Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, October 8, 2014

ဆင်အကနဲ့ ဖိတ်ခေါ် မြင်ရမှ စိတ်ပျော်မယ် မိတ်သဟာနော် ကြွခဲ့ပါဦး



“ကိုးမြို့နယ် အထင်ကရ ဆင်အကနဲ့ ဖိတ်ခေါ် .. မြင်ရမှ စိတ်ပျော်မယ်.. မိတ်သဟာနော် ကြွခဲ့ပါဦး” အစချီလို့ ဗုံထောက်သီချင်း ဆိုပြီးတဲ့အခါ တီးတဲ့သူတွေကလည်း ခပ်ကြမ်းကြမ်း တီးကြပြီး ဆင်ကြီးကလည်း ရှေ့တိုးလိုက် နောက်ဆုတ်လိုက်နဲ့ ခပ်သွက်သွက်လေး ကတယ်။ ဒါဟာ နာမည်ကျော် ကျောက်ဆည် ဆင်ပြိုင်ပွဲက ပရိသတ်အကြိုက် ရိုးရာဆင်ပွဲရဲ့ အရိုင်းကဟန်လေးပါ။ အရိုင်းက ကြည့်ရမှ ဆင်ပွဲလာရတာ တန်တယ်ဆိုတဲ့ သူတွေကတော့ သဘောကျလို့ မဆုံးတော့ဘူး။


အရိုင်းကနဲ့ ပရိသတ် အာရုံကို ဖမ်းစားပြီးတဲ့နောက် လေးခင်းအကကို ဆက်ကကြပြန်တယ်။ လေးခင်းအကဆိုတာက ဖမ်းလာတဲ့ဆင်ကို ဆင်ဦးစီးက အနိုင်ယူပုံကို သရုပ်ဖော်ထားတာပါ။ ဆင်ကလည်း ဆင်ဦးစီးကို တက်နင်းဖို့ ကြံရွယ်၊ ဆင်ဦးစီးကလည်း ရှောင်တိမ်းပြီး ချွန်းနဲ့ အုပ်ဖို့ရာ အကွက်ချောင်း၊ ပရိသတ်ကလည်း ဟင်ခနဲ၊ ဟာခနဲ ရင်တထိတ်ထိတ်နဲ့ အားပေးကြရပြီး လက်ခုပ်သံလည်း အများဆုံး ကြားရတဲ့ ပြကွက်တွေပေါ့။ ဆင်ဦးစီးက ဖမ်းလာတဲ့ ဆင်ကို ယဉ်အောင်လုပ်ပြီးသွားတဲ့ အခါမှာတော့ အယဉ်အကကို မြူးမြူးကြွကြွလေး ကပြီး ယှဉ်ပြိုင်မှုကို အဆုံးသတ်လိုက်ပါတယ်။


အယဉ်ကမျာ ပတတ်ရပ်၊ ကင်းမြီးကောက်ထောင်၊ ကြိုးခုန်အက၊ မီးကွင်းအကတွေကို ကပြတဲ့အခါ ပြည်တွင်း ဧည့်သည်သာမက နိုင်ငံခြားသားတွေပါ အားပေးကြတယ်။ ရိုးရာ ဆင်ပြိုင်ပွဲမှာ ဆင်အကပညာကို အပေါ်လွင်ဆုံးဖြစ်အောင် ကပြနိုင်ရုံတင်မဟုတ်ဘဲ ပြိုင်ပွဲရဲ့အစမှာ ရတနာသုံးပါးကို ကန်တော့ပြီး ဆင်ဖမ်းတဲ့အခါ တောစောင့်နတ်၊ တောင်စောင့်နတ်တွေကို အနှောင့်အယှက် မပေးကြဖို့ တောင်းပန်တဲ့ ကဏ္ဍကိုလည်း ရိုးရာမပျက် ထည့်သွင်းကပြတာ တွေ့ရဆဲပါ။

အကကို ဦးစားပေးတဲ့ ရိုးရာဆင်ပြီးတော့ အလှကို ဦးစားပေးတဲ့ ဘော်ကြယ်ဆင် လာပါတယ်။ ဘော်ကြယ်ဆင်မှာ အသက် ၁၄ နှစ်၊ ၁၅ နှစ်အရွယ် အဖွဲ့တွေ ကတဲ့ ဆင်ကိုတော့ ကလေးဆင်လို့ ခေါ်ကြတယ်။

“ကျွန်တော်တို့ ဆုရရင် အများဆုံး တစ်သိန်းလောက်ပါပဲ။ ဒါပေမယ့် ၀ါသနာပါလို့ ပြိုင်နေတာပါ။ ဒီနှစ် အကြီးတန်း ဆင်ပြိုင်ပွဲကို ၀င်ပြိုင်ပါမယ်” လို့ ကလေးဆင်ပြိုင်ပွဲမှာ သုံးနှစ်ဆက်တိုက် ပထမရခဲ့တဲ့ “ရွှေဘောလုံး” ဆင်အဖွဲ့က ကိုသက်ဇင်နိုင်က ပြောပါတယ်။

