Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, September 26, 2014

တောဘုရားပွဲတော်ည


တောဘုရားပွဲတော်ည

 အနီးဝန်းကျင် ဘုန်းကြီးကျောင်းများမှ တုံးမောင်းခေါက်သံကြားသည်။ ဘုရားကုန်းတော်ပေါ်မှ
ဖွင့်လိုက်သော ဗြောသံဖြင့် အိပ်ပျော်နေသူများ ကြည်နူးစွာ နိုးထလာကြလေသည်။ ပြင်ကြဆင်ကြ
ချက်ပြုတ်ကြသံများဖြင့် လှည်းဝိုင်းကြီးတစ်ဝိုက်တွင်  သက်ဝင်လှုပ်ရှားလာ၏ ။
 နွားတွေနှင့် အလုပ်ရှုပ်သူရှုပ်၊ဆွမ်းတော်တင်ပွဲ ပြင်ဆင်သူ ပြင်ကြနှင့် ဘုရားဝန်းကျင်တွင် စည်ကားစပြုလာပြီ။ ဈေးဆိုင်တန်းများဘက်တွင်ကားတိတ်ဆိတ်ငြိမ်သက်ဆဲ။ 
သူတို့က သန်းခေါင်သန်းလွဲမှ  ဆိုင်ပိတ်ကြရသည်ကိုး။
ညလုံးပေါက်ဖွင့်သောဆိုင်များလည်း ခြောက်တိခြောက်ကပ်သာ။ 
သူတို့အဖို့ ယနေ့မှစမည်ဖြစ်သော ပွဲတော်ညကိုအားထားမျှော်လင့်ကြရလေသည်။
    မိုးလင်းသည်နှင့် လှည်းဝိုင်းရှိ လူအားလုံးသည် ကလေးသူငယ်မကျန် စီတန်းလျက် ဘုရားပေါ်သို့တက်ကြ၏ ။
 ပန်း၊ ရေချမ်း၊ ဆီမီးနှင့် ဆွမ်းဦးကပ်ကြပြီးလျင် ဘုရားကို လက်ယာရစ်လှည့်ပတ်ပူဇော်ကြကုန်၏ ။
ပြည့်ပြည့်၊ မောင်ရေချမ်း၊ မောင်မိုးသူ စသော ကလေးများပင်လျင် မျက်နှာထိမျက်နှာထားကလေးများနှင့်
တည်ကြည်ရှင်းသန့်နေကြသည်။ ၀တ်ပြုပူဇော်ကြပြီးသောအခါ ဘုရားအနီးတစ်ဝိုက်အား လှည့်ပတ်ကြည့်ရှုသူကြည့်ရှု၊ ဘုန်းကြီးကျောင်းများသို့ သွားသူ သွား၊ဘုရားရင်ပြင်တော်ပေါ် နားသူနားဖြင့် လူစုကွဲသွားကြသည်။
                ကိုကြည်နိုင်၊ ကိုလွမ်းနောင်၊ ကိုရာဇာ၊ ကိုလူရိုး၊ ကိုရိုးရာ စသော ကာလသားတစ်သိုက်ကား
ရွာကတည်းက ကြိုတင်ကြံစည်ထားကြသည့်အတိုင်း လက်ဖက်ရည်ဆိုင်သို့ ဦးတည်ကြလေပြီ။
သူတို့အဖွဲ့တွေနှင့်ပင် လက်ဖက်ရည်ဆိုင်ကလေးက ပြည့်သွားသည်။ ကလေးတွေရော.. လူကြီးတွေပါ
ဆူညံစွာ ပြောဆိုအားပေးနေကြသလို ဖြတ်သွားဖြတ်လာများကိုလည်း အလွတ်မပေး ၀ိုင်းကြည့်ကြချေသေးရာတော်တန်ရုံမိန်းကလေးဆိုလျင် ခြေလှမ်းမှား၍ လမ်းဆက်လျှောက်ရန်ပင် လွယ်ကူမည်မဟုတ်ပေ။
