Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, October 11, 2014

အကြမ်းဖက်သမားများ၏ စိန်ခေါ်မှုကို တားဆီးရေး

အကြမ်းဖက်မှုကို ကာကွယ်ဖို့အတွက် ပထမဆုံး ဘာသာရေးနွှယ်သော လူမျိုးရေး တိုက်ခိုက်မှုကို လုံးဝ မဖြစ်အောင် တားဆီးနိုင်ရမည် … လက်ရှိဖြစ်ပေါ်နေသော ဘာသာရေးနွှယ်သော အဓိကရုဏ်းများ ကို ဖော်ထုတ် အရေးယူရမည် ဥပဒေစိုးမိုးရေးကို ပြတ်ပြတ် သားသား ဆောင်ရွက်နိုင်လျှင် အကြမ်းဖက် တိုက်ခိုက်မှုကို တားဆီးနိုင်မည်ဖြစ် . . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အေမန်အယ်လ်ဇာဝါဟီရီက အသစ်ဖွဲ့စည်း လိုက်သော သူတို့၏ အယ်ကေဒါ အဖွဲ့သစ်သည် သူတို့ စစ်ဆင် တိုက်ခိုက်မည့် နိုင်ငံများတွင် မြန်မာနိုင်ငံလည်း ပါဝင်သည်ဟု ကြေညာသည့် အချိန်မတိုင်မီကပင် အရှေ့ အလယ်ပိုင်းတွင် IS အဖွဲ့မှာ အားကောင်း ကြီးထွားလာပြီး ဖြစ်သည်။ IS ၏ နာမည်အရှည်မှာ Islamic State ““အစ္စလာမ်မစ် နိုင်ငံတော်”” ဖြစ်ပါသည်။ ဆွန်နီ မွတ်ဆလင် အစွန်းရောက်များ ဖွဲ့စည်းထားသော အကြမ်းဖက် အဖွဲ့ဖြစ်၏။ ဆီးရီးယားနိုင်ငံတွင် ဖြစ်ပွားနေသော ပြည်တွင်းစစ်၌ IS တို့သည် အာဆတ် အစိုးရကို တိုက်ခိုက်ရာ အားကောင်းလာသလို အီရတ်နိုင်ငံထဲသို့ပင် ၀င်ရောက်လာကာ အီရတ်အစိုးရကို အကျပ် အတည်း တွေ့လာ စေသည်အထိ အားကောင်း လာလေသည်။ သူတို့သည် နိုင်ငံရေးအရ တိုက်ခိုက်သော လက်နက်ကိုင် အဖွဲ့အစည်း ဆိုသည်ထက် ဘာသာရေး အစွန်းရောက်များ အဖြစ် လက်မခံနိုင်သော အဖွဲ့အစည်းများ ဖြစ်လာလေသည်။ သူတို့ အဖွဲ့သည် ဆွန်နီ အစွန်းရောက်များ ဖြစ်သောကြောင့် ရှီးယား မွတ်ဆလင်များကို အစုအပြုံလိုက် သတ်ဖြတ်နေခြင်းက ကမ္ဘာ၏ ဆန့်ကျင်မှုကို ခံလာရလေသည်။ အီရတ် နိုင်ငံတွင် လူအများစုမှာ ရှီးယား မွတ်ဆလင်များဖြစ်ပြီး လူနည်းစုမှာ ဆွန်နီများဖြစ်သည်။ ယခင် အီရတ် ခေါင်းဆောင် ဆဒမ်ဟူစိန်မှာ ဆွန်နီ မွတ်ဆလင် တစ်ဦးဖြစ်ပြီး ရှီးယားတို့ကို အုပ်ချုပ် ထားနိုင်ခဲ့လေသည်။ ရှီးယား မွတ်ဆလင်တို့မှာ ဆဒမ်ဟူစိန် လက်ထက်ကတည်းက ဘာသာရေး မကျေနပ်မှုနှင့်အတူ ဆွန်နီတို့ကို ဆန့်ကျင်ခဲ့ပါသည်။ ယခုလည်း ဆဒမ်ဟူစိန်၏ ဆွန်နီမွတ်ဆလင် အစိုးရ ပြုတ်ကျ သွားပြီးသည့်နောက် ရှီးယား မွတ်ဆလင် အစိုးရ တက်လာသော အခါ ဆွန်နီ မွတ်ဆလင် အကြမ်းဖက်များကြောင့် အီရတ်နိုင်ငံ၏ အခြေအနေမှာ ရှုပ်ထွေးနေလေသည်။

ယခုအခါ၌ IS အကြမ်းဖက်အဖွဲ့မှာ အားအလွန် ကောင်းလာသည်။ အမေရိကန် အပါအ၀င် ဥရောပ နိုင်ငံများ ကိုယ်တိုင်က အာရုံစိုက် လာရသော အဖွဲ့ဖြစ်သည်။ လူစည်ကားရာ ဒေသများ၌ အကြမ်းဖက်ဗုံးခွဲ တိုက်ခိုက်ခြင်းမျိုး မဟုတ်ဘဲ မြို့ကြီးတစ်မြို့လုံးကို သိမ်းပိုက်သည်အထိ သူတို့စစ်တပ် အင်အားမှာ အားကောင်း လှလေသည်။ IS အဖွဲ့၏ စစ်တပ်အင်အားမှာ လက်နက် အပြည့်အစုံ တပ်ထားပြီး အဖွဲ့ဝင် ၃၁၀၀၀ ခန့်ရှိသည်ဟု အမေရိကန် ဗဟို ထောက်လှမ်းရေး အေဂျင်စီ (CIA)က ထုတ်ပြန် ကြေညာလိုက်၏။ လိုလားသူများ၊ အရပ်တပ်များနှင့် ပေါင်းလိုက်လျှင် ထိုထက်နှစ်ဆ သို့မဟုတ် တစ်ဆခွဲခန့် ရှိချင်ရှိနိုင်လေ သည်။ မည်သို့ပင်ဖြစ်စေ ဆီးရီးယားနှင့် အီရတ်နိုင်ငံမြို့များ တစ်မြို့ပြီးတစ်မြို့ သိမ်းလာသည်ကို ကြည့်လျှင် သူတို့ အင်အားကို သိနိုင်လေသည်။ သိမ်းယူသော မြို့များတွင် ရှီးယားမွတ်ဆလင် မှန်သမျှကို သတ်ပစ်၏။ ကလေး၊ လူကြီးမရှောင် သတ်ပစ်သည်ဟု အမေရိကန်အစိုးရက ကြေညာ၏။ သိသာသည်မှာ အမေရိကန် သတင်းထောက် ၂ ယောက်ကိုလည်း အင်တာနက်တွင် တင်ထားလေသည်။ အိုစမာဘင်လာဒင်ပြီးနောက် ပြန်လည် ထိုးနှက်လာသည့် အကြမ်းဖက်အဖွဲ့မှာ IS ပင် ဖြစ်လေသည်။

ကမ္ဘာပေါ်တွင် အကြမ်းဖက်ဝါဒ ပေါ်ပေါက်လာခြင်းမှာ ကျူးကျော်မှုများ၊ နယ်ချဲ့မှုများနှင့် လက်နက်အင်အား၊ စစ်အင်အား တောင့်တင်းသော နိုင်ငံများ က အားနည်းသော နိုင်ငံများကို အနိုင်ကျင့် ဗိုလ်ကျခြင်းများကြောင့် ဖြစ်သည်။ တချို့မှာ နိုင်ငံရေး ပြဿနာများ ပါဝင်လေသည်။ ဗြိတိသျှတို့ကို အိုင်ယာလန် အကြမ်းဖက်အဖွဲ့က တိုက်ခိုက်ခြင်းမှာ အိုင်ယာလန်နိုင်ငံ ထူထောင်လိုခြင်းကြောင့် ဖြစ်သည်။ မွတ်ဆလင်နိုင်ငံများတွင် အကြမ်းဖက် ၀ါဒ ခေါင်းမထောင်နိုင်ခင်က ဥရောပတွင် ခေါင်းထောင်စ ပြုလာလေသည်။ ဂျာမနီမှ ဘန်ဒါမိန်းဟော့ဖ် ဂိုဏ်းမှာ အကြမ်းဖက်ရာ၌ နာမည်ကြီးလေသည်။ သီရိလင်္ကာမှ တမီလ်ကျား အဖွဲ့မှာမူ အကြမ်းဖက် ဗုံးခွဲတိုက်ခိုက်ခြင်း များရှိသလို သီရိလင်္ကာ အစိုးရကို လက်နက်ကိုင် တိုက်ခိုက်နေသော သူပုန်အဖွဲ့ အဖြစ်လည်း နာမည်ကြီးသည်။ အင်အားလည်း တောင့်တင်းလေ သည်။ ထို့နောက် အစိုးရများက ပြင်းပြင်းထန်ထန် အရေးယူ နှိပ်ကွပ် ခဲ့သောကြောင့် ဥရောပ အကြမ်းဖက်အဖွဲ့များ၊ တမီလ်ကျားအဖွဲ့ တို့မှာ ပျောက်ကွယ်သွားကြ၏။ တချို့မှာ အင်အား အနည်းငယ်သာ ရှိလေတော့သည်။ သို့သော် အစ္စလာမ်ဘာသာ ကိုးကွယ်သည့် အစွန်းရောက် မွတ်ဆလင် ဘာသာဝင်တို့သည် အကြမ်းဖက်အဖွဲ့များ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ဖွဲ့စည်းကာ သူတို့ မကျေနပ်သူများကို တိုက်ခိုက် လာတော့သည်။ ထိုအတွက် နည်းပေးလမ်းပြ အဖွဲ့မှာ ပါလက်စတိုင်းမှ PLO ဖြစ်သည်ဟု ဆိုရပေမည်။ လေယာဉ် ပြန်ပေးဆွဲမှုများဖြင့် စတင်ခဲ့၏။ အစ္စရေးတို့ကို ဆန့်ကျင်ရင်း အမေရိကန် ကိုပါ ဆန့်ကျင်လာလေသည်။ စစ်ရေး ပစ်မှတ်များထက် အရပ်သားများ၊ လေယာဉ် ခရီးသည်များကို ပစ်မှတ် ထားကာ ဖောက်ခွဲ ဖျက်ဆီးမှုများ လုပ်လာသဖြင့် ကမ္ဘာ့ပြည်သူများမှ အကြမ်းဖက် သမားများကို အော့နှလုံး နာစ ပြုလာလေသည်။

အကြမ်းဖက်ဝါဒ ဘာကြောင့် ကြီးထွား လာရသလဲဟု ဆန်းစစ်မည်ဆိုလျှင် အင်အားကြီးသော နိုင်ငံများ၏ ကျုးကျော် စွက်ဖက်မှုမှာ အဓိကဖြစ်သလို အလုပ်လက်မဲ့မှုနှင့် ဆင်းရဲမွဲတေမှုမှာလည်း တွန်းအား ဖြစ်လာ လေ သည်။ ထို့ပြင် ယခုအကြမ်းဖက်သမား မှန်သမျှမှာ မွတ်ဆလင် ဘာသာ ကိုးကွယ်သူများဖြစ်သည်။ မိစ္ဆာ ဒိဋ္ဌိများကို တိုက်ခိုက်ရန် ဂျီဟတ်စစ်ပွဲ ဆင်နွှဲ ရမည်ဟု ဘာသာရေး ဆရာများက လူငယ်များကို စည်းရုံးကာ အသေခံ ဗုံးခွဲခြင်းများ ပြုလုပ်စေသည်။ ထင်ရှားသည်မှာ လက်ဘနွန်နိုင်ငံတွင် ပါလက်စတိုင်း အစွန်းရောက် အကြမ်းဖက် သမားများက