Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, September 12, 2014

စာမဖတ်​တဲ့လူမျိုး



ဂျာမဏီ Frankfurt ကနေ တရုတ်ပြည်ရှန်ဟိုင်းမြို့ဆီပျံသန်းတဲ့ လေယာဉ်ပေါ်မှာ ကျွန်မလိုက်ပါလာခဲ့တယ်။ ပျံသန်းချိန်ကြာမြင့်တဲ့ အိပ်ချိန်ဖြစ်တာကြောင့် လေယာဉ်တွင်းက မီးတွေကို ပိတ်လိုက်ကြတယ်။ ကျွန်မလည်း ခြေဆန့်လက်ဆန့်လုပ်ရင်း သန့်စင်ခန်းသွားဖို့ နေရာကထလိုက်ပါတယ်။ ကျွန်မနေရာနဲ့ သန့်စင်ခန်းက အတန်ငယ်လှမ်းတာကြောင့် ထိုင်ခုံနေရာတော်တော်များများကို ကျွန်မဖြတ်ကျော်ရပါတယ်။ အဲဒီလိုဖြတ်ကျော်ချိန် ကျွန်မတအံ့တသြ သတိထားမိလိုက်တာက iPad တော်တော်များများကိုလည်း ကျွန်မဖြတ်ကျော်နေရတာကိုပါပဲ။ မအိပ်ဘဲ iPadကစားနေသူတွေက တရုတ်လူမျိုးတွေဖြစ်ပြီး iPadနဲ့ ဂိမ်းကစားတာ ဒါမှမဟုတ် ရုပ်ရှင်ကြည့်နေကြတာကို တွေ့လိုက်ရပါတယ်။ စာဖတ်နေတဲ့လူ တစ်ဦးတစ်ယောက်မျှ မတွေ့ခဲ့မိပါဘူး။

ဒီမြင်ကွင်းက ကျွန်မဦးနှောက်ထဲမှာ တော်တော်ကြာကြာစွဲခဲ့ပါတယ်။ တကယ်တမ်း Frankfurtလေယာဉ်ကွင်းမှာ လေယာဉ်စောင့်စဉ်တုန်းကလည်း ကျွန်မသတိထားခဲ့မိတာ ရှိပါတယ်။ ဂျာမန်ခရီးသွားအများက ကော်ဖီတစ်ခွက်၊ သတင်းစာတစ်စောင်၊ စာအုပ်တစ်အုပ် ဒါမှမဟုတ် kindleတစ်လုံး၊ လက်တော့ပ်တစ်လုံးနဲ့ ဆိတ်ဆိတ်ငြိမ်ငြိမ်စာဖတ်တာ ဒါမှမဟုတ် အလုပ်လုပ်နေတာကို တွေ့ခဲ့ရပါတယ်။ တရုတ်ခရီးသွားတွေလည်း စာဖတ်တာ၊ အလုပ်လုပ်တာကို တွေ့ခဲ့ရပေမယ့် အဲဒီလိုလုပ်တဲ့လူတွေ မများပါဘူး။ များသောအားဖြင့် ဈေးဝယ်သူရယ်၊ အုပ်စုဖွဲ့ပြီး အသံကျယ်ကျယ်လောင်လောင်နဲ့ ရယ်မောပြောဆိုသူရယ်၊ ဈေးနှုန်းနှိုင်းယှဉ်သူတွေရယ် ပိုများခဲ့ပါတယ်။

တရုတ်နိုင်ငံက ကမ္ဘာပေါ်မှာ စာပေယဉ်ကျေးမှု အစောဆုံးထွန်းကားခဲ့တဲ့နိုင်ငံ တစ်နိုင်ငံဖြစ်ပါတယ်။ ဒါပေမယ့် အခုခေတ်တရုတ်လူမျိုးတွေက ဆိတ်ဆိတ်ငြိမ်ငြိမ်ထိုင်ပြီး စာအုပ်တစ်အုပ်ဖတ်ရလောက်တဲ့ သည်းခံစိတ်မျိုး မရှိတော့သလိုပါပဲ။ တစ်ခါက ပြင်သစ်မိတ်ဆွေတစ်ဦးနဲ့ Hongqiaoဘူတာမှာ ကျွန်မတို့ရထားစောင့်ခဲ့တုန်းက တရုတ်ပြည်ကို ပထမဆုံးအကြိမ်ရောက်လာတဲ့ ဒီပြင်သစ်မိတ်ဆွေက ရုတ်တရက် ကျွန်မကိုမေးပါတယ်။

“ဘာဖြစ်လို့ တရုတ်လူမျိုးတွေက ဖုန်းပြောနေတာနဲ့ ဒါမှမဟုတ် ဖုန်းကစားနေတာတွေပဲ.. စာဖတ်တဲ့လူ တစ်ယောက်မှ မတွေ့ပါလား”။

