Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, October 18, 2014

တော်လှန်ရေးသတင်းသမားတဦးရဲ့ ဒိုင်ယာရီ (၃၂)

နော်ဝေးစကား သင်ဖို့လိုအပ်ပါသလား
သက်တန်းကုန်သွားတဲ့ မြန်မာစာအုပ်အတုတွေကိုပြန်အပ်၊ ဒီနိုင်ငံကထုတ်ပေးတဲ့ နော်ဝေးမှာနေထိုင် ခွင့် ယာယီစာအုပ်တွေကိုင်ပြီဆိုတော့ လိုလိုမယ်မယ် နော်ဝေးစာ သင်ထားမှဖြစ်မယ်လို့ စိတ်ကူး ပေါ်လာပါတယ်။ အဲဒီလို စိတ်ကူးပေါ်လာတဲ့အချိန်ဟာ ၂၀၀၄-၂၀၀၅ ခုနှစ်ဖြစ်တဲ့အတွက် ဒီနိုင်ငံကို ရောက် ပြီး ၅ နှစ်ကြာမှ စိတ်ကူးပေါ်လာတဲ့သဘောပါ။ တနည်းအားဖြင့်ပြောမယ် ဆိုရင်တော့ နော်ဝေးစကား မတတ်ပဲ နော်ဝေးမှာ ၅ နှစ်လောက်နေပြီးမှ ဒီလိုစိတ်ကူးပေါ်လာတာပါ။

(၂၀၀၇ ရွှေဝါရောင်တော်လှန်ေ၇းကာလ အော်စလုံးရုံးမြင်ကွင်းတခု)

ဒါဟာ သူ့စကားမတတ်ရင် ဘယ်လိုမှ နေလို့မဖြစ်တဲ့ ထိုင်းနိုင်ငံနဲ့ နော်ဝေးနိုင်ငံကြား အဓိကကွာခြား ချက်လို့ကျနော်ထင်ပါတယ်။ တကယ်တော့ ဖြတ်သွား၊ ဖြတ်လာနဲ့ ၅ နှစ်လောက်နေခဲ့ဖူးတဲ့ ထိုင်း နိုင်ငံ ကိုခဏထားပါဦး။ ၁၉၈၈ ခုနှစ် စက်တင်ဘာလကနေ ၁၉၉၇ နှစ်ကုန်ပိုင်းအထိ ၁၀ နှစ်နီးပါးနေခဲ့ဖူးတဲ့ ကရင်ဒေသမှာလဲ ကရင်စကားမတတ်ရင် ရေရှည်နေဖို့ ဘယ်လိုမှမလွယ်ပါ။

ဒီလိုနဲ့ ကရင်နယ်ကို စရောက်ရောက်ချင်း ကျနော်တို့ကျောင်းသားတွေ ကရင်စကားသင်ကြတယ်ဆို ပါတော့။ နောက်တန်းမှာအနေများတဲ့ ကျနော်က ကရင်စကားမတတ်လို့သိပ်ပြသာနာမရှိပေမယ့် ရှေ့တန်း သွားနေတဲ့ ရဲဘော်အများစုကတော့ ကရင်စကားမတတ်လို့မဖြစ်ပါ။ ကျောင်းသားတွေ အဓိက အခြေခံ ထားရတဲ့နယ်မြေက ကရင်ရွာတွေဆိုတော့ ကရင်စကားမတတ်ရင် ထမင်းငတ်နိုင်ပါတယ်။ ပြီးတော့ မ ဟာမိတ်ကရင်ရဲဘော်တွေကလဲ ကရင်စကားပြောမှ ကြိုက်ကြတယ် မဟုတ်ပါလား။

ဒါက ကရင်နယ်က အခြေနေ။ ထိုင်းရောက်တော့ အခြေနေက ပိုဆိုးပါတယ်။ ထိုင်းစကားမတတ်ရင် ချက်ချင်း ထိုင်းရဲဖမ်းတာခံသွားရနိုင်ပါတယ်။ ဒီလိုနဲ့ ထိုင်းရဲအဖမ်းမခံရအောင်ဆိုပြီး ထိုင်းစကား၊ ထိုင်းစာသင်လိုက်ကြတဲ့ ကျောင်းသားတွေ ဘယ် နည်းပါ့မလဲ။ တော်လှန်ရေးတာဝန်နဲ့ ထိုင်းနိုင်ငံတလွှားသွားနိုင်ဖို့ ထိုင်းယောင်ဆောင်ခဲ့ရတဲ့ ကာလ တွေကို အခုထိအမှတ်ရနေဆဲပါ။ တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ ဘာသာစကားအသစ်တခု မြန် မြန်သင်ဖြစ်ဖို့၊ မြန်မြန်တတ်ဖို့ဆိုတာ လုံလောက်တဲ့ ဖိအားတခုခှုရှိဖို့လိုမယ်ထင်ပါတယ်။