အမေရိကန် စစ်သားများနေသော ဘားတိုက်ကို အသေခံဗုံးခွဲရာ အမေရိကန် စစ်သား ၂၀၀ ကျော် သေဆုံး သွားသည်ကို သူတို့၏ အောင်ပွဲအဖြစ် ယူဆ သွားခဲ့လေသည်။ ထို့နောက် အကြီးမားဆုံး အောင်ပွဲမှာ နယူးယောက်မြို့မှ အမြွာညီနောင် ကုန်သွယ် အဆောက်အအုံကို ဘိုအင်းလေယာဉ် ၂ စီးအား အပိုင်စီးကာ တိုက်ခဲ့ခြင်းကြောင့် လေယာဉ်ပေါ်ပါ ခရီးသည်များ အဆောက်အအုံထဲမှ လူများ အပါအ၀င် လူပေါင်း ၃၀၀၀ ကျော် သေဆုံး ခဲ့လေသည်။ ယခင် နာမည် သိပ်မကြီးသေးသော အယ်လ်ကေဒါ အဖွဲ့နှင့် အိုစမာဘင်လာဒင်တို့မှာ ကမ္ဘာကျော်များ ဖြစ်သွားလေသည်။ ထိုတိုက်ခိုက်မှု အစီအမံများကို ယခု အယ်လ်ကေဒါ ခေါင်းဆောင်ဖြစ်သော အီဂျစ်လူမျိုး အေမန် အယ်လဲဇာဝါဟီရီက ပါဝင်ပတ်သက်နေပါသည်။ ဇာဝါဟီရီမှာ ကြံရည်ဖန်ရည် ရှိသူဖြစ်၏။ သူ၏ ကြံရည်ဖန်ရည်မှာ သူများကို သတ်နိုင်စွမ်းရှိသော ကြံရည် ဖန်ရည်မျိုးသာ ဖြစ်လေသည်။ အိုစမာဘာလင်ဒင်၏ ညာလက်ရုံးအဖြစ် တာဝန်ယူလိုက်နိုင်ခြင်းကပင် အကြမ်းဖက် သမားများကြား၌ သူ့အရည်အချင်းကို အကဲဖြတ်၍ ရနိုင်ပါသည်။ အလုပ်အကိုင်မဲ့ လူငယ်များ၊ လူနေမှုစနစ်ကြီးကို မကျေနပ်သော လူငယ်များ၊ မိမိတို့နိုင်ငံအပေါ် အမေရိကန်လို နိုင်ငံကြီးက အနိုင်ကျင့် ကျူးကျော်မှုကို မကျေနပ်သော လူငယ်များကို အစွန်းရောက် ဘာသာရေး ခေါင်းဆောင်များက စည်းရုံးကြလေ သည်။ သူတို့ ခေါင်းဆောင်များက အသေခံ ဗုံးခွဲခြင်းသည် ဘုရားသခင် အလိုကျ ဂျီဟတ်စစ်ပွဲ ဆင်နွှဲခြင်း ဖြစ်သည်။ အလွန် ထူးချွန် ကံကောင်းသူသာ အသေခံဗုံးခွဲခွင့်ရပြီး သေဆုံးပါက ကောင်းကင်ဘုံတွင် မတောင့်မတ မကြောင့်မကြ နေရမည်။ သူနှင့်အတူ မိဘ၊ ဆွေမျိုးသားချင်း လူ ၂၅ ယောက်ကိုပါ ခေါ်သွားခွင့် ရှိပါသည်။ ထိုသူများ သေဆုံးလျှင် သူနှင့်အတူ ကောင်းကင်ဘုံ၌ နေထိုင်ရန် ဘုရားသခင်က နေရာများ သတ်မှတ် ပေးထားသည်ဟု လီဆယ်၍ မဟုတ်မမှန် စည်းရုံးကြသည်။ လူငယ်များကလည်း ယုံကြည်ကြ လေသည်။ တချို့ဆို အသေခံ ဗုံးခွဲခါနီးတွင် သူ့အမျိုး လူ ၂၅ ယောက် စာရင်းနှင့် သူ့မှတ်ပုံတင်ပါ အိတ်ထဲ ထည့်ယူ သွားသည်ဟု ကြားဖူးလေသည်။

ယခု IS အဖွဲ့မှာ နိုင်ငံတကာ အကြမ်းဖက် တိုက်ခိုက်ရေးသမားများဟု ဆိုလည်း မှားမည် မထင်ပေ။ မကြာခင်က ဂျာမနီတွင် ဂျာမနီလူမျိုး IS အဖွဲ့ဝင် တစ်ဦးကို ဖမ်းမိလိုက်သည်။ သူသည် IS အဖွဲ့ထံ မကြာခင် သွားဖို့ အစီအစဉ် ရှိလေသည်။ အမေရိကန် သတင်းထောက်တစ်ဦးကို ခေါင်းဖြတ်ခဲ့သည့် IS အဖွဲ့ဝင်၏ အင်္ဂလိပ် စကားပြော လေယူလေသိမ်းကို စစ်ဆေးကြည့်ရာ ထိုသူသည် ဗြိတိန်နိုင်ငံသား တစ်ဦးဖြစ်ကြောင်း၊ အီရတ်သို့ သွားကာ IS အဖွဲ့နှင့်အတူ တိုက်ပွဲ ၀င်နေသူတစ်ဦး ဖြစ်ကြောင်း ဗြိတိန် ထောက်လှမ်းရေးက ယူဆ ခဲ့လေသည်။ ထိုကြောင့် အီရတ်တွင် တစ်မြို့ပြီးတစ်မြို့သိမ်း၊ နောက်ဆုံး ဘဂ္ဂဒက်မြို့တော်သို့ပင် ချီတက် လာနေသော IS အဖွဲ့မှာ အရှေ့အလယ်ပိုင်း သက်သက် မဟုတ်တော့ဘဲ အစွန်းရောက် အစ္စလာမ် ဘာသာဝင်များ ဖြစ်သလို ထိုအဖွဲ့မှာလည်း နိုင်ငံတကာ အကြမ်းဖက် တပ်မတော်ဟု ပြောရမလောက်ပင် အန္တရာယ် ရှိလာသည်။ ထို့ကြောင့် အမေရိကန်တို့သည် လေကြောင်းစစ်ပွဲ ဆင်နွှဲဖို့ ဆုံးဖြတ် လိုက်လေသည်။ ဂျာမနီတို့ကလည်း ဆွန်နီတို့ကို ဆန့်ကျင်သော ကာ့ဒ်လူမျိုးတို့ကို တင့်ကားပစ် လက်နက်များကိုလည်း ထောက်ပံ့ လေသည်။ ယခုအခါ IS အဖွဲ့ကို အမေရိကန်နှင့် မဟာမိတ်များက ပြတ်သားစွာ ချေမှုန်းနေသည်။ အနိုင်တိုက်နေသည်ဟု မကြားရသေးပေ။ အာရပ်နိုင်ငံ ၂၀ ကျော်ကလည်း IS တို့ကို ပြတ်ပြတ်သား သားချေမှုန်းဖို့ ပြင်ဆင်နေကြ လေသည်။

မည်မျှပင် အင်အားကြီးသည်ဆိုဆို အကြမ်းဖက်သမားများမှာ ဥပဒေမဲ့၊ တရားမဲ့ ရက်စက်ကြမ်းကြုတ် သူများသာ ဖြစ်ပါသည်။ အကြမ်းဖက်ဝါဒကို မည်သူကမှ လက်ခံမည် မဟုတ်သလို အကြမ်းဖက်ဝါဒကို ဘာသာတိုင်း၊ လူမျိုးတိုင်း၊ နိုင်ငံတိုင်းက ဆန့်ကျင်တိုက်ခိုက်ရမည်မှာ အားလုံး၏ တာဝန်ဖြစ်ပါသည်။ ဇာဝါဟီရီက မြန်မာနိုင်ငံကို တိုက်ခိုက်မည်ဟု ကြေညာ လိုက်သည့်အပေါ် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အကြမ်းဖက် သမားများကို တိုက်ခိုက်ဖို့ အင်အား အလုံအလောက်ရှိသည်။ ကာကွယ်ဖို့ နည်းလမ်းများ၊ အစီအစဉ်များလည်း ရှိသည်ဟု ပြောဆိုခဲ့ပါသည်။ ဇာဝါဟီရီ၏ ထိုအကြံအစည်အပေါ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စိန်ခေါ်ချက် တစ်ခုဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံကို အကာအကွယ် ပေးသွားမည်ဖြစ်ကြောင်း ပြောဆို သွားပါသည်။ ထိုကဲ့သို့ ပြင်ဆင်ထားမှုများမှာ နိုင်ငံလုံခြုံရေးအတွက် လိုအပ်ပါက သတိဆိုသည်မှာ ပိုသည်မရှိ။ လိုသည်သာရှိပေသည်။ အကြမ်းဖက် သမားများကို ပေါ့ပေါ့တန်တန် သဘောထား၍ မရပေ။ မြန်မာနိုင်ငံတွင် ဗုံးခွဲမှုများမှာ ယခင်စစ်အစိုးရ လက်ထက်တွင်ရော ယခုအစိုးရ လက်ထက်တွင်ပါ ဖြစ်ပွားခဲ့ သည်ကို အစိုးရမှာ ကောင်းကောင်း သိပါသည်။ ပုဇွန်တောင် ကုန်သွယ်ရေး အဆောက်အအုံ ဗုံးခွဲခံရမှုမှာ အလွန် အရုပ်ဆိုးလှသည်။ ဒဂုံစင်တာဗုံးခွဲမှု၊ X2O ရေကစားမဏ္ဍပ် ဗုံးခွဲမှုများကို လုံခြုံရေး တာဝန်ရှိသူများနှင့် ထောက်လှမ်းရေးများက အသေးစိတ် စစ်ဆေးကာ ယခု စိန်ခေါ်လာသော ကမ္ဘာ့အကြမ်းဖက် အဖွဲ့ကြီး၏ ခြိမ်းခြောက်မှုကို ပေါ့ပေါ့တန်တန် သဘောထား၍ မဖြစ်ပေ။ အကြမ်းဖက်မှုကို ကာကွယ်ဖို့အတွက် ပထမဆုံး ဘာသာရေး နွှယ်သော လူမျိုးရေး တိုက်ခိုက်မှုကို လုံးဝ မဖြစ်အောင် တားဆီးနိုင်ရမည်။ ထိုသို့ မဖြစ်အောင် ဖော်ထုတ်ကာ အရေးယူ အပြစ်ပေးရမည်။ မြန်မာနိုင်ငံကို စိန်ခေါ်ခံနေရသော ထိုအကြမ်းဖက် အဖွဲ့ကြီး၏ အန္တရာယ်မှ ကာကွယ်နိုင်ရန်မှာ လက်ရှိ ဖြစ်ပေါ်နေသော ဘာသာရေးနွှယ်သော အဓိကရုဏ်းများကို ဖော်ထုတ် အရေးယူရမည် ဖြစ်သည်။ ထို့နောက် အစ္စလာမ်ဘာသာ ဆန့်ကျင်ရေး လှုံ့ဆော်မှုများကို မျက်ခြည်မပြတ် ကြည့်နေရမည်ဖြစ်သလို ဘာသာစွဲ၊ လူမျိုးစွဲဖြင့် ဟောပြောစည်းရုံး လှုံ့ဆော်နေမှုများကိုလည်း ဥပဒေအရ တားမြစ်ကာ ဥပဒေစိုးမိုးရေးကို ပြတ်ပြတ်သားသား ဆောင်ရွက်နိုင်လျှင် အကြမ်းဖက် တိုက်ခိုက်မှုကို တားဆီး နိုင်မည် ဖြစ်ပါသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