Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, September 12, 2014

အိမ်ရှင်မတစ်ဦး၏ မာန၊ မိခင်တစ်ဦး၏ သတ္တိ



‘‘အိမ်ထောင်ရေးကို အရှုံးပေးလိုက်ရပေမယ့် အလုပ်ကိုတော့ အရှုံးမပေးပါဘူး’’ဟု ပြောလာသူမှာ အသက် (၅၅)နှစ်အရွယ် ဒေါ်လှရီပင်ဖြစ်သည်။ ဒေါ်လှရီသည် လူသာမန်တို့မရောက်လို၊ မနေလိုသည့် နေရာတစ်ခု တွင် သားသမီးများနှင့်အတူ နေထိုင်ရင်း တော်ရုံယောက်ျားတစ်ယောက်ပင် မလုပ်လိုသည့် အလုပ်ဖြင့် နှစ်ပေါင်းသုံးဆယ်နီးပါး အသက်မွေးခဲ့သူဖြစ်သဖြင့် ထိုစကားကို ပြောခြင်းဖြစ်သည်။

လူမစည်ကားအပ်သည့် နေရာများဟု သတ်မှတ်ကြသည့် ဆေးရုံ၊ တရားရုံး၊ သင်္ချိုင်းကုန်း စသည့်နေရာ များနှင့် တွဲစပ်၍ လုပ်ကိုင်စားသောက်နေရသည့် အောက်ခြေအလုပ်သမားများကို လူမှုအသိုင်းအ၀ိုင်းက ယခုအချိန်ထိ အမြင်ကြည်လင်ခြင်းမရှိသေးပေ။ အထူးသဖြင့် ဆေးရုံများရှိ ရေခဲတိုက်အလုပ်သမားများနှင့် သင်္ချိုင်းကုန်းများရှိ ခေါင်းတလားဖြင့် စီးပွားရေးလုပ်စားကြသူများသည် သာမန်လူ့အသိုင်းအ၀ိုင်းတွင် ၀င်ဆံ့ရန်ခက်ခဲသည့် အနေအထားတွင်ပင် ရှိသေးသည်။

ထိုသူများထဲတွင် ဒေါ်လှရီလည်း တစ်ဦးအပါအ၀င်ပင် ဖြစ်သည်။ သို့သော် ဒေါ်လှရီလုပ်စားရသည့် အလုပ်မှာ တခြားခေါင်းတလားအလုပ်ဖြင့် စီးပွားရှာသူများကဲ့သို့ ခေါင်းတလားရောင်းခြင်းမဟုတ်။

မြန်မာနိုင်ငံရှိ အမျိုးသမီးများ လုပ်လေ့မရှိသည့် ဆိုက်ကားနင်းသည့်အလုပ်ပင် ဖြစ်သည်။ သို့သော် ဒေါ်လှရီ သည် သွားလာလှုပ်ရှားနိုင်သည့် လူများကို လိုရာခရီးသို့ လိုက်ပို့ပေးရသည့် ဆိုက်ကားနင်းခြင်းအလုပ်မ ဟုတ်ဘဲ ခေါင်းတလားများအား ဆိုက်ကားဖြင့် သယ်ပို့ပေးရသည့်အလုပ်ကို လုပ်ကိုင်အသက်မွေး ၀မ်းကျောင်းပြုနေသည်။

ဗဟန်း၊ ရွှေတိဂုံစေတီမြောက်ဘက်မုခ်အနီးတွင် မွေးဖွားလာခဲ့သည့် ဒေါ်လှရီသည် အသက်(၂၀)ကျော် အရွယ်တွင် အိမ်ထောင်ကျခဲ့ပြီးနောက် ခင်ပွန်းဖြစ်သူ၏ အလုပ်ရှိရာနောက်သို့ လိုက်လာရင်း ယခုရေဝေး သုသာန်အနီး ခေါင်းတလားများရောင်းချသည့် ဆိုင်ခန်းတစ်ခုတွင် ဆိုင်ခန်းရှင်၏ခွင့်ပြုချက်ဖြင့် နေထိုင်နေ သူဖြစ်သည်။ ခင်ပွန်းမှာ ယခင်ကပင် ထိုအလုပ်ကို လုပ်ကိုင်သူဖြစ်သဖြင့် ဒေါ်လှရီလည်း သျှောင်နောက် ဆံထုံးပါ လိုက်လာရင်းပင် ထိုအသိုင်းအ၀ိုင်းထဲတွင် ကျင်လည်ခဲ့ရခြင်းဖြစ်သည်။

နောက်ပိုင်း ခင်ပွန်းဖြစ်သူက ယမကာရဲ့ကျေးကျွန်ဖြစ်ကာ အလုပ်လုပ်ကိုင်ခြင်းမရှိတော့သည့် အခြေအနေ တွင် မိသားစုစားဝတ်နေရေးအတွက် ဒေါ်လှရီ ယခုအလုပ်ကို အရဲစွန့်လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။ အသက် (၂၀)ကျော်အရွယ်တွင် အိမ်ထောင်ကျသည့် ဒေါ်လှရီသည် အသက်(၂၈)နှစ်အရွယ်တွင် ယခုအလုပ်ကို စလုပ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ လုပ်ခါစအချိန်များက ခေါင်းတလားသယ်သည့် အလုပ်အပြင် စီးနင်းလို သူများအား လိုရာခရီးသို့ လိုက်ပို့ပေးခဲ့သော်လည်း နောက်ပိုင်းတွင် ခေါင်းတလားသယ်သည့် အလုပ်သာ အလုပ်များလာခဲ့သည်ဟုဆိုသည်။

