Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, August 6, 2014

ယုံကြည်ခဲ့သော အချစ်

“……အခုမှတော့ မှားပါတယ်လို့ နောင်တမရချင်တော့ပါဘူး
ဆရာရယ်….. အင်ကြင်း ဘဝနဲ့ အင်ကြင် သာ ရှိပါစေတော့လေ….”…

မျက်ဝန်းထဲမှာ မျက်ရည်တွေအပြည့်.. နှလုံးသားထဲမှာလည်း နာကြည်းချက်
ဒဏ်ရာတွေ ပြည့်နှက်နေတဲ့ သူ့ရဲ့အသံကို ကျနော် ပြန်ကြားယောင်နေပါတယ်…..

အင်ကြင်းက နယ်ကနေ ရန်ကုန်မှာ စီးပွားရေးတက္ကသိုလ် လာတက်နေတဲ့
ကောင်မလေး တစ်ယောက်ပါ၊ရန်ကုန်မှာ ဆွေးမျိုးမိဘက မရှိလေတော့ အဆောင်နေပြီး ကျောင်းတက်ရတယ်ပဲဆိုပါတော့။

အခုဆို နောက်ဆုံးနှစ် ရောက်နေပါပြီ။
အသက် (၁၉) နှစ်ရှိပြီတဲ့၊ အီကို (Eco) ကျောင်းမှာတော့ သူက princess
ရထားတာဆိုပဲ၊ ပညာတွေလဲ စုံခါနီးပြီပေါ့၊ မြို့ပြရဲ့ ပြောင်းလဲမှု လူနေမှုစရိုက်တွေလည်း သူအခု အားလုံးနီးပါးကို ကျွမ်းဝင်နေပြီလေ၊ တိုးတက်နေတဲ့ ခေတ်မှာ ပညာရှာနေတဲ့ လူငယ်ပီပီ အင်တာနက်ဆိုတဲ့ အရာနဲ့လည်း သူကျွမ်းဝင်ခဲ့တယ်လေ။

လျှပ်စစ်မီး တောင်မရှိတဲ့ရွာလေးကနေ ကျောင်းလာတတ်နေရတဲ့ အင်ကြင်း တစ်ယောက် ခေတ်မီတဲ့ ရန်ကုန် မြို့ကြီှးမှာ
အများတန်းတူ အင်တာနက်ကို သုံးခွင့်ရလို့ အကျေနပ်ကြီး ကျေနပ်ခဲ့ရတယ်လေ။ အခုတော့ အဲဒီအင်တာနက်ကြောင့်ပဲ
သူလေးတစ်ယောက် ပန်းကောင်း အညွန့်ကျိုးဖြစ်ခဲ့ရလေ ပြီကော…။

ကျွန်တော့်ဆီ ရောက်လာတဲ့ အချိန်မှာတော့သူ့မှာ အနာဂတ်ဆိုတာ ဘာမှမသိ။ ဘဝဆိုတာ အဓိပ္ပါယ် မဲ့နေပါပြီတဲ့။
“အသက်ရှင်ချင်စိတ်လည်းမရှိတော့ပါဘူးတဲ့။ငိုရုံမှတစ်ပါးသူဘာကိုမှ မသိတော့ပါဘူးတဲ့၊နယ်ကိုလည်းမပြန်ချင်တော့ဘူး… မိဘတွေနဲ့လည်း မတွေ့ရဲတော့ဘူးလေ….

အိမ်က ထွက်ခဲ့တုန်း ကတော့ စီးပွားရေးပညာရပ်မှာ ထူးချွန်တဲ့ဘွဲ့ရ
တစ်ယောက ဖြစ်ရမယ်ဆိုတဲ့ယုံကြည်ချက်က အခိုင်အမာ။ ဖြစ်ရမယ်
ဆိုတဲ့ စိတ်နဲ့ တစ်ခါမှ မရောက်ဖူးတဲ့ဒီရန်ကုန်မြို့ကြီးကိုတစ်ယောက်တည်း အရဲစွန့်ပြီးလာခဲ့ပါတယ်၊ ခေတ်ရဲ့တောင်းဆိုမှုနဲ့အညီအလုပ်ကိုင်ကောင်းလေး ရအောင်လို့ အင်္ဂလိပ် စာ သင်တန်းတွေလည်း ကျောင်းအားရက်တွေမှာ တက်ခဲ့ရတယ်လေ…. ကွန်ပျူတာ ဆိုတာကလည်း
မတတ်ရင် လူရာမဝင်လေတော့ ရွာက မိဘတွေကို မရမက နားချပြီး
တက်ခွင့်တောင်းခဲ့ရသေး…။