ကရင်နယ်နဲ့ ထိုင်းနိုင်ငံတို့ဆီ ရောက်ရောက်ချင်း သက်ဆိုင်ရာ ဘာသာစကားကိုသင်ခဲ့ဖူးတဲ့ ကျနော် ဟာ နော်ဝေးကိုရောက်တော့ နော်ဝေးစကားကို အဲဒီလိုသင်ဖို့လိုတယ်လို့ တခါမှ စိတ်ထဲမထင်ခဲ့ပါ။ လူ ၅ သန်းလောက်သာသုံးတဲ့ ဒီစကားကိုသင်ပြီး ဘယ်မှာသွားသုံးမှာလဲဆိုတဲ့ စောဒကတက်မှုက ကျနော် တို့ DVB ၀န်ထမ်းတွေကြား အမှန်တကယ်ရှိခဲ့ဖူးပါတယ်။

နေ့စဉ်လက်တွေ့အခြေနေမှာလဲ နော်ဝေးစကားမတတ်ပဲ အင်္ဂလိပ်စကားပြောလဲအလုပ်ဖြစ်နေသားပဲဆိုပြီး ဒီလိုပဲနေလာခဲ့တာလဲဖြစ်နိုင်ပါတယ်။။ အဓိက အချက်က ထိုင်းမှာလို ထိုင်းစကားမတတ်ရင် ရဲဖမ်းတာမျိုး ဒီ နိုင်ငံမှာမရှိတာကြောင့်လို့ ထင်ပါတယ်။ တနည်းအားဖြင့် လုံလောက်တဲ့ဖိအားပေးမှုမှ ဘာမရှိတဲ့အတွက် ၅ နှစ်လောက်ကြာတဲ့အထိ နော်ဝေးစာကို သင်ဖို့လိုအပ်တဲ့ ဘာသာစကားတခုအဖြစ် ကျနော်တို့ မစဉ်းစားမိတာဖြစ်မယ်လို့ ထင်မိပါတယ်။


ကိုယ့်အခွင့်ရေးကိုယ်မသိရှာတဲ့ DVB သတင်းသမားများ

ပုံမှန်အားဖြင့်ဆိုရင်တော့ သူစကားမတတ်ပဲနဲ့ သူ့နိုင်ငံမှာ ရေရှည်နေလို့ဘယ်ဖြစ်ပ့ါမလဲ။ ဒါပေမယ့် ကျ နော်တို့ DVB ၀န်ထမ်းတွေက ကုလသမဂ္ဂဒုက္ခသည်အစီစဉ်နဲ့ နော်ဝေးမှာ အခြေချနေထိုင်ဖို့ ရောက် လာသူတွေလဲမဟုတ်၊ နိုင်ငံခြားကုပ္ပဏီဝန်ထမ်းလို့ ပြောဖို့ကလဲ တခြား အမေရိကန်နဲ့ ဗြိတိန်နိုင်ငံရှိ မြန်မာ အသံလွှင့်ဌာနတွေဝန်ထမ်းတွေလို သက်ဆိုင်ရာအစိုးရဌာနတွေကနေ တရားဝင် စာချုပ်စာတန်း နဲ့ငါးရမ်းထားတာမျိုးလည်းမဟုတ်။

(၁၉၉၂ ဇူလိုင်လ ၁၉ ရက်နေ့ DVB ပထမဆုံးအကြိမ်အသံလွှင့်မှုကို ကူညီပေးခဲ့တဲ့ Kvitsøy ကျွန်းက အသံလွှင့်ရုံ)