မိတ်ဆွေရဲ့အမေးကြောင့် ဘေးဘီကို ကျွန်မကြည့်လိုက်တော့ သူပြောတဲ့အတိုင်းပါပဲ။ လူတွေက ဖုန်းပြောနေကြတယ် (အသံကျယ်ကျယ်လောင်လောင်နဲ့)။ ဖုန်းမပြောတဲ့သူတွေက ခေါင်းငိုက်စိုက်နဲ့ မက်ဆေ့ပို့နေတာ ဒါမှမဟုတ် အင်တာနက်တက်နေတာ ဒါမှမဟုတ် ဂိမ်းကစားနေတာတွေပဲ။ ဆူဆူညံညံနဲ့ အလုပ်များနေကြသလို တစ်ယောက်တည်းအထီးကျန်ကျန်နဲ့ အလုပ်ရှုပ်နေကြပါတယ်။ အေးဆေးဆိတ်ငြိမ်မှုတစ်မျိုး သူတို့ဆီမှာ မတွေ့ရပါဘူး။

ဥရောပနိုင်ငံကရထားရဲ့အမြန်နှုန်းက တရုတ်နိုင်ငံရထားလောက် မြန်ချင်မှမြန်တော့မယ်၊ ဘူတာရုံရဲ့ခေတ်ဆန်ဆန်အနေအထားက တရုတ်နိုင်ငံလောက် ခေတ်ရှေ့ပြေးချင်မှပြေးတော့မယ်၊ ဒါပေမယ့် လူအများက ရထားအလာကို စာဖတ်ရင်းစောင့်နေကြတာချည်းပဲ။ ဖုန်းပြောခဲ့ရင်တောင် ဘေးဘီက စာဖတ်နေသူတွေကို အနှောင့်အယှက်ဖြစ်မှာစိုးလို့ အသံညင်ညင်သာသာနဲ့ပဲ ပြောပါတယ်။

တရုတ်လူမျိုးတွေ စာမဖတ်တာမဟုတ်ဘူးဆိုတာကို ကျွန်မသိပါတယ်။ လူငယ်လူရွယ်တော်တော်များများက ၁ဝမိနစ်တစ်ခါ အင်တာနက်ပွတ်ပြီး လိုအပ်တဲ့ သတင်းအချက်အလက်တွေကို ရယူပါတယ်။ ဒါပေမယ့် facebookတို့၊ wechatတို့ သိပ်ခေတ်စားနေတာကပဲ ကျွန်မကို စိုးရိမ်စိတ်ဖြစ်စေပါတယ်။ ဒီအရာတွေက တိုထွာတဲ့ status၊ မက်ဆေ့ကိုပဲ ဖတ်တတ်ဖို့ ပုံသွင်းလိုက်လေမလား၊ နောင်မျိုးဆက်ကို အင်တာနက်စကားတွေပဲ အသုံးပြုတတ်ဖို့ ဖန်တီးလိုက်လေမလား။

တကယ့် စာဖတ်ခြင်းဆိုတာ ပတ်ဝန်းကျင်လောကကိုသင်မေ့ပြီး စာရေးသူနဲ့အတူ တခြားကမ္ဘာထဲမှာ ပျော်ရွှင်တယ်၊ ဝမ်းနည်းတယ်၊ စိတ်တိုဒေါသထွက်တယ်၊ ငြိမ်းချမ်းတယ်ဆိုတာကို ဆိုလိုတာဖြစ်ပါတယ်။ စာတွေက တစ်ပိုဒ်နဲ့တစ်ပိုဒ် အစားထိုးစရာမရှိအောင် ပြည့်စုံတဲ့ ဘဝအတွေ့အကြုံတွေဖြစ်တယ်။ ကြေမွတိုတောင်းတဲ့ status၊ မက်ဆေ့တွေ၊ ချဲ့ကားထားတဲ့ဗွီဒီယိုကားတွေနဲ့ အစားထိုးလို့ရတဲ့အရာတွေ မဟုတ်ပါဘူး။

အင်တာနက်ပေါ်စာဖတ်ခြင်းက ကမ္ဘာ့အနှံ့မှာဖြစ်ပျက်နေတာတွေပါ။ တရုတ်နိုင်ငံမှာပဲ ရှိတာမဟုတ်ပါဘူး။ ဒါပေမယ့် စာဖတ်ကျင့်ရှိတဲ့လူဦးရေက များပြားလှတဲ့ တရုတ်နိုင်ငံလူဦးရေထက်စာရင် ရာခိုင်နှုန်းက တော်တော်လေး နည်းနေပါတယ်။