ဆင်ပွဲဆိုရင် အားတက်သရော ရှိတဲ့ ကျောက်ဆည်မြို့ဟာ အခုလို ပွဲရက်နီးလာလေလေ တစ်မြို့လုံး လှုပ်လှုပ်ရှားရှားနဲ့ အသက်ဝင်လာလေပါ။ သီတင်းကျွတ်လဆန်း ၁၄ ရက်နဲ့ ၁၅ ရက်တွေက အဓိက ပွဲရက်တွေကိုး။

ဆင်ပြိုင်မယ့်သူတွေကလည်း ဆင်ရုပ်အတွက် အရုပ်ချိုးတဲ့သူဆီမှာ အပြိုင်အဆိုင် အပ်ကြပြီး တီးကြ၊ ဆိုကြ၊ လေ့ကျင့်ကြသလို ကျန်တဲ့ ဒေသခံတွေကလည်း ပွဲတော်ရက်မှာ ဘယ်လိုကဲမယ်၊ ဘယ်လိုနွှဲမယ် စသဖြင့် အမျိုးမျိုး ကြိုတင် စိတ်ကူးယဉ်ကြပါတယ်။ ၀ါဝင်ပြီဆိုတာနဲ့ ဆင်ပြိုင်ပွဲ ၀င်မယ့် အဖွဲ့တွေရဲ့ ဒိုးသံ၊ ဗုံသံတွေဟာ ကျောက်ဆည်မှာ သောသောညံလို့။

“ဒီနှစ်မှာလည်း ဆင်ပြိုင်ပွဲကို ထုံးစံအတိုင်း ရိုးရာဆင်၊ ဘော်ကြယ်ဆင်၊ ကလေးဆင်ဆိုပြီး ကျင်းပသွားမှာပါ။ ဆင်ကတဲ့ အဖွဲ့က ၄၀ လောက်ရှိတယ်။ ဒါပေမယ့် တကယ်ပြိုင်ပွဲ ၀င်တာက အဖွဲ့ ၂၀ လောက်ပဲ ရှိတယ်” လို့ ဆင်ပြိုင်ပွဲ ကျင်းပရေး ကော်မတီ ဥက္ကဌဦးညိမ်းမောင်က ပြောပါတယ်။ အရင်ကတော့ ပြိုင်ပွဲဝင်တဲ့ ဆင်ကိုက ၅၀ လောက်ရှိပြီး အခုတော့ ဆင်တန်ဖိုးကြီးလို့ ၀င်ပြိုင်တဲ့သူ နည်းသွားပြီလို့ သူက ဆိုတယ်။

ပြိုင်ပွဲဝင်တဲ့ ဆင် နည်းသွားပေမယ့် အနယ်နယ် အရပ်ရပ်က လာကြတဲ့ ဧည့်သည်တွေဟာ နည်းမသွားဘဲ ပွဲတော်ရက်မှာ လူတစ်သိန်းခန့် လာကြတယ်လို့ သိရပါတယ်။ တချို့နှစ်တွေမှာဆိုရင် ပရိသတ်က နှစ်သိန်းနီးပါး ရှိလို့ ဖိနပ်ကျွတ်ရင်တောင် မကောက်နိုင်လောက်အောင် ဆင်ပွဲကြီးက ကြိတ်ကြိတ်တိုး စည်ကားလှပါသတဲ့။

ဆင်ပွဲအစ ဆင်လှူပွဲကလို့ ပြောနိုင်ပါတယ်။ ဟိုယခင်တုန်းက အနော်ရထာမင်းဟာ သီဟိုဠ်က ပင့်ဆောင်လာတဲ့ ဗုဒ္ဓစွယ်တော်မြတ်ရဲ့ စွယ်တော်ပွားကို ဆင်မယဉ်သာနဲ့ တင်ဆောင်ပြီး ဆင်ဝပ်ရာ အရပ်တွေမှာ စေတီတည်ထား ကိုးကွယ်ခဲ့ပါတယ်။ ဆင်မယဉ်သာ ၀ပ်ရာ သာလျောင်းတောင်ပေါ်မှာလည်း စေတီတည်ပြီး ဆင်ရုပ်တွေ ပြုလုပ် လှူဒါန်းစေခဲ့ပါတယ်။

အရင်က သာလျောင်း တောင်ပေါ်က ရွှေသာလျောင်းဘုရားကို သီတင်းကျွတ် လပြည့်နေ့တိုင်း ဂန္ဓ၊ ဟေမ၊ ကာဠာဝက၊ ဂင်္ဂေယျ၊ သိင်္ဂလ၊ ပဏ္ဍာရ၊ တမ္ပ၊ ဥပေါသထ၊ မင်္ဂလ၊ ဆဒ္ဒန်စတဲ့ ဆင်ဆယ်မျိုးပုံ မုန့်လုပ်ပြီး လှူခဲ့ကြပါတယ်။

