ ပိုင်နက် ကျူးလွန်မှုလို မငြိအောင်လည်း ကြိုးစားပြီး မြွေမသေ တုတ်မကျိုး အတိုက်အခံများ ဖြစ်အောင် လုပ်ဆောင် နေကြပါသည်။

မည်သည့် နိုင်ငံရေးတွင်မဆို အတိုက်အခံ အင်အားစုဆိုသည်မှာ မရှိမဖြစ်ရှိရသော အင်အားစု ဖြစ်သည်။ အစိုးရ၏ မူဝါဒများ၊ လုပ်ဆောင်ချက်များ၊ ဦးတည်ချက်များအား ဆန့်ကျင်သူများကို အတိုက်အခံများဟု ခေါ်ကြသည်။ ဗြိတိသျှခေတ်က နယ်ချဲ့ဆန့်ကျင်သည့် မျိုးချစ်များနှင့် နိုင်ငံရေး သမားများမှာ အတိုက်အခံများ ဖြစ်ပါသည်။ ကိုလိုနီ ပညာရေးကို ဆန့်ကျင်သော ကျောင်းသားများနှင့် ကျောင်းသား သမဂ္ဂများမှာ အတိုက်အခံများ ဖြစ်သလို ဂျီစီဘီအေကအစ ဒို့ဗမာ အစည်းအရုံးအထိ နယ်ချဲ့ကို ဆန့်ကျင် တိုက်ခိုက်သူ များမှာ အတိုက်အခံများပင်ဖြစ်၏။ လယ်သမား အားလုံးကို စားစရာမရှိအောင် လုပ်လာသည့် အခြေအနေမျိုးတွင် ဆရာစံ တော်လှန်ရေး ခေါ် လယ်သမား သူပုန်ကြီး ပေါ်ပေါက် လာခဲ့ပါတော့သည်။ ၁၉၈၈ ခုနှစ်က ပေါက်ဖွား လာခဲ့သည့် အဖွဲ့အစည်း အတော်များများမှာ ယခုအခါ နိုင်ငံရေး ပါတီများ၊ အဖွဲ့အစည်းများ အဖြစ် ရပ်တည် လာကြလေသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း၊ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီတို့မှာ ဆက်လက် ပေါက်ဖွား လာသော်လည်း ၈၈ မျိုးဆက် များမှာမူ လူမှုရေး လုပ်ငန်းများသာ လုပ်ကိုင်လာလေသည်။ ရွေးကောက်ပွဲ ၀င်ရေးအတွက် လုပ်ဆောင်နေခြင်း မဟုတ်ဟုလည်း ဆိုကြလေသည်။ ထို့ကြောင့် အနာဂတ် မြန်မာ့နိုင်ငံရေး ဦးဆောင်မှု အခန်းတွင် ၈၈ မျိုးဆက်များကို နိုင်ငံရေး ခေါင်းဆောင်များ၊ တိုင်းပြည်ကို ပြုပြင်ပြောင်းလဲပေး မည့်သူများ အဖြစ် အားကိုး၍ မရတော့ပေ။

ပါတီစုံ ဒီမိုကရေစီဟုခေါ်သော မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာ ၁၉၄၈ ခုနှစ်မှာ ၁၉၆၂ ခုနှစ်အထိ ပြီးသောအခါ ယခု ဒုတိယအကြိမ် လစ်ဘရယ် ဒီမိုကရေစီကို ပြန်ကျင့်သုံးသော ကာလဖြစ်ပါသည်။ ၁၉၅၈မှ ၆၀ အထိ အိမ်စောင့် အစိုးရအဖြစ် စစ်တပ်က အာဏာ ယူခဲ့ပြီးနောက် ပါတီစုံစနစ် ပြန်ရှင်သန်ခဲ့သည်။ ထိုအခါက အတိုက်အခံ နိုင်ငံရေး လှုပ်ရှားမှုများနှင့် ၂၀၁၁ မှ ၂၀၁၄ အထိ အတိုက်အခံ နိုင်ငံရေးမှာ အလွန်ပင် ကွာခြားနေ၏။ ယခင် စစ်အစိုးရကို စည်းစည်းလုံးလုံး အားကောင်း မောင်းသန် တိုက်ပွဲဝင်ပြီး