
တစ်လလျှင် မိုဘိုင်းလ်ဖုန်း (၁၅)နာရီအထက် အသုံးပြုသူများတွင် ဦးနှောက်တွင်း အကြိတ်ဖြစ်ပေါ်နိုင်ခြေ သာမန်ထက် ပိုမို များပြားလာတတ်ကြောင်း သုတေသီများက ပြောကြားခဲ့သည်။ ထို့ကြောင့် မိုဘိုင်းလ်ဖုန်း အသုံးပြုမှုနှင့် ဦးနှောက်တွင် ကင်ဆာဖြစ်နိုင်ခြေ ဆက်စပ်မှုရှိမရှိ အငြင်းပွားနေသည့် အခြေအနေများကို ပိုမို၍ တွန်းအားဖြစ်ပေါ်လာစေသည်။ ပြင်သစ်သုတေသီများက နှစ်ရှည်လများ မိုဘိုင်းလ်ဖုန်း အသုံးပြုပြီး အလုပ်လုပ်ခဲ့ရသူများ၏ ဦးနှောက်အခြေအနေကို စစ်ဆေးပြီး ယခုကောက်ချက်ကို ကြေညာခဲ့ခြင်း ဖြစ်သည်။
နာရီ(၉၀၀)ကျော်မျှ မိုဘိုင်းလ်ဖုန်းနှင့် ထိတွေ့ပြောဆိုမှုမျိုး ရှိခဲ့သူ တစ်ဦးသည် ဦးနှောက်တွင် အကြိတ်များ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေကို ခုခံနိုင်သည့် သဘာဝ ကိုယ်ခံစွမ်းအား လျော့နည်းနေတတ်ကြောင်း သိရသည်။ အလုပ်ခွင်တွင် မိုဘိုင်းလ်ဖုန်း တစ်လုံးဖြင့် အဆက်မပြတ် အချိန်းအချက် ပြုလုပ်ပြီး အလုပ်ရှုပ်လေ့ ရှိသူများသည် ယင်းကဲ့သို့ အားနည်းချက်မျိုးကို အများဆုံး ပိုင်ဆိုင်ကြုံတွေ့ရတတ်ကြောင်း သုတေသီများက ဆိုသည်။ ပြင်သစ်မှ ပညာရှင်များသည် (၂၀၀၄)ခုနှစ်နှင့် (၂၀၀၆)ခုနှစ်ကြား သုတေသနပြုခဲ့သည့် မှတ်တမ်းများကို အခြေခံကာ ယခုစစ်တမ်းကို လေ့လာပြုစုခဲ့ခြင်း ဖြစ်သည်။
ဖုန်းကို ရေရှည်အသုံးပြုရသည့် အခြေအနေအတွက် ဘေးထွက်ဆိုးကျိုးသည် ပျမ်းမျှ (၂)နှစ်မှ (၁၀)နှစ်ကြား အချိန်အတွင်း သိသာစွာ ထွက်ပေါ်လာတတ်ကြောင်းလည်း သုတေသီများက ယူဆထားသည်။ ယခုစစ်တမ်းကို ဘောဒိုးစ် တက္ကသိုလ်ရှိ သုတေသန ဌာနက ဆန်းစစ်ဖော်ထုတ်ခဲ့ခြင်းဖြစ်ပြီး ဗြိတိန်ထုတ် Occupational and Evironmental ဆေးပညာ ဂျာနယ်တွင် ဖော်ပြခဲ့သည်။ ယခင်က ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)၏ နိုင်ငံတကာ ကင်ဆာသုတေသန ဌာနကလည်း မိုဘိုင်းလ်ဖုန်းမှ ထွက်ပေါ်လာသည့် လျှပ်စစ်သံလိုက် လှိုင်းမျးသည် ကင်ဆာဆဲလ်များကို လှုံ့ဆော်သည့် အခြေအနေမျိုး ရှိနိုင်ကြောင်း ကြေညာထားခဲ့ဖူးသည်။
No comments:
Post a Comment