အဲဒီကမှတဆင့် ရွှံ့နဲ့ လုပ်ပြီး ရွှေစက္ကူ၊ ငွေစက္ကူ ကပ်ထားတဲ့ ရွှေဆင်၊ ငွေဆင်၊ နောက်တော့ ၀ါး၊ နှီးတို့နဲ့ ပြုလုပ်ထားတဲ့ ဆင်ရုပ်ငယ်တွေကို မတ်တပ်ပုံ၊ ၀ပ်နေပုံ အမျိုးမျိုးချိုးပြီး ထမ်းစင်နဲ့ တောင်ပေါ်ကို တက်လှူကြတယ်။ တောင်ပေါ် မတက်မီ အဆို၊ အက၊ အတီးတွေနဲ့ ရပ်ကွက်တွင်း လှည့်ပြီး ဖျော်ဖြေရာကနေ အခု မြင်နေရတဲ့ ဆင်ပွဲကြီး ဖြစ်လာတာပါလို့ သူ့သမိုင်းကြောင်းက ဆိုတယ်။

လူဝင်ကလို့ရတဲ့ ဆင်တွေ ဖြစ်လာအောင် ဆရာငယ်ကြီးက ကြံဆဖန်တီးခဲ့တာလို့ သိရပါတယ်။ အခုတော့ ဆရာငယ်ကြီးရဲ့ တပည့်တွေဖြစ်တဲ့ ဆင်ချိုးဆရာ ငါးယောက်ကသာ ကျောက်ဆည်မြို့ရဲ့ ဆင်ပြိုင်ပွဲနဲ့ ဆင်လှူပွဲတွေအတွက် ဆင်ရုပ်တွေကို ဒိုင်ခံ ချိုးပေးနေကြရပါတယ်။

ဆင်ချိုးဖို့ ၀ါးနှီး၊ စက္ကူ၊ မြေနီမှုန့်၊ ပိတ်၊ ရှန်နီကိုသာ အရင်က သုံးခဲ့ပေမယ့် အခုတော့ ပိုးဖဲကတ္တီပါအပြင် ဆင်မေးထိုးပြီး ကလို့ရအောင် သံလုံး၊ သံချောင်းတွေနဲ့ တီထွင်လာကြပြန်တယ်။

“ပြိုင်ပွဲဝင်ဖို့ ဆင်တစ်ကောင်ကို အနည်းဆုံး လေးသိန်းလောက် ကုန်ကျတယ်။ သူ့ထက်ငါ အပြိုင်အဆိုင် လှချင်ကြတာကိုး။ လှချင်လေ ပိုကုန်လေပဲ။ တစ်ကောင်ချိုးရင် ရက် ၂၀ လောက် ကြာတယ်” လို့ ဆရာငယ်ကြီးရဲ့ မြေးတပည့်ဖြစ်သူ ဦးကျော်လေးက ပြောပါတယ်။

“လွန်ခဲ့တဲ့ နှစ် ၅၀ က အဘ ဆင်စချိုးတဲ့ အချိန်တုန်းက ဆင်ရာသီဆိုရင် အကောင် ၇၀ လောက် ချိုးရတယ်။ အခုတော့ အကောင် ၂၀၊ ၃၀ လောက်ပဲ။ အရင်လိုတော့ မဟုတ်ဘူးပေါ့။ အရင်တုန်းက ပြိုင်ပွဲဝင်ဝင် မ၀င်ဝင် ကတဲ့ဆင်တွေက အများသားကိုး။ မိုးလင်းကနေ မိုးချုပ်တဲ့အထိ ကကြတာ။ ကတဲ့သူရော၊ တီးတဲ့သူရော၊ ကြည့်တဲ့သူရော မောမှပဲ နားကြတော့တယ်” လို့ အဘဦးကျော်လေးက အတိတ်ကို လွမ်းတသသနဲ့ ရှေးခေတ် ဆင်ပွဲအကြောင်းကို သတိတရ ပြောပြပါတယ်။

ခေတ်တွေ ပြောင်းလဲလို့ ဆင်အကမှာ နှဲ၊ ဒိုးပတ်၊ မောင်း၊ လကွင်း၊ ၀ါးလက်ခုပ်အပြင် အော်ဂင်ပါ ထည့်တီးတာ၊ ယိုးဒယားပတ်ပျိုးအပြင် ခေတ်ပေါ် သီချင်းလေးနဲ့ပါ တွဲကတာတွေ ဆန်းသစ်လာပေမယ့် ကျောက်ဆည်ဆင်ပွဲဟာ ရှေးမူမပျက် ချစ်စရာကောင်းနေတုန်းပါပဲ။

ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