ရွာမှာက အင်္ဂလိပ်စာသင်တန်းလို့ ပြောရင်လူကြီးတွေက
နားလည်လွယ်ပေမယ့် ကွန်ပျူတာလို့ ပြောရင်
ရှင်းပြရတော့ ခက်သား… အဘိဓာန်မှာလဲ ကွန်ပျူတာဆိုတာက တောသူတောင်သား နားလည်လွယ်တဲ့
စကားလုံးဝေါဟာရက မရှိလေတော့
ပိုခက်တယ်လေ။ အင်တာနက်ဆို ပိုဝေးစွ။ ဒါပေမယ့်လည်း အလုပ်အတွက် အသုံးကျပါတယ်လို့ ပြောတော့
မိဘတွေမှာလည်း မသိပေမယ့်
မရှိ ရှိတာလေး ပေါင်နှံရောင်းချပြီး သင်တန်းကြေး အတွက် ဖန်တီးပေးရတာပေါ့လေ…။

ဒီလိုနဲ့ အင်ကြင်း ကွန်ပျူတာကို အခြေခံ တက်မြောက်ခဲ့ပါတယ်… သူများတွေက အွန်လိုင်း၊ အွန်လိုင်း ဆိုတဲ့ ခေတ်မှာ အင်ကြင်းလည်း လိုင်းချင်တယ်လေ၊ သူငယ်ချင်းတွေ အင်တာနက်ကဖေး သွားမယ် ဆိုရင် လက်ဖက်ရည်ဆိုင် သွားကြတယ်လို့ ထင်ခဲ့တာလေ။ ဒါနဲ့
သူများတွေလို ငါလည်း တတ်ရမယ် ဆိုတဲ့
စိတ်နဲ့ အင်တာနက် အခြေခံသင်တန်းကို တက်မိခဲ့ပါတယ်။ အင်း.. အခုတော့ အင်တာနက် ဆိုတာ… ၀က်ဘ်ဆိုက်ဆိုတာ… ဟုမ်းပေ့ခ်ျ ဆိုတာတွေနဲ့
အင်ကြင်း ရင်းနှီးခဲ့ရပြီလေ။

သြော်… ငါတကယ် ကမ္ဘာနဲ့ရင်ပေါင်တန်းပြီး အွန်လိုင်းကနေ
ကမ္ဘာကြီးနဲ့ဆက်သွယ်နေပါလား ဆိုပြီး တစ်ခါတစ်ခါ ဘဝင်လေဟပ်သွားသေးရဲ့။အီးမေးလ်ဆိုတာနဲ့လည်းစတင်သိရှိခဲ့ပြီလေ။ အော်… တယ်လည်း အသုံးဝင်လှပါလား… တယ်လည်း ခေတ်မီပါလား၊ ရွာကို အဲဒီ အီးမေးလ်နဲ့ ပို့လို့ရရင် ကောင်းမှာပဲ ရယ်လို့
တွေးပြီး တစ်ခါတစ်ခါ စိတ်ကူးယဉ်မိသေး။ အို… ထူးဆန်းလိုက်တာ ဂျီတော့ ဆိုတာကလည်း မမြင်ရပေမယ့်စာရိုက်ပြီးတော့လည်း
ပြောလို့ရသေးတာပဲ…။

တစ်ဖက်လူက ဖုန်းခေါ် ပြီးတော့လည်း ပြောလို့ရသေး…။ သြော် ငါနဲ့နော်.. လူဖြစ်တာ နောက်ကျ လိုက်လေခြင်းရယ်လို့
တစ်ခါတစ်ခါ အားမလိုအားမရက ဖြစ်သေး၊ ရွာက သူငယ်ချင်းတွေကိုလည်း
ဒါတွေ ဒီလောက်ထိ ရန်ကုန်မြို့ကြီးမှာ
တိုးတက်နေပြီ ဆိုတာကို ပြေးပြော လိုက်ချင်ပါတယ်။