တကယ်တမ်း ကျွန်မပြောချင်တာက ယနေ့ခေတ်တရုတ်နိုင်ငံမှာ တစ်ယောက်တည်းပေမယ့် အထီးမကျန်တဲ့၊ ကိုယ့်စိတ်ဝိညာဉ်နဲ့ကိုယ် ငြိမ်ငြိမ်ဆိတ်ဆိတ်နေလို့ရတဲ့ နေရာလပ်တစ်ခု ကင်းမဲ့နေတယ်ဆိုတာကိုပါပဲ။ ဘဝက လူကို စိတ်နွမ်းကိုယ်ပန်းစေပါတယ်။ ခဏတာ “စက်ပိတ်”တဲ့အချိန်ကို ကျွန်မတို့လိုအပ်ပါတယ်။ ကိုယ့်စိတ်နဲ့ကိုယ့်ခန္ဓာ ကပ်ချိန်၊ စာဖတ်ချိန်၊ စာရေးချိန်၊ ငေးငိုင်ချိန်၊ တွေးတောချိန်၊ စိတ်ဝိညာဉ်ကို လွတ်မြောက်မှုပေးချိန်၊ ပြီးတော့ စိတ်ထဲ တစ်စုတစ်စည်း ပြန်ထည့်ချိန်တွေကို ကျွန်မတို့လိုအပ်ပါတယ်။

စီးပွားဖွံ့ဖြိုးစ၊ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ကျွန်မတို့ ပြင်းပြင်းထန်ထန် မဝေဖန်သင့်ဘူးဆိုပေမယ့် ဒီလို စိတ်ဝိညာဉ်နဲ့ကင်းကွာသွားရင် နောင်အနာဂတ်တရုတ်ပြည်က ဒီ့အတွက်ပိုဖာထေးရလိမ့်မယ်လို့ ကျွန်မစိုးရိမ်မိပါတယ်။ နှေးချင်နှေးပါစေ… စိတ်နဲ့ခန္ဓာ ခဏသာပေါ့ပါးခွင့်ပြုပါ…..
_

ဒီစာကိုရေးတဲ့သူက အိန္ဒိယအမျိုးသမီး အင်ဂျင်နီယာ Sharmistha Mophapatraဖြစ်ပါတယ်။ တရုတ်နဲ့မြန်မာဟာ အိမ်နီချင်းနိုင်ငံတွေမို့ တရုတ်ပြည်က စာမဖတ်ဘဲ iPadပွတ်၊ ဖုန်းပွတ်တဲ့ရောဂါတွေ မြန်မာဖက်ကူးစက်မလာလေအောင် ကျွန်မဘာသာပြန်မျှဝေလိုက်ပါတယ်။ (တရုတ်ပြည်မှာက facebook ကို ပိတ်ထားတာကြောင့် facebookနဲ့ပုံစံတူတဲ့ weiboကိုပဲ အသုံးပြုကြပါတယ်။ မြန်မာနဲ့ပိုနီးစပ်အောင် weiboအစား facebook လို့ ကျွန်မက ရေးလိုက်ပါတယ်)။ Sharmistha Mophapatraရေးခဲ့တဲ့ ဒီ“လူကိုစိုးရိမ်ကြောင့်ကြစေတဲ့ စာမဖတ်တဲ့တရုတ်လူမျိုးတွေ”ဆိုတဲ့ ဆောင်းပါးက တရုတ်ပြည်မှာဆွေးနွေးစရာ hot topic ဖြစ်ခဲ့ပါတယ်။ မတူတဲ့အမြင်တွေနဲ့ ဆောင်းပါးရှင်အဝေဖန်ခံခဲ့ရပေမယ့် သူရေးခဲ့တာတွေက အမှန်အကန်ဆိုတာ တကယ့်လက်တွေ့မှာ သက်သေပြလို့နေပါတယ်။

၂ဝ၁၃ခုနှစ် ဧပြီလမှာ တရုတ်သတင်းနဲ့ ပုံနှိပ်ထုတ်လုပ်ရေးအထူးသင်တန်းကျောင်းက ဆယ်ကြိမ်မြောက်အဖြစ် ပြည်သူတွေရဲ့စာဖတ်နှုန်းဆန်းစစ်မှုရလဒ်ကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ၂ဝ၁၂ခုနှစ်မှာ အသက် ၁၈မှ ၇ဝနှစ် ပြည်သူတွေရဲ့စာဖတ်နှုန်းက ၅၅% နီးနီးရှိခဲ့တယ်လို့ဆိုပါတယ်။ လူတစ်ဦးရဲ့ အီးဘွတ်ခ်နဲ့ ပုံနှိပ်စာအုပ်ပျှမ်းမျှဖတ်နှုန်းက ၆ဒသမ၇အုပ်ရှိခဲ့ပါတယ်။