ကိုကညွတ်ကား ဤနေရာတွင် အကဲဆုံးဖြစ်လေသည်။
“ဟေ့ ဟေ့.. ဟို မဒီလေး ကြည့်ကြစမ်းပါဦး။ ခြေသလုံးလေးတွေဆိုတာ ၀င်းလို့မှည့်လို့။
ဗန္ဓကသရက်သီးလေးကျနေတာပဲနော်”
“အောင်မာ၊ ဟေ့ ကိုရင်ကညွတ်ရ။ မင်းက အဲဒီသရက်သီး မြင်ဖူးလို့လား”
“မြင်တော့ မမြင်ဖူးဘူးပေါ့ ဟလူရာ။ ငါလည်း ဒီလိုပဲ မှန်းပြီး ဖောတာပေါ့.. ဟေးဟေး။ ကြည့်မှာသာ
ကြည့်စမ်းပါကွာ။ အဲလိုပုံစံလေးလို့ မှတ်လိုက်ပေါ့ကွ။ မင့်ပြောရတာနဲ့ သမာဓိတွေတောင် ပျက်ကုန်ပြီမောင်။မှန်းစမ်း နောက်တစ်ယောက်”
                အမယ်ကြီးများနှင့် အပျိုမများကား ဆွေမျိုးသားချင်းများ၊ အသိမိတ်ဆွေများ၊
ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်လည်ပတ် နှုတ်ဆက်ကြလေသည်။ အချို့လည်း
ဘုန်းကြီးဆွမ်းအုပ်ပို့သူ ပို့ကြ၏။ နေ့လည်စာကား လှည်းဝိုင်းတွင် ပြန်၍ စုဆုံစားသောက်ကြသည်။
စောစောစီးစီး ကိုဇော်က မူးနေ၏ ။ ကိုရာဇာကား ဆွမ်းတော်အုပ်ကြီးနှင့် ပွဲတော်တည်နေရာ
မြင်ရသူများ ပြုံးစေ့စေ့။
“ငမင်းတစ်ကောင်.. ဘယ်လိုဖြစ်လို့ ဆွမ်းအုပ်နဲ့ တွယ်နေသတုန်း။ ပန်းကန်ခွက်ယောက် မပါခဲ့ဘူးလား”
“အေးဟ။ ငါလည်း ဆွမ်းတော်တင်ဖို့ပဲ သတိရပြီး စားဖို့ခွက်တွေထည့်ဖို့မေ့သွားတယ်။ မိချိုကလည်း
လှဖို့ကလွဲရင် ဒါတွေသတိမရတော့ မင်းတို့တွေ မြင်တဲ့အတိုင်းပဲပေါ့ကွာ.. ဟီး”
“အဖြစ်ကလည်း မနှစ်ကထက်တော့ ညစ်စရာကောင်းနေပါပြီ။ ဟိုကောင်တွေလည်း ကြည့်ဦး။ ရေနွေးဓာတ်ဘူးထဲဘာတွေထည့်လာတယ် မသိ၊ အစာထက် အသောက်ဘက် လုနေကြတယ်။ သိသာလိုက်တာကွာ.. ငမူးတွေ”
      ကိုနေလင်းထွန်းပြောလိုက်သော စကားက ကိုမင်းလွင်အရှိုက်ကို တည့်တည့်ထိ၏ ။
သောက်လက်စရေနွေးပင် သီးသွားလေသည်။
“ခွီး.. ဖရူး… ဖူး၊ ခွီးတဲ့မှပဲကွာ။ ဟေးရောင် ငါမပါဘူးနော်။ ငါယူသောက်နေတာ ဦးလေးဦးမောင်သန်းတို့ အိုးကကွ”