စည်းလုံး နေသည့် ကျောင်းသား သမဂ္ဂ တစ်ဖြစ်လဲ ၈၈ မျိုးဆက်များနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့မှာ အတိုက်အခံများ အဖြစ် တရားဝင်အရ တည်ရှိနေသော်လည်း သူတို့က အတိုက်အခံဟု လက်မခံကြပေ။ ထိုအချိန်က ထောင်မှ ထွက်လာသော အင်အား တောင့်တင်းသည့် အတိုက်အခံများသည် အရပ်ဝတ် စစ်ဗိုလ်ချုပ်များနှင့် လက်တွဲကာ ဒီမိုကရေစီ ပန်းတိုင် ချီတက်ကြမည်ဆိုသော ယေဘုယျ ဆုံးဖြတ်ချက်ဖြင့်၊ ၂၀၀၈ ဖွဲ့စည်းပုံဖြင့် ဒီမိုကရေစီ သွားရေး ဆိုက်ရောက် လာပါတော့သည်။ အစောပိုင်းက အတိုက်အခံ ဆိုသည်ကို နားခါးပုံရကြသည်။ နောင်ပေါင်းကြည့် မှ အစိုးရ၏ အကြောင်းများကို သိလာကြ၏။ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်လို ဖျက်လိုခြင်း မရှိကြောင်းနှင့် သူတို့၏ လက်ပါးစေ ခရိုနီကြီးများကို ကာကွယ်ပေးနေခြင်းကြောင့် သူတို့မှာ အတိုက်အခံ ဖြစ်ကြောင်း လက်ခံလာကြပုံရ၏။ အစောပိုင်းက NLD ခေါင်းဆောင်များသည် ဒီမိုကရေစီရရေးကိုသာ အခြေခံပါသည်။ အာဏာရလိုခြင်း မဟုတ်ပါဟု ခပ်ဝါးဝါးပြောဆိုခဲ့ရာမှ ဒေါ်အောင်ဆန်းစုကြည်က သမ္မတ ဖြစ်လိုသည်၊ NLD ကလည်း အစိုးရ ဖွဲ့လိုသည်ဟု ခပ်ရှင်းရှင်း ပြောလာလေသည်။ ဘယ်ဒီမိုကရေစီ နိုင်ငံမဆို အာဏာမရသူက အတိုက်အခံဖြစ်ပြီး အာဏာရသူက အစိုးရဖြစ်သည်။ အတိုက်အခံများကို ပြည်သူက မဲထည့် လိုက်သည်နှင့် အစိုးရ ဖြစ်သွားကာ ယခင်အစိုးရက အတိုက်အခံ ဖြစ်သွားလေသည်။ တစည ပါတီမှာ ယခုအတိုက်အခံ ပါတီ ဖြစ်သော်လည်း ယခင်ကမူ အစိုးရဖွဲ့နိုင်သော ပါတီတစ်ခု ဖြစ်လေသည်။

ယနေ့ မြန်မာ့နိုင်ငံရေးနယ်တွင် နိုင်ငံရေးသမားများနှင့် နိုင်ငံရေးပါတီများ ရှင်သန် တည်ရှိနေရာတွင် တချို့ နိုင်ငံရေး သမားများမှာ လက်ရှိ အစိုးရသည် အရပ်ဝတ် စစ်အုပ်စု ဖြစ်သည်ဟု နားလည် ထားကြသည်။ တချို့ နိုင်ငံရေး သမားများနှင့် နိုင်ငံရေး ပါတီများကမူ ယခုအစိုးရ အဖွဲ့သစ်သည် အမှန်တကယ် ပြုပြင်ပြောင်းလဲဖို့ အားထုတ် နေသည်ဟု ယုံကြည်ကြလေသည်။ ထို့ကြောင့် အစိုးရနှင့် ပေါင်းသင့်သည်များကို ပေါင်းကာ ယခင် စစ်အစိုးရကို အကာအကွယ် ပေးနေပါက ထောက်ပြ၍ ပြုပြင် ယူသွားမည်ဟုဆိုသည်။ တချို့ အနည်းတကာ့ အနည်းစုမှာမူ အစိုးရသစ်နှင့် ပူးပေါင်းသွားမည်။ မိမိတို့ တတ်စွမ်းသရွေ့အကြံဉာဏ်ပေး သွန်သင်ဆုံးမ ရမည်ဟု ယူဆကြသည်။ ထိုထဲတွင် နိုင်ငံခြား ရောက်နေသော စီးပွားရေး ပညာရှင် ဆိုသူများလည်း ပါသည်။ ထိုထဲတွင် စစ်အစိုးရ ခေတ်ကတည်းက စစ်အစိုးရ ကို ပြုပြင်ပြောင်းလဲပြီး စစ်အုပ်ချုပ်ရေးဖြင့် တိုင်းပြည် ကို ကောင်းအောင် ကြိုးစားမည်ဆိုသော နိုင်ငံရေး သိပံ္ပရှင် ဆိုသူများ စီးပွားရေး သုံးသပ်သူများ ဆိုသည်လည်း ပါဝင်လေသည်။ ထိုထဲတွင် ၈၈ မျိုးဆက်လို၊ NLD လို အတိုက်အခံများက မျောပါ သွားကြလေသည်။

လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေမှာ၂၀၁၂-၂၀၁၃ ထက်ပင် ပိုမို တင်းမာလာသော အခြေအနေဖြင့် ယခု အစိုးရနှင့် စစ်တပ်က လုပ်ဆောင် လာသည်ကို တွေ့ရပါသည်။ ပုဒ်မ ၁၈ လို ဖိနှိပ်သော ပုဒ်မများဖြင့် လွတ်လပ်စွာ ဆန္ဒပြခွင့်ကို တားမြစ်နေခြင်း၊ ကျောင်းသား သမဂ္ဂများကို ဖိဖိစီးစီး အရေးယူနေခြင်း၊ အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးပွဲများ လုပ်နေသော်လည်း တိုက်ပွဲများ ပြန်လည် ဖြစ်ပေါ်နေခြင်း၊ လွတ်လပ်စွာ ရေးသားခွင့်နှင့် မိမိဆန္ဒ ထုတ်ဖော်ခွင့်များ ရှိသည် ဟု ပြောဆိုနေသော်လည်း စာနယ်ဇင်း သမားများကို နှစ်ရှည် ထောင်ဒဏ် များဖြင့် အရေးယူ အပြစ်ပေးနေခြင်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အစိုးရ၊ စစ်တပ်တို့ ဆွေးနွေးနေသော ငြိမ်းချမ်းရေး ဆွေးနွေးပွဲများမှာ ရှေ့မတိုး နောက်မဆုတ် ဖြစ်နေခြင်း၊ လယ်သမားများ လယ်သိမ်းခံ နေရခြင်းနှင့် အများအပြား ပြစ်ဒဏ်များ ချမှတ်ခံနေရခြင်း၊ အလုပ်သမားများမှာ လုပ်ခလစာ နည်းပါးပြီး ဆန္ဒပြပွဲများ ဖြစ်ပေါ်နေခြင်းအပေါ် ထိုအင်အား ကြီးမားသော အတိုက်အခံများမှာ ဆန္ဒပြပွဲများတွင် အတူပါဝင်ခြင်း၊ ကျောင်းသား သမဂ္ဂများဘက်မှ ရှင်းရှင်းလင်းလင်း ရပ်တည်ခြင်းများ မရှိပေ။ ယခင်က ပမညတလို၊ ကျောင်းသား သမဂ္ဂလို၊ အလုပ်သမား၊ လယ်သမား အဖွဲ့အစည်းများလို အဖွဲ့များက ကြေညာချက်များ ပလူပျံအောင် ထုတ်ကာ အစိုးရကို ဝေဖန် ထောက်ပြ ကြလေသည်။ သူတို့ကိုယ်တိုင် တောင်းဆို တိုက်ပွဲဝင်ကြသည်။ ပါးစပ်ပိတ် ငြိမ်ခံမနေကြပေ။ ထိုလုပ်ရပ်များမှာ ကမ္ဘာပေါ်ရှိ ဒီမိုကရေစီ ကျင့်သုံးသော နိုင်ငံတိုင်းတွင် လုပ်ဆောင်ကြပါသည်။ ဆိုလိုသည်မှာ ပြည်သူလူထုကို ဖိနှိပ်သော လုပ်ရပ်မှန်သမျှကို အတိုက်အခံများက