တော်လှန်ရေးတာဝန်ထမ်းဖို့ နယ်စပ်ဒေသကနေ နော်ဝေးနိုင်ငံဆီ ယာယီသဘောရောက်လာသူတွေ ဆိုတော့ နော်ဝေးမှာရေရှည်နေမယ်။ နော်ဝေးစာ၊ နော်ဝေးစကား တတ်ဖို့လိုတယ်လို့ တခါမှ အသေချာ မစဉ်းစားဖြစ်ခဲ့ပါ။ ဒါပေမယ့် အခုတော့ နော်ဝေးနိုင်ငံကထုတ်ပေးတဲ့ ယာယီနေထိုင်ခွင့် စာအုပ်ကို တောင်ကိုင်ပြီဆိုတော့ နော်ဝေးစာလေးတော့ နည်းနည်းပါးပါး သင်ထားမှဖြစ်မယ်ဆိုပြီး (Rosenhof) ရိုစင်ဟော့ကျောင်းဆီ ရောက်သွားပါတယ်။

တကယ်က နော်ဝေးကိုစရောက်တဲ့နေ့ကတည်းက အဲဒီ ကျောင်းဆီသွားရမှာ။ နော်ဝေးမှာအခြေချ နေ ထိုင်ဖို့ရောက်လာတဲ့ ဒုက္ခသည်တွေ၊ နိုင်ငံခြားကုပ္ပဏီဝန် ထမ်းတွေအားလုံးကို ဒီကျောင်းက နော်ဝေး စာ အခမဲ့သင်ပေးနေပါတယ်။ အခမဲ့ ဆိုတာ အဲဒီ ၂၀၀၄ ၀န်းကျင်ကအခြေနေကိုပြောတာပါ။ အခု တော့ မရတော့ပါဘူး။ တနာရီ ခရိုနာ ၅၀ ဖြစ်သွားပြီ။

ဒါက နိုင်ငံခြားကုပ္ပဏီဝန်ထမ်းတွေ၊ နိုင်ငံခြားအလုပ်သမားတွေကိုပြောတာပါ။ ကုလသမဂ္ဂအစီစဉ်နဲ့ ရောက်လာတဲ့ ဒုက္ခသည်တွေ။ ဒီနိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့်ရသူတွေကိုတော့ Introduction Program မိတ်ဆက်အစီစဉ်အရ ၂ နှစ်တာ အခမဲ့သင်ပေးနေဆဲဖြစ်ပါတယ်။ အဲဒီ ၂ နှစ်တာကလာအတွင်း စား သောက်၊ နေထိုင်ဖို့အတွက်လဲ နော်ဝေးအစိုးရက တာဝန်ယူပေးပါတယ်။

ဒါပေမယ့် ရှေ့မှာတင်ပြခဲ့တဲ့အတိုင်း ဒုက္ခသည်လဲမဟုတ်၊ နိုင်ငံခြားကုပ္ပဏီဝန်ထမ်းလို့ခေါ်ဖို့လဲ အခက် ဖြစ်နေတဲ့ ဟိုမရောက်၊ ဒီမရောက် DVB ၀န်ထမ်းတွေကတော့ Introduction Program လဲမရ။ ကုပ္ပ ဏီလား၊ NGO လား။ သူပုန်သတင်းဌာနလား သိပ်မကွဲပြားလှတဲ့ အဖွဲ့စည်းကလဲ ဘာမှမစီစဉ်ပေးတော့ ကိုယ့်မှာ ဘာအခွင့်ရေးတွေရှိလို့ ရှိမှန်းမသိပါ။ ဘယ်လောက်အထိ မသိလဲဆိုရင် ပထပပိုင်းနှစ်တွေမှာ ကိုယ့်လစာ ဘယ် လောက်ရလို့ရမှန်း မသိပါ။ လစာသိပြန်တော့ အခွန်ဖြတ်ပြီးသားလစာကိုသာသိပြီး အခွန်မဖြတ်ခင်လစာ ဘယ်လောက်ရှိသလဲမသိပါ။ နှစ်ပေါင်းအတော်ကြာပြီးမှ ပြန်သိရတာက ကျနော် တို့ DVB သတင်း သမားတွေရတဲ့လစာဟာ (တသောင်းကျော်ကျော်လေးသာရှိပါတယ်) နော်ဝေးနိုင်ငံသား တဦးရဲ့လစာ တ၀က်လောက်ပဲရှိပါတယ်တဲ့။