“အေးပါ.. မင်းလည်း မပြောပါဘူး။ အုံပွင့်မနေနဲ့။ ငါပြောတာ ကညွတ်တို့ဝိုင်းပါ”
“ဟီး”
          လူရိုးက သွားလေးဖြဲပြသည်။ ကိုပေါက်က မလုံသလို ခင်လေးကို ကြည့်၏ ။ ခင်လေးက မျက်စောင်းထိုး၍တစ်ဖက်လှည့်သွားလေသည်။ ကိုပေါက်က ဆင်သေကို ဆိတ်ရေနှင့် လိုက်ဖုံးရန် ကြိုးစားလိုက်သေးသည်။
“ဟေ့ကောင်တွေ။ ရေနွေးချည်း လှိမ့်သောက်မနေနဲ့ကွ.. အမြည်းလေးလည်း စားဦး.. အဲ”
“ဟာ.. ဒီကောင်လုပ်မှ အကုန်ပေါ်တော့မှာပဲ။ ဟေ့ ငပေါက်၊ မူးရင် ငြိမ်ငြိမ်နေကွာ.. စကားမများနဲ့”
“အာ.. ဒီနှစ်ကောင်။ ပြောလေဆိုးလေပါလား။ ၀ိုင်းထဲက ထွက်ကွာ.. သွား”
    သူတို့လုပ်သည်နှင့် အကုန်ပေါ်တော့သည်။ ဘကြီးသတိုးက ဆုံးမ၏ ။ ကိုကြီးကွန်ကလည်း
“မင်းတို့ကလည်းကွာ။ ဘုရားပွဲလာတဲ့ အခိုက်လေးတောင်၊ ဒီတစ်ရက်တော့ မသောက်ကြပါနဲ့လား။ ပေး ပေးငါ့ကိုပေးစမ်း။ နောက်ရော ဘယ်မှာ ရှိသေးလဲ”
               ထိုအခါ အားလုံးက မင်သေကလေးတွေနှင့် ပေကလပ် ပေကလပ်ပြန်ကြည့်နေကြသည်။
ဘယ်သူမှ ဘာမှမပြောချေ။ ဇင်မျိုးက မန်ကျည်းပင်ကြီးကို ကွက်ကြည့်ကွက်ကြည့် လုပ်နေသည်။
ကိုကြီးကွန် ထသွားပြီး မန်ကျည်းပင်သစ်ခေါင်းထဲ ရှာကြည့်လိုက်သည်။ ပုလင်းနှစ်လုံး ထွက်လာ၏ ။
အားလုံးက ဇင်မျိုးကို ကြိတ်၍ ကျိန်ဆဲကြလေသည်။
                ပွဲတော်ညကား မမှောင်ခင်ကပင် စည်ကားလှသည်။ ခခတို့မောင်နှမတစ်စု ရဟတ်ကြီးနားမှာ
တ၀ဲဝဲလည်နေသည်။ မျက်လုံးများကလည်း အော်ဟစ်ဆူညံနေသော ရဟတ်မှ မခွာကြ။ သူတို့အကိုကြီးက
“ဘယ်နှခေါက်တောင် စီးကြမှာလဲဟေ။ တော်ပြီပေါ့။ သုံးလေးခေါက် မကတော့ဘူးထင်တာပဲ”
“နောက်ဆုံးတစ်ခေါက်.. နောက်ဆုံးတစ်ခေါက် နော်။ ကိုကြီး ပျင်းရင် လိုက်စီးလေ။ လာပါ အဖော်ရတာပေါ့”
“ဟာ.. ကိုကြီး မစီးရဲပါဘူး။ မသကာ ပြုတ်ပျက်ကျနေမှ။ ညီမလေးတို့ပဲ စီးကြပါ”
“ဟင်.. တိုကြီး.. မရဘူးဂျာ။ ဒီတစ်ခါ လိုက်စီးလှည့်။ သားသားတို့တောင် မကြောက်တာကို”
