အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေအကြား တစ်နိုင်ငံလုံး
အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုနိုင်ဖို့ ခက်ခဲမှုမရှိတော့ပေမဲ့
စာချုပ်ချုပ်ဆိုပြီးနောက်ပိုင်း နိုင်ငံရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး
သဘောတူညီချက် မရသေးတာဖြစ်တယ်လို့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ
ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဒီနေ့
ပြောပါတယ်။
ရန်ကုန်မြို့ မြန်မာ့ငြိမ်းချမ်းရေးစင်တာမှာ ဒီနေ့စတင်ကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းကော်မတီ UPWC နဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ NCCT တို့ရဲ့ ပထမနေ့ဆွေးနွေးပွဲအပြီးမှာ ဗိုလ်မှူးကြီး ခွန်ဥက္ကာက RFA ကိုပြောခဲ့တာပါ။
"အခုပြဿနာက စာချုပ်ပြဿနာမဟုတ်ဘဲနဲ့ စာချုပ်ပြီးရင် ဆက်သွားရမယ့် စောင့်ကြည့်လေ့လာရေးအဖွဲ့တို့လို၊ အကောင်အထည်ဖော်ရေးအဖွဲ့တို့လို ဆက်လုပ်ရမယ့်အဖွဲ့တွေမှာ သွားထစ်နေတဲ့သဘောရှိတယ်၊ စာချုပ်ကတော့ အခုအားလုံးနှစ်ဖက်သဘောထားအရတော့ မခက်တော့ဘူး၊ ဒါပေမဲ့ ချုပ်ပြီးရင် ဘာလုပ်မလဲဆိုတဲ့နေရာမှာ နည်းနည်းလေးထစ်ငေါ့နေတယ်၊ အဲ့ဒါလေးချောတာနဲ့ ကျနော်တို့က စာချုပ်တာ လွယ်လွယ်လေးနဲ့ ဖြစ်သွားမယ်"
ဒါ့အပြင် UPWC နဲ့ NCCT တို့ရဲ့ ဒီတစ်ကြိမ်ဆွေးနွေးပွဲဟာ လာမယ့် အောက်တိုဘာလမှာကျင်းပဖို့ စီစဉ်ထားတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲအတွက် နောက်ဆုံးတွေ့ဆုံတဲ့ ဆွေးနွေးပွဲဖြစ်နိုင်တယ်လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။
ဒီနေ့ ဆွေးနွေးပွဲမှာ အရင်အစည်းဝေးက သဘောတူညီချက် မရရှိသေးတဲ့အချက်တွေကို ဆွေးနွေးခဲ့ကြသလို တပ်မတော်ဘက်က ဒုတိယဗိုလ်ချုပ်ကြီး ၄ ဦး တက်ရောက်ခဲ့ပါတယ်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ချမှတ်ထားတဲ့ မူဝါဒ ၆ ရပ်အတိုင်း ဆွေးနွေးသွားမှာဖြစ်သလို တဖက်နဲ့တစ်ဖက်အပြစ်ရှာဖို့မဟုတ်ဘဲ အငြင်းပွားမှုတွေကို ရှောင်ရှားဆွေးနွေးသွားဖို့လိုအပ်ကြောင်း တပ်မတော်ကိုယ်စားလှယ် ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက ပြောပါတယ်။
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်ဟာ တကယ်ခိုင်မာတဲ့ စာချုပ်ဖြစ်ဖို့လိုအပ်ကြောင်းနဲ့ ဆွေးနွေးပွဲဆိုင်ရာ လုပ်ငန်းစဉ်တွေကို ပြည်သူလူထုကို ချပြအသိပေးဖို့ လိုအပ်ကြောင်း NCCT အဖွဲ့ဝင် ဗိုလ်ချုပ်ဂွမ်မော်က ပြောခဲ့ပါတယ်။

No comments:
Post a Comment