အဲဒီလိုထုတ်ပြန်ကြေညာပြီး နှစ်လအကြာမှာ ကွမ်ရှိဆရာအတတ်သင်တက္ကသိုလ် ပုံနှိပ်ထုတ်လုပ်ရေးကလည်း အင်တာနက်ပေါ်မှာ “သေသေရှင်ရှင် ဆက်ဖတ်ချင်စိတ်ကို မရှိတော့တဲ့စာအုပ်စာရင်း”ဆိုပြီး စစ်တမ်းကောက်ခဲ့ပါတယ်။ စာဖတ်သူ ၃ထောင်ကျော် ဝင်ရောက်ဖြေကြားခဲ့ပြီး ရလဒ်က နာမည်ကြီး တရုတ်ဂန္တဝင်စာအုပ် ၄အုပ်က နံပါတ်၁ဝအတွင်းမှာ ပါဝင်တာကို တွေ့ခဲ့ရပါတယ်။ ဂန္တာဝင်စာအုပ်တစ်အုပ်ဖြစ်တဲ့ Hong lou meng (ဆောင်ခန်းနီအိပ်မက်)က ထိပ်ဆုံးရောက်နေတာကို တွေ့ခဲ့ရပါတယ်။ စာဖတ်သူတွေရဲ့ပြောချက်အရ ဒီဂန္တဝင်စာအုပ်တွေက ရှည်လွန်းတယ်၊ စာအုပ်ပါအကြောင်းအရာတွေကလည်း တကယ့်လက်တွေ့ဘဝအတွက် ဘာအထောက်အကူမှ မဖြစ်စေဘူးလို့ ဆိုပါတယ်။ တချို့ကလည်း ဂန္တာဝင်စာပေတွေကို စိတ်ဝင်မစားဘူး။ လူငယ်လူရွယ်ရဲ့ချစ်ကြိုက်ညားကွဲတွေပဲ ဖတ်မယ်။ ပြီးတော့ ဆောင်ခန်းနီအိပ်မက်ထဲမှာ ပါဝင်တဲ့သူတွေက များလွန်းတယ်။ သူတို့ဆီကနေ ဘာမှ သင်ယူထိုက်တဲ့အရာလည်းမရှိဘူးလို့ ဆိုခဲ့ပါတယ်။ အဲဒီရလဒ်တွေကို တက္ကသိုလ်တွင်းသတင်းစာ အယ်ဒီတာက “တရုတ်ပြည်ရဲ့စာဖတ်ရှိန်တွေ နောက်ပြန်ဆုတ်ခဲ့ပြီ.. စာဖတ်မြန်နှုန်းကလည်း ကျဆင်းခဲ့ပါပြီ”လို့ ဆိုခဲ့ပါတယ်။

တရုတ်သတင်းနဲ့ ပုံနှိပ်ထုတ်လုပ်ရေးဌာနက “တစ်နိုင်ငံလုံး စာဖတ်ရှိန်မြင့်တင်ရေး”ကို တစ်နိုင်ငံလုံးစာဖတ်ရေး ဥပဒေထဲထည့်ဝင်ပြဌာန်းဖို့ မနှစ်က စီမံကိန်းချခဲ့တယ်လို့ သိရပါတယ်။ သက်ဆိုင်ရာကပြုစုတဲ့စာရင်းအရ မနှစ်က စာအုပ်မျိုးစုံပေါင်း ၄သိန်းကျော်ကို တရုတ်ပြည်က ပုံနှိပ်ထုတ်ဝေခဲ့တယ်လို့ သိရပါတယ်။ ပုံနှိပ်ထုတ်ဝေနှုန်းက ၁၄% မြင့်တက်ခဲ့ပေမယ့် အဲဒီနှစ်က စာဖတ်သူဦးရေနဲ့တွက်ချက်ကြည့်ရင် လူတစ်ဦးကို ပျှမ်းမျှတစ်အုပ်ပဲ ထပ်တိုးခဲ့ပါတယ်။

ဒီကနေ့ခေတ်မှာ လူတွေကို စာမဖတ်ဖြစ်အောင်၊ စာဖတ်နည်းအောင် ပြုလုပ်နေတဲ့ အကြောင်းအရာ အမျိုးမျိုးရှိပါတယ်။ စာမဖတ်တော့ရော ဘာဖြစ်လဲ၊ စာဖတ်တော့ရော ဘာဖြစ်လဲလို့ မေးလာခဲ့ရင် မန်ဒဲလားကပြောတယ် “ပညာရေးဆိုတာ လောကကြီးကိုပြောင်းလဲပစ်နိုင်တဲ့ အင်အားအရှိဆုံးလက်နက်ပါ”တဲ့။ အဲဒီပညာရေးမှာ စာဖတ်ခြင်းလည်းပါဝင်တယ် မဟုတ်ပါလား…

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