  သို့နှင့် မောင်နှမလေးယောက်သား ရဟတ်တစ်တွဲပေါ် ရောက်သွားကြသည်။ ရဟတ်က
လူခေါ်နေတုန်းဆိုတော့ တဖြေးဖြေး ထိပ်ကို ရောက်လာသည်။
“ဒီလို အပေါ်စီးက ကြည့်တော့လည်း လှသားဟ။ ဟိုမှာ ဘုရားက ထွန်းတဲ့မီးရောင်။ ဟိုမှာ
ပွဲဈေးတန်းကြီးက ထိန်လို့။ အောင်မာ ဇာတ်ရုံပိုစတာကြီးတွေက ဟီးထနေတာ ခုမှမြင်တယ် ကြည့်စမ်း။
ဒီညတော့ .. ညတော့.. အ အ အားးးးးးး”
     ပြောလို့မဆုံးလိုက်။ ရဟတ်က လူပြည့်ကာ စတင်လည်ပတ်ပြီဖြစ်ရာ အသင့်ပြင်မထားသော
ကိုကြီးတစ်ယောက် တလှပ်လှပ်လန့်ပြီး အော်တော့သည်။
“ဟင်.. အကိုကြီးကလည်း ရှက်စရာကြီး။ သိပ်မအော်နဲ့လေ.. တိတ်တိတ်လေး အော်မှပေါ့”

                ပြန်အတက်တွင် ခခမှ ကြိတ်သတိပေး၏ ။

“အေးပါ.. အေးပါ.. ငါ သတိထား… အ .. အားးးးးးးးး… အားး ဟားးး ဟားးး.. တကယ်ကျတယ်ဗျ။
ကယ်တော်မူကြပါ။ မရဘူးဟေး.. အောက်ဆင်းပါရစေဗျိုး”
“ဟင်.. မရတော့ဘူးလေ.. ဒီချိန်မှ။ ကြောက်ရင် မျက်စိမှိတ်ထား။ ရော့.. ပုဝါ။ အဲဒါ ကိုက်ထားလိုက်”
“အီး… အူး..”
  ဇင်မျိုးတို့တစ်သိုက်လည်း ရဟတ်နားရောက်လာကြသည်။ ဇင်မျိုးက လျှာသပ်လိုက်သည်။
ရဟတ်စီးချင်နေသည်မှာ ကြာပြီ။ မနေ့ကလည်း တစ်ခေါက် စီးပြီးပြီ။ 
ဒီနေ့ အ၀စီးပစ်လိုက်မည်ဟု အားခဲကာရဟတ်ဆီ လျှောက်သွားပြီး ဆယ်ခေါက်စီးမယ် ဘယ်လောက်ထားပေးမလဲဟု ဈေးသွားဆစ်လေသည်။
ရဟတ်ပိုင်ရှင်က ငါးခေါက်စာပဲပေးဟု ပြောသဖြင့် ကျေနပ်သွားပြီး ပိုက်ဆံအိတ်ကို စမ်းသည်။ ရှာမတွေ့တော့။
ဟင်.. အိတ်လည်း မပေါက်ပါဘူး။ အနောက်လှည့်ကြည့်တော့ မောင်ရေချမ်းလေးက ရေခဲမုန့်ခွက်ကိုင်ကာ
အားပါတရ လျက်နေလေသည်။
“ဟေ့ကောင်.. မင်းအမေကော”
“အင်.. ဘာလုပ်မလို့လဲဗျ။ ခင်ဗျားကြီးနော်.. ကောင်းကောင်းမေး။ သေနတ်နဲ့ ထုတ်ပစ်လိုက်မှာ”
“ဟာ.. မဟုတ်ပါဘူး၊ မင်းအမေလည်းမပါဘဲနဲ့ မင်းက ဘယ်ကပိုက်ဆံနဲ့ ရေခဲမုန့်စားနေတာလဲကွ။ မှန်မှန်ပြောစမ်း”
“မနေ့ညက ဟိုဘက်ရွာက အပျိုကြီး မဘုတ်ဆုံ ကျွန်တော့်ကိုချစ်လို့ဆိုပြီး ပေးလိုက်တာဗျ။ မယုံ သွားမေးကြည့်”