အရာရာကိုတော်လှန်ရေးတာဝန်လို့သဘောထားပြီး နယ်စပ်မှာနေသလိုနေနေတော့ တဦးချင်းရသင့် တဲ့အခွင့်ရေးနဲ့ တဖွဲ့လုံးဆိုင်ရာအခွင့်ရေးတွေကို သိပ်ကွဲကွဲပြားပြားမသိလိုက်ပါ။ ကိုယ့်အလုပ်က သ တင်းထောက်ဆိုတော့ နေ့စဉ်သတင်းလွှင့်နိုင်အောင်ပဲ ၂၄ နာရီအာရုံစိုက်နေပြီး ကျန်တဲ့ကိစ္စတွေကို တော့ အုပ်ချုပ်ရေးပိုင်းက တာဝန်ယူပေးလိမ့်မယ်ပေါ့။ ဒီလိုပဲ အလွယ်တွေးပြီး အနာဂတ်တခုလုံးကို အဲ ဒီညွန်ကြားရေးမှုး ၂ ဦးတည်းအပေါ် ပုံအပ်ထားမိခဲ့ကြတယ်ဆိုပါတော့။

ဥပမာ အားဖြင့် အမေရိကန်နဲ့ဗြိတိန်မှာရှိတဲ့ အသံလွှင့်ဌာနတွေက မြန်မာဝန်ထမ်းတွေ သက်ဆိုင်ရာ နိုင်ငံမှာ အမြဲတန်းနေထိုင်ခွင့်ရအောင်၊ ရှေ့မှာတင်ပြခဲ့တဲ့ Introduction Program ရအောင် နိုင်ငံ ရေးခိုလှုံမှု လျှောက်ခွင့်ရှိပေမဲ့ DVB မှာ အဲလိုလျှောက်ခွင့်မရှိဆိုပြီး ပိတ်ပင်ထားပါတယ်။ ဒါပေမယ့် တရားဝင်စာထုတ်ပြီး ပိတ်ထားတာမဟုတ်။ အလွတ်သဘော နှုတ်နဲ့ပြောဆို ပိတ်ထားတာဖြစ်တဲ့ အ တွက် ၀န်ထမ်းတိုင်းသိနေသော်လည်း သက်သေပြစရာအထောက်အထား ဘာမှမရှိပါ။


အလုပ်ပြုတ်မှ နော်ဝေးစာသင်ခွင့်ရ

ထားတော့။ နော်ဝေးစာသင်ရေးဖက်ပြန်လှည့်ရမယ်ဆိုရင် ကျနော်မှတ်မိသလောက်ကတော့ ၂၀၀၃-၂၀၀၄ ၀န်းကျင်မှာ ကိုအေးချမ်းနိုင်နဲ့ ကိုဖိုးခွါးတို့ ၂ ဦး မနက်အစောပိုင်းမှာ နော်ဝေးစာ သင်တန်း ကျောင်း သွားနေတာတွေ့ရပါတယ်။ မနက် ၈ နာရီခွဲကနေ ၁၁ ခွဲလောက် အထိဖြစ်မယ်ထင် ပါတယ်။ သူတို့ ၂ ဦးစလုံးက အုပ်ချုပ်ရေးပိုင်းကဆိုတော့ ရုံးချိန် နည်းနည်းနောက်ကျတာ ပြသာနာသိပ်မရှိ။ ဒါပေမယ့် ကျနော်တို့ သတင်းခန်းကလူတွေက အဲဒီလိုသွားလို့မဖြစ်။ မနက် ၁၀ နာရီကနေ ညနေ ၆ နာရီ၊ ၇ နာရီလောက်အထိ မနားတန်းလုပ်ရတာဆိုတော့ မနက်ပိုင်း ကျောင်းသွားဖို့ဘယ်လိုမှ မဖြစ်နိုင်။

(၂၀၀၇ ၀န်းကျင် အော်စလိုသတင်းခန်း မြင်ကွင်းတခု)

ဒီတော့ ညနေပိုင်းအလုပ်ခပ်စောစောဆင်းပြီး ၅ နာရီအတန်းကိုသွားတယ်မယ်လို့ ကြိုးစားကြည့်ပါ တယ်။ အလုပ်မပြီးရင်လည်း ကျောင်းကအပြန် ည ၉ နာရီလောက်မှာ လက်စလာသတ်နိုင်ရင် မနက် ပိုင်း အသံလွှင့်ချိန်မှီနိုင်ပါတယ်ပေါ့။ ဒါပေမယ့် အဆင်မပြေပါဘူး။ တနေကုန် အလုပ်ကပင်ပန်းထား တော့ သင်တဲ့စာက ခေါင်းထဲမ၀င်ပါ။ မနေ့တနေ့ကမှ ရောက်လာတဲ့ အတန်းဖေါ် ဖိလပိုင် အိမ်ဖော်မ လေးတွေက (နော်ဝေးရောက် ဖိလပိုင်အိမ်ဖော်တွေနဲ့ ထိုင်းမှာတွေ့ရတဲ့ မြန်မာအိမ်ဖေါ်တို့ အခွင့်ရေး ကွာခြားပုံကိုတော့ သီးခြားရေးပါဦးမည်) ကိုယ်တွေထက် အများကြီးသာနေတာကိုတွေ့မိတော့ ကိုယ့် ဘာသာ စိတ်ပျက်လာမိပါ တယ်။