ဒီလိုနဲ့ အင်တာနက် သုံးတတ်တာ တစ်လလောက် ရှိလာတော့ အင်ကြင်းလည်း အင်တာနက် ရောဂါစွဲ ပါတော့တယ်။ အချိန်တိုင်း လိုင်းပေါ်တက်ချင်တယ်…၊ ချက်ချင်တယ်…၊ ဖေ့စ်ဘွတ်ဆိုတာကြီးထဲ လည်း လျှောက်လည်ချင်တယ်…။ သူများတွေ ဘာလုပ်နေလည်း ဆိုတာလည်း
သိချင်လာတယ်…။ ဓာတ်ပုံတွေ ရိုက်ပြီး တင်ချင်လာတယ်…။
သူများတွေကို ကွန်မန့်တွေ ပေးချင်လာတယ်…။ မသိတဲ့သူ တွေကိုလည်း အင်ဗိုက် လုပ်ချင်လာတယ်လေ….။

တစ်နေ့တော့လိုင်းပေါ်က တစ်ယောက်က အင်ကြင်းကို စကားတွေ ဖောင်ဖွဲ့လေရဲ့၊ သူက အင်းကြင်း ကို သတိထားမိတာ ကြာပြီတဲ့…။ ဖေ့စ်ဘွတ်မှာလည်း မြင်ဖူးတယ်တဲ့…။
ထူးဆန်းလိုက်တာ သူက အင်ကြင်းရဲ့ မွေးနေ့တွေ၊ဝါသနာတွေကိုပါ
သိနေတယ်လေ….။ အင်ကြင်းကြိုက်တဲ့ မင်းသား၊ မင်းသမီး နာမည်တွေကိုပါ
သိနေတယ်လေ…။ အင်ကြင်းကြိုက်တဲ့ သီချင်းတွေကိုပါ သူက သိနေ လေရဲ့…။

သူက အင်ကြင်းကို တော်တော် စိတ်ဝင်စားပုံ ရတယ်ထင်တယ်….။ ဟိဟိ သူကလည်း လူချောပဲကိုး….။အင်းကြင်း ဖေ့စ်ဘွတ်သုံးတိုင်း
သူ့ ပရိုဖိုင်းကိုဝင်ကြည့် နေမိပါတယ်….။ သူ့အပေါ်ကို စိတ်များဝင်စား နေပြီလား….။

အင်ကြင်း သေသေချာချာ မတွေးချင်တော့ပါ…။ သေချာတာ တစ်ခုကတော့ ဖေ့စ်ဘွတ်ကို ရောက်တိုင်း သူ့ဆီက ပို့လာမယ့်
မက်ဆေ့လေးတွေ ကွန်မန့်လေးတွေ ကိုတော့ မျှော်နေမိတယ်လေ….။ သူအွန်လိုင်းမှာ ရှိနေရင် အင်ကြင်းစိတ်ထဲ ပျော်နေသလိုပဲ။
သူနဲ့ချက်နေရရင် ကျန်တဲ့သူတွေကို မေ့သွားမိတယ်လေ…။
ကျူရှင်သွားဖို့တောင် မေ့ပါတယ်…။ တစ်ခါတစ်လေ အင်တာနက်ဆိုင်က ည ၁၀
နာရီထိုးလို့ ပိတ်ပါတော့မယ် ပြောမှ သတိဝင်ပါတော့တယ်..။ အင်း.. သူက အင်ကြင်းစိတ်ကို စိုးမိုးနေပါရောလား….။

တစ်နေ့မှာတော့သူက ဗွီဇက်အိုချက်မယ်လို့ ပြောလာတယ်လေ…။
အို… ဝမ်းသာလိုက်တာ သူ့ကို မြင်ရတော့မယ်ပေါ့လေ…။ အင်ကြင်းလည်း မလုပ်တတ် မကိုင်တတ်ဆိုတော့အင်တာနက်ဆိုင်က အစ်ကိုကြီးတွေကို အကူအညီ တောင်းပြီး၊ သူနဲ့ ဗွီဇက်အို ချက်ဖို့ ကြိုးစားရတာပေါ့လေ။

အင်း.. တွေ့ပြီ တွေ့ပြီ။
အခုမှပဲ သူ့မျက်နှာလေးကို မြင်ခွင့်ရပြီလေ…။
ရင်တွေခုံလိုက်တာ တဒိန်းဒိန်းပဲ..။ သူနဲ့ပြောတော့ စကားလုံးတွေက အစီအငေါ်မတည့်ဘူးလေ…။