“အမ်”

 ဇင်မျိုး ခံလိုက်ရသည်။ မဘုတ်ဆုံ မနေ့က သူ့လက်ချက်မှန်း ရိပ်မိပုံရသည်။
သူ ပြေးတာ မြင်သွားသေးသည်လေ။
“တောက်.. ကွာ… ဟင်း.. ငါနော်.. မင်းနော်... ခွီး။ ဒါမျိုးကျ စိတ်သိပ်ကြီးတာနော်.. ဟင်းဟင်း”
 ထိုစဉ် ကာလသားများ စုဝေးရောက်ရှိနေရာ အထုံစားတော်ဆက်ဆီသို့ ပြည့်ပြည့်ကလေးနှင့်
မိချိုတို့ ပြေးလာပြီး
“ကိုကြီးတို့.. ဟဲ့.. လုပ်ကြပါဦး။ ဟိုမှာ ရည်ဝေကို ဟိုဘက်ရွာက ရော်ကာကြီးဆိုတဲ့လူ မူးပြီး လက်ဆွဲနေလို့”
“ဘာ..”           “ဘာကွ”          “ဟေ့ကောင်တွေ.. လာဟေ့”
“အောင်မာ ရာရာစစ.. ဒင်းက အနူလက်နဲ့ ရွှေခွက်နှိုက်ချင်တယ်ပေါ့လေ။ အမဲရိုးနှယ် ဟင်းအိုးမှ အားမနာကွာ။
ကေသရာဇာ ခြင်္သေ့ဆီဆိုတာ သင်္ဂီရွှေခွက်နဲ့ပဲ တန်တာ ဒင်း မသိလေရော့သလား။ ပုဝါပါးက
ကြက်သားလာထုပ်ချင်လို့ ဘယ်ရပါ့မလဲ။ ရွာနားကမြက် ရွာနွားတောင် စားတာမဟုတ်ဘူးကွ”
“ဟာ.. ဟေ့ကောင် ငလွမ်း၊ တော်စမ်း။ အကောင်း နားထောင်နေတာမဟုတ်ဘူး၊ ဘယ်တော့ပြီးမလဲ စောင့်နေတာ။
မင့်ဟာက မဆုံးနိုင်တဲ့အပြင် ငါတို့ပါ နွားတွေ ဖြစ်ကုန်ပါပေါ့။ တော်စမ်းကွာ..  မင်း စကားပုံရွတ်မှာလား
လိုက်မှာလားကွ။ လိုက်မှာဆို ဟိုကောင်တွေတောင် ရောက်နေလောက်ပြီ။ မင်းက ပုဆိုးပြင်ဝတ်လို့ မဆုံးနိုင်ဘူး”
  ဆရာဦးမောင်မောင်သန်း(ရင်ကိုအေးမြရစေသား)ဆိုက်ဖမ်းနေသော ရွာဦးမောင်မောင်သန်းကလမ်းနောင်ကို ဟောက်လိုက်တော့မှ
“ဆောရီး အဘရာ.. ပြောကောင်းကောင်းနဲ့ စကား ဘယ်ရောက်သွားတယ်တောင် မသိတော့ဘူး။ လိုရင်းကတော့နဂါးမှန်းသိအောင် အမောက်ထောင်ပြမှဖြစ်မယ်လို့ ပြောမလို့ပါ။ ပုဆိုးခြုံထဲက လက်သီးပုန်းပြတဲ့ကောင်မဟုတ်ဘူးဆိုတာ သိစေရမကွ”
 ဟုဆိုကာ ပုဆိုးတိုတို ၀တ်ပြီး အပြေးလိုက်သွားလေတော့သည်။
 တစ်နေရာတွင် လူများ ရုံးစုရုံးစုလုပ်နေကြသည်။ လက်ဆွဲသူ ရော်ကာကြီးရော ဆွဲခံရသူ ရည်ဝေပါ