ဆန့်ကျင် ကန့်ကွက်ရသည်မှာ သူတို့၏ တာဝန်တစ်ရပ်လို ဖြစ်နေလေသည်။ ယနေ့မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးကို တည်ဆဲ ဥပဒေဆိုသည်နှင့် ချုပ်ကိုင်ကာ ထိုတည်ဆဲ ဥပဒေမှာလည်း ဖိနှိပ်သော ဥပဒေများ ဖြစ်နေလေသည်။ ပုဒ်မ ၁၈၊ ပုဒ်မ ၅(ည)၊ ပုဒ်မ ၁၀(က) စသော ဖိနှိပ်သည့် ဥပဒေများကို ယနေ့ထက်တိုင် တည်ဆဲ ဥပဒေများအဖြစ် အသုံးပြုကာ ပြည်သူ လူထုကို ဖိနှိပ်နေ ခြင်းဖြစ်သည်။ ဗကသမှ တက္ကသိုလ် ကျောင်းသူ မဖြူနှင်းထွေးကို ဖမ်းဆီးထားသည့်အမှု ဆိုလျှင် ဗကသက ဆန္ဒပြကြသလို အားလုံးက ၀ိုင်းဝန်း ကန့်ကွက်နေကြသည့် အချိန်တွင် မည်သည့် ပါတီကြီးများကမှ အသံမထွက်သည်မှာ အလွန်အံ့သြစရာ ကောင်းလေသည်။ NLD ကလည်း ငြိမ်နေသလို ၈၈ မျိုးဆက် များကလည်း ကြေညာချက် ထုတ်ပြန်ခြင်းပင် မရှိပေ။

ထို့ကြောင့်မြန်မာနိုင်ငံ၏ လက်ရှိ ပါတီစုံနိုင်ငံရေးစနစ်တွင် အတိုက်အခံ တို့၏ နိုင်ငံရေး လှုပ်ရှားမှုမှာ အလွန် အားနည်းနေ၏။ ဒီမိုကရေစီ လမ်းကြောင်းသွားမည်ဟု အစိုးရသစ်က စတက်ခါစတွင် ကြေညာခဲ့သော် လည်း ယခုအထိ ယခင်စစ်အစိုးရနှင့် ကွာခြားမှု မရှိပေ။ ပြည်သူ လူထုကို ပြတ်ပြတ်သားသား ဦးဆောင်နိုင်သော အဖွဲ့နှင့် ပါတီမရှိလျှင် ပြည်သူလူထုက သူတို့ကို ဦးဆောင်မည်၊ သူတို့ဘက်က ရပ်မည့်သူကို ရှာလာကြပေမည်။ နိုင်ငံတကာမှ ဝေဖန် သုံးသပ်သူများက မြန်မာနိုင်ငံမှ အတိုက်အခံတို့၏ လှုပ်ရှားမှုနှင့် အတိုက်အခံ ပီသမှု မရှိဟု ဝေဖန်သုံးသပ်ခြင်းမှာ အလွန်နည်းလမ်း ကျလှသည်။ နိုင်ငံရေးသမားများ၊ နိုင်ငံရေး ပါတီများ အနေဖြင့် နိုင်ငံရေး လှုပ်ရှားဖို့ အကြောင်းအချက် အလွန်များပါသည်။ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် လှုပ်ရှား လိုက်ပြီးနောက် ဆက်တိုက် လှုပ်ရှားမှုများ အားကောင်းမောင်းသန် မတွေ့ရပေ။ ကြေညာချက် သဘောထား ထုတ်ပြန်သည်ကိုပင် မတွေ့ရ။ အနည်းဆုံး တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် NLD က ပြတ်ပြတ်သားသား သဘောထား မထုတ်ပြန်နိုင်သလို ပုဒ်မ ၁၈ ဖြင့် ဖိနှိပ် အရေးယူနေခြင်း များကိုလည်း ဆန့်ကျင် ကန့်ကွက်ခြင်းများ မလုပ်နိုင်သဖြင့် အတိုက်အခံများ၏ လှုပ်ရှားမှု အားနည်းနေသည် ဆိုခြင်းမှာ လွန်မည် မဟုတ်ပေ။



ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