ကိုယ့်ကိုယ်လဲစိတ်တိုမိတယ်…။ သူက အေးအေးဆေးဆေး ပြောပေမယ့်
မိအင်ကြင်းက မအေးဆေးနိုင်ဘူးလေ..။ သူ့ကို တိတ်တခိုး ချစ်မိနေတာကိုး…။
အခုတော့တကယ် အင်တာနက်ရောဂါက ကျွမ်းနေပါပြီ..။ ကျောင်းက ပြန်ရောက်တာနဲ့ အင်တာနက် ဆိုင်မှာ ညလုံးပေါက်..။ ညစာတောင် ချက်ဖို့ သတိမရ..။ အပြင်မှာပဲ ကြုံသလို ဖြစ်သလို ဝယ်စား နေမိပါတယ်…။ အဆောင်ရှင် အဒေါ်ကြီးကတော့ ရိပ်မိမယ့်ပုံမပေါ်ပါ..။ အဆောင်မှာ ထမင်းမချက် စားလေ ကြိုက်လေဖြစ်မှာပါ…။

အခုဆို အင်တာနက်ဆိုင်က အစ်ကိုကြီးတွေနဲ့လည်း မျက်နှာချင်း ရင်းနေပြီလေ..။ အင်ကြင်းက ပုံမှန်ဖောက်သည်ကြီး ဖြစ်နေတာကိုး…။ မန်ဘာကတ်လည်း ဝယ်ထား တယ်လေ…။ သူနဲ့ အကြာကြီးချက်လို့ ရအောင်လို့လေ…။
ဒါနဲ့ သူ့အကြောင်း ပြောရဦးမယ်..။ သူက အင်ကြင်းထက် ၂ နှစ်ကြီးတယ်..။ ရန်ကုန် ဆေးတက္ကသိုလ် က နောက်ဆုံးနှစ် ကျောင်းသားလေ။
သူကလည်း နယ်ကပဲတဲ့။ သူကတော့ မိဘတွေက ချမ်းသာ တော့
ကိုယ်ပိုင်တိုက်ခန်းရှိတယ် ပြောတယ်လေ။ သူက လူရည်မွန်လေးပါ။
အရပ်မြင့်တယ် ဗလ ကောင်းကောင်း ဒါပေမယ့်
အသားကတော့ နည်းနည်းညိုတယ်။ သူ့အသံလေး ကြားရတာတော့
အင်ကြင်း အတွက် နားဝင်အချိုဆုံးပါ။သူနဲ့တွေ့ပြီး တစ်လလောက်ကြာတော့
သူက အင်ကြင်းကို ချစ်ရေးဆိုလာတယ်လေ….။ အင်ကြင်း ပျော်လိုက်တာ..။ သူ့ကို အင်ကြင်းက စချစ်ခဲ့တာကိုး…။ သူက အခုမှ ချစ်တယ်လို့ ပြောလာတယ် လေ..။ နောက်တောင် ကျနေသေးလို့
တိုးတိုးလေး ပြောလိုက်ချင်သေး….။ သူ့ကို အဲဒီညက ဗွီဇက်အို
ကနေ အဖြေပေးလိုက် ရမလားလို့ တွေးမိပါသေးတယ်…။ ဒါပေမယ့်
လူချင်းတွေ့မှ ပေးမယ်လို့ ဆုံးဖြတ်လိုက်တယ်လေ…။

ဒီလိုနဲ့ သူနဲ့ အပြင်မှာတွေ့ဖို့
ချိန်းဖြစ်ပါတယ်…။ အများနည်းတူ အင်လျားကန်ဘေးက မွန်းမှာပေါ့။
အဲဒီနေ့လေးကို အမှတ်ရနေပါတယ်..။ နေကလည်းသာ ရာသီဥတုကလည်း သာသာယာယာနဲ့ အင်လျားကန် ရေပြင်ကြီးဟာ အလွန်ကို လှနေပါတယ်…။ သူနဲ့ မွန်းမှာ ကော်ဖီအတူတူ သောက်ပါတယ်..။ ပြီးတော့
သူက ကန်ဘောင်ပေါ် လမ်းလျှောက်ဖို့ ပြောတယ်လေ…။ ကန်ဘောင် ပေါ်က ထိုင်ခုံလေးမှာ အင်ကြင်းတို့ ထိုင်ဖြစ်ခဲ့ပါတယ်…။ သူ ယူလာတဲ့
နှင်းဆီပန်းနဲ့ အသည်းပုံ ကတ်လေးတစ်ကတ်ကို ပေးတယ်လေ။