မရှိတော့။ ဘုရားဂေါပကရုံးခန်း ရောက်သွားကြပြီဟု သိရသည်။ ရန်ပွဲတစ်ပွဲ ဖြစ်သွားသေးကြောင်း၊
ဓားထိုးမှုအထိ ဖြစ်သွားသောကြောင့် ပြဿနာမှာ မထင်မှတ်ဘဲကြီးနိုင်ကြောင်လူများ ပြောဆိုနေကြသည်။
အရင်ဆုံး ရောက်ရှိသော ကိုကြီးကွန်က အမောတကော ပြောလေ၏ ။

“တို့ကောင် ဇင်မျိုးတော့ ရုတ်တရက် ဘယ်က ရောက်လာမှန်းမသိဘဲ ဇွတ်ဝင်ထိုးတာ နောက်က ကောင်တစ်ကောင်ဓားနဲ့ထိုးလို့ ဆေးရုံပို့လိုက်ရပါပကော။ 
ငါတို့တော့ တာဝန်ကြီးပြီဟေ့..၊ စကားများ တွေဝေမနေကြနဲ့။
ရဲစခန်းလိုက်မယ့်သူတွေ၊ ဆေးရုံ လိုက်မယ့်သူတွေ လိုက်ဖို့ ပြင်ကြ.. လူရိုးက လှည်းဝိုင်းပြန်ပြီး
လူကြီးတွေကို အကြောင်းကြားချေ၊ စီစဉ်စရာရှိတာ စီစဉ်ခဲ့ကြ။ ကဲ ကဲ.. ငါနဲ့ ဘယ်သူ ဆေးရုံ လိုက်ကြမလဲ”
  အရေးကြုံက စည်းလုံးကြသော တောရွာသဘာဝအတိုင်း အားလုံးလှုပ်ရှားကုန်ကြသည်။
ဆေးရုံသွားကြသူတွေထဲ မေခက်လည်း ပါလာသည်။ တငိုငို တရယ်ရယ်နှင့် အစိုးရိမ်ပိုနေလေ၏ ။
သူ့အဖေ လူအေးကြီး ဦးကကြီးကလည်း ဘာမှ မပြောပေ။
 သူ့သမီးငိုတာ ထိုင်ကြည့်ရင်း လူနာစောင့်နေ၏ ။
ငိုသူကသာ ငိုနေသည်။ ဓားအထိုးခံရသော ဇင်မျိုးက ကုတင်ပေါ်မှာ ပြုံးပြုံးကြီး။ စိုးရိမ်ပူပန်သူများကို တရားချလိုက်၊
ကာလသားချင်း စကားပြောလိုက်၊ ငိုနေသည့် မေခက်ကို စလိုက်ဖြင့် လူပုံအလယ် စန်းထနေလေသည်။
“သင်းကို အဲဒါကြောင့် ပြောတာပေါ့။ နေရာတကာ စပ်စပ်စပ်စပ် ၀င်မပါပါနဲ့လို့။ ခုတော့ ထိပြီမဟုတ်လား။
သူ့ဗလလေးနဲ့ ထောင်ထောင် ထောင်ထောင်လုပ်လွန်းလို့ ခုလည်း မစည်အပ်
မလာအပ်တဲ့ နေရာမှာ (သူနာပြုဆရာမများ လှည့်ကြည့်ကြ၏ ။)
အသေဆိုးနဲ့ သေတော့မလို့။ (လူနာမေးသူများ မျက်နှာပျက်ကြ၏ ။)
တော် ရယ်မနေနဲ့.. တော့်ကို ပြောနေတာ (ဇင်မျိုး မျက်နှာပိုးသတ်၏ ။)
ကျုပ်က သင်္ချိုင်း နဲ့ ဆိုင်တာဆိုရင် (ဘေးမှ လူနာများ ခေါင်းထောင်ကြည့်ကြ၏ ။)
ပံ့သကူတောင် ကောက်တာမဟုတ်ဘူး။ သိတယ် မဟုတ်လား” (ဦးကကြီး မနေသာတော့..)