ဒီလိုနဲ့နော်ဝေးစာသင်ရေးဟာ ကျောင်းရောက်လိုက်၊ ပြန်ပျက်လိုက်နဲ့ လုံးချာလည်ခဲ့ပါတယ်။ ၂၀၀၅ အစောပိုင်း DVB-TV ပေါ်လာချိန်မှာတော့ ရေဒီယိုရော၊ TV ပါ တွဲလုပ်ရတဲ့အတွက် တခါတလေ ည ၉ နာရီ၊ ၁၀ နာရီအထိ အလုပ်ကမပြီးပါ။ နောက်ဆုံး ဘယ်လိုမှအချိန်မရတော့တဲ့အတွက် နော်ဝေးစာ သင်ကြားခြင်းအလုပ်ကို ၂၀၀၅ နှောင်းပိုင်းမှာ လုံးဝရပ်လိုက်ရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၁ နဲ့ ၂၀၁၂ ခုနှစ်တွေမှာတော့ သတင်းအယ်ဒီတာအပါဝင် သတင်းအဖွဲ့သား ၅ ဦးစလုံးကို မရေရာတဲ့အကြောင်းပြချက်တွေနဲ့ DVB ရဲ့လူကြီးမင်းတွေက အလုပ်ထုတ်ပစ်ခဲ့ပါတယ်။ (အဲဒီကာလ အခြေနေကို နောက်ပိုင်းမှ သီးခြားရေးပြပါဦးမည်)။ ဒီလိုအလုပ်ထုတ်ခံရပြီးတော့မှပဲ ရွေးစရာလမ်းမရှိ ပဲ နော်ဝေးစာသင်ကြားရေးကျောင်းဆီ အချိန်ပြည့်ရောက်သွားပါတော့တယ်။

တဖက်မှာလဲ ဒီလို ချက်ချင်းကြီး အလုပ်ဖြုတ်ခံရပြီးတော့မှပဲ ကိုယ့်ဘ၀တခုလုံးရဲ့အနာဂတ်ကို DVB အုပ်ချုပ်ရေးမှုးတွေအပေါ် လုံးဝပုံအပ်ထားမိတာ မှားသွားမှန်းသိလိုက်ပါတယ်။ DVB သတင်းလုပ်ငန်း တာဝန်ကို တော်လှန်ရေးတာဝန်တခုအဖြစ်သဘောထားပြီး ၂၄ နာရီအာရုံစိုက် လုပ်ခဲ့မိတာ၊ ကိုယ့် ဘ၀အတွက် ကိုယ်ဘာမှမပြင်၊ ကိုယ့်အနာဂတ်အတွက် ကိုယ်ဘာမှမကြည့်ဖြစ်ခဲ့ပါလားလို့ စဉ်းစားမိ ပါတယ်။

ဒါပေမယ့် နောင်တတော့မရပါဘူး။ ဒီလမ်းကို ကိုယ်ယုံကြည်လို့ ရွေးခဲ့တာပဲလေ။ ပန်းတိုင်ရောက်တဲ့ အထိဆက်လျောက်ရေး မီဒီယာလွတ်လပ်ခွင့် လမ်းမကြီးပေါ်မှာ၊ လူ့အခွင့်ရေးနဲ့ ဒီမိုကရေစီရရှိရေး တိုက်ပွဲလမ်းကြောင်းပေါ်မှာ ဘယ်သူတွေဘယ်လိုရပ်တည်ခဲ့သလဲ။ ဘယ်သူတွေ  ဘယ်လောက်တာ ၀န်ကျေခဲ့သလဲဆိုတာ ငွေရောင်ပိတ်ကားပေါ် ဆက်ကြည့်ရဦးမယ် မဟုတ်ပါလား။        ။


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