ရေးထားတာက
I will love you until my lastbreath တဲ့။
သြော်… သူ အင်ကြင်းကို တကယ်ချစ်ပါလားလို့ သိလိုက်တယ်လေ…။ အဲဒီနေ့မှာပဲ အင်ကြင်း သူ့ကို အဖြေပေးခဲ့ပါတယ်။ သူလည်း အတော်ပျော်သွားပုံရတယ်။အင်ကြင်းအတွက်တော့
သူက အချစ်ဦး ပါ….။ သူ့မှာ ဘယ်လို နောက်ကြောင်းတွေ ရှိလည်းဆိုတာတော့ အင်ကြင်း မသိချင်သေးပါဘူး..။ နောက်မှ အေးအေးဆေးဆေး မေးမယ်ပေါ့..။ အဲဒီနေ့က ကျောင်းပြေးခဲ့တယ်လေ…။ ဇွန်လ ၂၈ ရက် နေ့ပါ။ ဟုတ်ပါတယ် အဲဒီနေ့စွဲလေးက အင်ကြင်းအတွက် အမှတ်တရပါပဲ..။ သူပေးခဲ့တဲ့ ပထမဆုံး အနမ်းလေးတွေက အမြဲအမှတ်ရစေတာလေ….။

သူနဲ့ ချစ်သူတွေဖြစ်တော့
သူ့ကျောင်းကို လိုက်လည်ဖို့ အင်ကြင်းကို ပြောပါတယ်၊ သူများကျောင်းကို သွားလည်ရတာတော့
ကြောင်တောင်တောင်နိုင်ပါတယ်..။ ဒါကြောင့် နောက်မှ လိုက်လည်မယ်လို့သာ
ပြောခဲ့ပါတယ်။ သူ့ကို အင်ကြင်းတို့ကျောင်းကို
အရင်အလည်ဖို့ ခေါ်ခဲ့တယ်လေ။
သူလည်း အင်ကြင်းတို့ကျောင်းကို
လိုက်လည်ပါတယ်…။ ကျောင်းက သူငယ်ချင်းတွေနဲ့လည်း
မိတ်ဆက်ပေးပါတယ်…။ ကန်တင်းမှာ အကြာကြီး အချိန်ကုန်ခဲ့တာပေါ့။

အမှတ်တရဓာတ်ပုံတွေ လည်း ရိုက်ခဲ့ပါသေးတယ်။
အဲဒီနေ့က ကျောင်းမှာ အချိန်တော်တော် ကြာပါတယ်…။ ကျောင်းက အပြန် ဖယ်ရီကြပ်တော့သူက တက္ကဆီနဲ့ ပြန်မယ်ဆိုတာနဲ့ သူနဲ့အတူ မြို့ထဲ ပြန်ခဲ့တယ်လေ….။ ကားပေါ်မှာလည်း
သူက တစ်လမ်းလုံး အင်ကြင်းကို ဖတ်ထားတယ်လေ…။ နွေးတွေးတဲ့ သူ့ရဲ့ရင်ခွင် ကိုအင်ကြင်း မသိမသာ မှေးစက်နေမိပါတယ်…..။ သူက သူ့အခန်းကို လိုက်ဖို့ ပြောတယ်လေ…။
အင်ကြင်းလည်း မငြင်းသာတော့လိုက်ခဲ့ရတယ်လေ…။ သူ့အခန်းကို ရောက်တော့
အခန်းက တော်တော် ရှုပ်နေပါတယ်..။ သူ့အပြောအရတော့
သူ့သူငယ်ချင်းတွေ လာအိပ်သွားတယ်လို့ ဆိုတာ ပဲ…။ သူကတော့ ပင်ပန်းလို့ ရေချိုးမယ်ပြောပြီး၊ ရေချိုးခန်း ဝင်လေရဲ့။
အင်ကြင်းက မနေတတ် လေတော့အခန်းကို သန့်ရှင်းရေးလုပ်ပေးဖို့
ပြင်လိုက်ပါတယ်…။ ပြန့်ကျဲနေတဲ့စာအုပ်တွေ..၊ တောင် တစ်ခု မြောက်တစ်ခု ရောက်နေတဲ့ ခေါင်းအုံးတွေကို နေရာတကျ ပြန်
ထားပေးလိုက်ပါတယ်…။