“တော်ပါတော့ သမီးရာ.. ဒီကောင်လည်း ဘာမှဖြစ်တာမဟုတ်ဘဲနဲ့။ ဓားလေးကြည့်တော့ လက်သန်းလောက်ရှိတဲ့ဘုရားပွဲက ဓားချောလေးကို။ သေချင်လို့တောင် သေမရဘူး သမီးရဲ့”
“အေးလေဟာ.. မေခက်ကလည်း၊ ငါက သူထိုးလိုက်တာ သိတောင် မသိလိုက်ပါဘူးဆို။ ရန်ဖြစ်နေတုန်း
ကလိလာထိုးနေတယ်မှတ်လို့ နောက်နေကြတာလားတောင် ထင်လိုက်သေးတယ်။ 
သူများတွေ ၀ိုင်းဆွဲမှလဲကျချင်သလို ဖြစ်တာ.. အတင်း ဆွဲနေကြလို့။ ဘာမှ မဖြစ်ပါဘူး”
“ကျုပ်က မိန်းမသားရှင့်.. မိန်းမသား။ ဘာမှ မဖြစ်လည်း စိုးရိမ်တတ်တယ်”
“အေးပါ.. ငါကလည်း ယောက်.. ယောက်.. အဲ”

     ဇင်မျိုး၏ ပြောလက်စ စကားမှာ ဦးကကြီး၏ အဟမ်း.. ဆိုသော အသံအောက်တွင် ရယ်သံများနှင့်ရောထွေး ပျောက်ကွယ်သွားလေသည်။
 ဦးကကြီးက မျက်စောင်းတစ်ချက်ခဲ၍ ထွက်သွားတော့ အနီးရှိသူများဝိုင်းရယ်ကြသေးသည်။ ဇင်မျိုးက ဘာမဆိုင်ညာမဆိုင် ရောယောင်၍ မေခက် လက်ကို ကိုင်လိုက်သည်။
မေခက်က ရှက်မျက်စောင်းတစ်ချက်နှင့် တုန့်ပြန်လေသည်။
“ဟွန်း.. ဆေးရုံပေါ်ရောက်နေတာတောင် သေကြောက ဆွဲနေသေးတယ် (ဘေးကုတင်များမှ ချောင်းဟန့်သံ
ထွက်လာ၏ ။ မေခက်အသံ တိုးသွားလေသည်။) ရွ မနေနဲ့ ကိုရင်.. အဖေက မလုပ်ရင် မလုပ်ဘူးနော်..
လုပ်ရင် ငှက်ကြီးတောင်နဲ့ လိုက်နေလို့ ဆေးရုံမရောက်ခင် အသက်..”
“ကဲ ကဲ.. လူနာစောင့်တွေ ပြန်ချိန်ရောက်နေပါပြီ။ မနက်မှ လာခဲ့ကြပါတော့။ ဒီလူနာလည်း အခြေအနေ
ကောင်းနေမင့်ဟာ။ ဖြစ်နိုင်ရင် လူနာရော လူနာစောင့်တွေရောကို တစ်ခါတည်း ဆေးရုံပေါ်က မောင်း.. အဲ..
ကားမောင်းပြီး ပြန်ပို့ပေးချင်တယ်။ တကတဲ.. တဟီးဟီး တဟားဟားတွေရော၊ ငိုတာ ယိုတာတွေရော
မပြောလိုက်ချင်ဘူး။ ကိုယ့်ရွာများ မှတ်နေကြသလား”
                တာဝန်ကျ သူနာပြုဆရာမကြီး၏ မကြည်သံအောက်မှာ မေခက် ဇက်ကလေးပု၍ ဇင်မျိုးအနီးမှ ထကာ
လှည့်ကြည့်လှည့်ကြည့်ဖြင့် ပြန်သွားလေတော့သည်။

           အညာဘုရားပွဲတော်ညကား မီးရောင်ထိန်ထိန်ဖြင့် သူ့ဘာသာ လည်ပတ်ဆူညံလျက်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