ညစ်ပေနေတဲ့ဖန်ခွက်တွေကိုလည်း ဆေးဖို့ ဆုံးဖြတ်လိုက်ပါတယ်..။ ဖန်ခွက်ကို ကောက်ယူတုန်း ရုတ်တရက် လက်ထဲက လွတ်ကျပါလေရော…။ သူက စိုးရိမ်တကြီးနဲ့ ရေချိုးခန်းထဲက ထွက်လာပြီး ဖန်ခွက်ကွဲရှထားတဲ့
အင်ကြင်း လက်ချောင်းလေးကိုပါးစပ်ထဲငုံပြီး စိတ်ပူတဲ့
မျက်လုံးတစ်စုံနဲ့ စိမ်းစိမ်းကြီး ကြည့်နေပါတော့တယ်….။

ဒီလိုနဲ့သူ့ကို အင်ကြင်းတစ်ဘဝလုံး ပုံပေးခဲ့မိပါတယ်။
သူက ဆေးကျောင်းသားဆိုတော့အကာအကွယ်သုံးဖို့လည်း
မလိုဘူးလို့ ထင်တယ် လေ….။ သူ့ကို ယုံခဲ့ပါတယ်….။
နောက်နေ့မှာတော့သူအင်ကြင်းနဲ့ချိန်းတဲ့ နေရာကို ရောက်မလာခဲ့ပါဘူး။ အကြောင်းတစ်ခုခုကြောင့် သာ သူမလာနိုင်တာပဲလို့ ထင်ပြီး သူ့ကို ခွင့်လွတ်ခဲ့ပါတယ်…။ အွန်လိုင်းမှာတော့ မက်ဆေ့ ရေးထားခဲ့တယ်လေ….။ မွန်းမှာ တွေ့မယ်ပေါ့။တစ်ရက်က နှစ်ရက်… ဒီလိုနဲ့ တစ်ပတ်လောက် သူပေါ်မလာပါဘူး….။ နောက်တော့မှသိလိုက်ရတာက သူ အင်ကြင်းရဲ့
အကောင့်တွေကို ဘလော့ လိုက်တယ် ဆိုတာကိုပါပဲ…။ အင်ကြင်းကတော့
သူအွန်လိုင်း မလာဘူးလို့ ထင်နေတာလေ….။

သူက အင်ကြင်းကို လုံးဝ အဆက်သွယ်ဖြတ်ခဲ့တာလေ…..။ သူလိုချင်တာ သူဖြစ်ချင်တာတွေ ရသွားတော့သူအင်ကြင်းကို ထားခဲ့ပြီလေ…။ သူ့မှာက
ဆက်သွယ်စရာ ဖုန်းနံပါတ်လဲ မရှိဘူးလေ…။ သူ့တိုက်ခန်း ဆိုတာကိုလည်း
သွားပါသေးတယ်…။ တကယ်တော့
အဲဒါ သူ့ကိုယ်ပိုင်အခန်းလည်း မဟုတ်ပါဘူး…။
ဒါတွေလည်း နောက်မှ သိလိုက်ရတာတွေပါ…။ သူများအခန်းမှာ ကပ်နေတာတဲ့..။အဲဒီအခန်းက ဖဲဝိုင်းလုပ်တဲ့
အခန်းတဲ့..။ ကဲကောင်းလိုက်လေရော….။ အင်ကြင်းကတော့
စေတနာနဲ့ သန့်ရှင်းရေး လုပ်ပေးခဲ့မိတာ သူတို့တွေ မဟုတ်တာလုပ်နေတဲ့
နေရာကြီးလေ…။ ကိုယ့်ဘဝပါ အဲဒီမှာ ပျက်ခဲ့ ရတယ်လေ…။ ပိုဆိုးတာက သူက ဆေးကျောင်းသားလည်း မဟုတ်ဘူးတဲ့…။
သေပါလေရော…။ အင်ကြင်းကတော့
သူ့ကို ယုံမှတ်ပြီး ပုံအပ်ခဲ့တယ်လေ….။ သူကတော့
ပိပိရိရိကို လိမ်ဇာတ်တွေ ဆင်ခဲ့တာကိုး….။

အင်းလေ… ရှိပါစေတော့ဆိုပြီးအင်ကြင်း ကိုယ့်စိတ်နဲ့ကိုယ် ဖြေပါတယ်..။ ငါညံ့ခဲ့လို့ ငါခံရတယ်ပေါ့လေ…..။သူငယ်ချင်းတွေနဲ့ တိုင်ပင်ပြီး ကိုယ်ဝန်ရှိမှာ ကြောက်လို့ဆီးလည်း စစ်ခဲ့ရပါသေးတယ်….။ အပျိုတန်မယ့်
ဆေးဆိုင်မှာ ဆီးစစ်တဲ့ပစ္စည်းသွားဝယ်ရတာ ဘဝမှာ
မျက်နှာအပူဆုံးပါပဲ…။ ဒါပေမယ့် လည်း ရှေ့မျက်နှာနောက်ထားပြီး အရဲစွန့်ကာ ဝယ်ခဲ့ရတယ်လေ…။

ကံကောင်းချင်တော့ အဲဒီနေ့က ဆေးကောင်တာမှာ ရောင်းတာက အန်တီကြီးတစ်ယောက် ဖြစ်နေတယ်လေ…။ ဘုရား ဘုရား မျက်စိ စုံမှိတ်ပြီး ဆီးစစ်တဲ့အဖြေကို မဝံ့မရဲ
ကြည့်မိပါတယ်….။ အောင်မလေး… ကိုယ်ဝန်မရှိဘူးလေ…။ အင်း တော်သေးတာပေါ့…။ နို့မို့ဆို ဘဝဆုံးမှာ…။ဒါပေမယ့်
ဒင်းကိုတော့ဘယ်တော့မှ ခွင့်မလွတ်ဘူး…။ လိမ်ညာပြီး တစ်ဖက်သားဘဝကို ယူတယ်…။ အွန်လိုင်းမှာ သူ ဒီလိုမျိုး ဘယ်နှစ်ယောက် လောက်များ
လိမ်ခဲ့လေသလဲ မသိဘူး…။ တွေ့လို့ကတော့မလွယ်ဘူးသာမှတ်…။

ဒီလိုနဲ့ အင်ကြင်း အွန်လိုင်းဆိုတာကြီးကို မုန်းသွားပါတယ်….။ အွန်လိုင်းမှာ အလိမ်တွေချည်းပဲ ဘယ်သူ့ကိုမှ မယုံရဘူးဆိုတာလည်း နောင်တတွေနဲ့ပေါ့လေ…။ ဗီဇက်အိုဆိုတာကိုလည်း
လုံးဝအသံ တောင် မကြားချင်တော့ဘူးလေ…။
အပြောလေးချို ရုပ်လေးပြပြီးတော့ လူတွေအချင်းချင်း လိမ်နေညာနေကြတာပါလား ဆိုပြီး သံဝေဂ လည်းရပါရဲ့…။
ဒီလိုနဲ့ အင်ကြင်း ကျောင်းစာကိုပဲ
လုပ်ဖို့ သတိပြန်ဝင်ပါတယ်…။ ရွာကိုလည်း အဆက်အသွယ် မလုပ်တာကြာတော့။ ပြန်ဆက်သွယ် ဖြစ်တယ်လေ…။ ဒီအထိတော့
ကိုယ့်ကိုကိုယ် အပြစ်တင်မိပါတယ်…။ ငါ့ကံပဲလေ ဆိုပြီးလေ…။
တစ်နေ့တော့ အင်ကြင်းတို့ အီကိုက ကျောင်းကား အက်ဆီးဒန့် ဖြစ်လို့ အင်ကြင်း သူငယ်ချင်း တစ်ယောက်
ဆေးရုံတင်လိုက်ရပါတယ်….။

အရေးပေါ်သွေး လိုတယ်ဆိုတော့
သူတို့က ဘီ (B) သွေး ရှာနေကြတယ်လေ..။ အင်ကြင်းလည်း ဘီသွေးဆိုတော့
သူ့ကို လှူပေးမယ်ပေါ့။
ဒါနဲ့ အင်ကြင်း သွေးလှူဖို့ ဆုံးဖြတ်ပြီး သွေးစစ်ခဲ့ပါတယ်….။ ဘယ်ဘဝက ဖန်လာတဲ့ ကံလည်းတော့
မသိပါ…။ အင်ကြင်း သွေးအဖြေက HIV positive တဲ့။
အင်ကြင်းက positive ဆိုတာကို သေသေချာချာ မသိလေတော့
ကြောက်ရကောင်းမှန်းလဲ
မသိခဲ့ ပါဘူး။ ဘာမှ မမှုဘူးပေါ့လေ..။

နောက်တော့ ဆရာဝန်က
သေသေချာချာ ရှင်းပြတော့မှ ငါ့အဖြစ် ရှုံးလိုက်လေခြင်း
ဆိုပြီး ငိုမိပါတယ်…။ အင်ကြင်း ခေါင်းထဲမှာ
ဘာမှ မရှိတော့ပါဘူး….။ ဘာကိုမှ လည်း မတွေးချင်တော့ပါဘူး…။ သေမထူး နေမထူးတဲ့ဘဝပါ….။ အင်ကြင်းမှာ လာမယ့်နှစ် ဘွဲ့ယူတဲ့အထိရော အသက်ရှင်နိုင်ပါဦးမလား…။ ဘွဲ့ဝတ်စုံကို
အခန့်သားဝတ်လို့ သစ်ပုတ်ပင်ကြီး နောက်ခံ ထားပြီး
မိဘတွေနဲ့အတူ ဓာတ်ပုံရိုက်ခွင့်ရောရပါတော့မလား….။ ကျောင်းက သူငယ်ချင်းတွေကိုရော ဘယ်လို မျက်နှာပြရမလဲ…။ အင်ကြင်းဘဝမှာ တစ်ခါမှားမိခဲ့ပါတယ်…။ အဲဒီအမှားက သေရာပါ အမှား ဖြစ်ခဲ့လေတယ်လေ…။

ချစ်လွန်းလှပါတယ် ဆိုတဲ့ဟိုလူလိမ်လူညာကိုလည်း
မေတ္တာအကြိမ်ကြိမ် ပို့မိတယ်လေ….။
အလွန် တုံးလွန်းတဲ့ အင်ကြင်းကိုယ် အင်ကြင်း လုံးဝခွင့်မလွတ်နိုင်ဘူးလေ…။
ငါ့အပြစ်နဲ့သာ ငါပဲလို့ တွေးမိ ပါတယ်….။ အခုမှတော့
မှားပါတယ်လို့ နောင်တ မရချင်တော့ပါဘူး ဆရာရယ်…..။ အင်ကြင်း ဘဝနဲ့
အင်ကြင်သာ ရှိပါစေတော့လေ….။

ဒီHIV ပိုးရှိနေလို့ အင်ကြင်းသေရမှာ မကြောက်ပါဘူး…။ ဒီပိုးရှိလို့ လူအထင်သေးခံရမှာကိုလည်း
မမှုတော့ပါဘူး။ ဒါပေမယ့် အင်ကြင်းတို့က မြန်မာမိန်းကလေးတွေလေ…။ ဒီလိုမျိုး ညီမငယ်လေးတွေ ဘဝ မဆုံးရှုံးပါစေနဲ့လို့သာ
ဆုတောင်းပါတယ်..။ အချစ်ကို ကိုးကွယ်တန်ဖိုးထားတဲ့
မြန်မာ မိန်းကလေးတွေ အင်ကြင်းလို အချစ်ကို ယုံပြီး
ဘဝကို ပုံမအပ်မိစေဖို့နဲ့ဒီလို လူလိမ်လူညာတွေကို ဆန့်ကျင်ဖို့ အင်ကြင်းကတော့ ကြိုးစားသွားမှာပါဆရာ…။”

ထိုနေ့ ညနေက နှုတ်ဆက်ထွက်ခွာသွားတဲ့
အင်ကြင်းကို ငေးလျက်၊တိုးတက်လာတဲ့
နည်းပညာနဲ့ အတူ လူမှုရေးပြဿနာတွေလည်း ပိုမို ရှုပ်ထွေးလာပါလားလို့သာ တွေးရင်း ရုံးခန်းထဲမှာ ကျနော် ကျန်ရစ်ခဲ့ပါသည်…..,

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