‘‘ယောက်ျားက မူးပဲနေတော့ ယောက်ျားကို မခံချင်တာနဲ့ ဆိုက်ကားဝင်နင်းခဲ့တာပါ’’ဟု ဒေါ်လှရီက ဆိုက် ကားဖြင့် ခေါင်းတလားစသယ်ဖြစ်ပုံကို ဖွင့်ဟသည်။

ဒေါ်လှရီ အလုပ်လုပ်စက ယခုရေဝေးသုသာန်မပေါ်မီ ယခင်သုသာန်အဟောင်းနေရာတွင် စလုပ်ခဲ့ခြင်းဖြစ် ပြီး ထိုအချိန်က အခြားအမျိုးသားဆိုက်ကားနင်းသူများနှင့် အပြိုင်အလုပ်လုပ်ခဲ့သည်ဟု ဆိုသည်။

‘‘ရေဝေးမတိုင်ခင် ရေဝေးအနောက်ဘက်မှာ သင်္ချိုင်းတစ်ခုရှိတယ်။ အဲဒီကတည်းက လုပ်ခဲ့တာ။ မနက် တိုင်းလည်း မထသ ၃၇ ဂိတ်ကို လေးနာရီအရောက်သွားပြီး ခရီးသည်ကြိုဆိုက်ကားနင်းတယ်။ အမျိုးသား ဆိုက်ကားနင်းသူတွေနဲ့ အပြိုင်ပဲ အဲဒီတုန်းက ဆိုက်ကားက ငါးစီးလောက်ပဲ ရှိသေးတယ်’’ဟု ဒေါ်လှရီက သူ၏အလုပ်ဘ၀အစပိုင်းအချိန်များကို ပြောပြသည်။

ယခုအချိန်ထိလည်း အချို့သော ခေါင်းတလားလုပ်သူအချို့နှင့် အလုပ်သမားများက ဈေးသွားလိုသည့်အခါ တွင် ရံဖန်ရံခါ လိုက်ပို့ပေးရသေးသည်ဟု ဆိုသည်။ ဒေါ်လှရီအလုပ်လုပ်ခါစက ခေါင်းတလားတစ်လုံးအား ခရီးဝေးသို့ လိုက်ပို့ရလျှင် ငါးရာကျပ်သာရရှိခဲ့သော်လည်း ထိုအချိန်များက နေ့စဉ်ဝင်ငွေ တစ်သောင်းခန့် ပျမ်းမျှရသည်ဟု ဆိုသည်။ ယခုနောက်ပိုင်းတွင်တော့ သူမ၀င်ငွေ လျော့ကျလာသည်။
 ခေါင်းတလားဆိုင်တန်းများက ရေဝေးအအေးတိုက်သို့ ခေါင်းတစ်လုံးပို့ရလျှင် နှစ်ရာကျပ်နှင့် အနီးနားဒေ သများဖြစ်သည့် ကုန်းတလပေါင်ကဲ့သို့ နေရာများအထိ ပို့ရလျှင် ကျပ်ခြောက်ထောင်အထိရရှိသည်ဟု ဆိုသော်လည်း သူ၏တစ်နေ့ဝင်ငွေမှာ ပျမ်းမျှသုံးထောင်ဝန်းကျင်သာ ရှိတော့သည်။

ထိုသို့ဖြစ်ရခြင်းမှာ နာရေးကူညီမှုအသင်းများ ပေါ်ပေါက်လာသဖြင့် လူအများက နာရေးကိစ္စများတွင် ပြင်ပ သို့ အားမကိုးတော့ခြင်းကြောင့်ဟု ဆိုသည်။ ‘‘အသက် ၂၈ နှစ်လောက်တုန်းကတော့ တစ်နေ့ကို တစ်သောင်း၊ တစ်သောင်းကျော်ကျော်လောက် ရတာပေါ့။ အခုတော့ အဲဒီလောက်မရတော့ပါဘူး။ အဖွဲ့အစည်းတွေလည်း ပေါ်လာတာကိုး’’ဟု ဒေါ်လှရီက သူ၏လက်ရှိအလုပ်အကိုင်အခြေအနေကို ပြောပြသည်။

ဒေါ်လှရီနေထိုင်ရာနေရာသည် ရပ်ကွက်နှင့် သိပ်အလှမ်းဝေးလှသည် မဟုတ်သော်လည်း ရပ်ကွက်သူ၊ ရပ်ကွက်သားများနှင့်တော့ ခပ်စိမ်းစိမ်းပင်နေသည်ဟု သူကဆိုသည်။ ‘‘အခေါင်းအလုပ်ကို လုပ်နေတော့ သူတို့က စဏ္ဍာလလို့ သတ်မှတ်ထားကြတယ်လေ။ ထိုအခြေအနေဖြစ်နေသော်လည်း ဒေါ်လှရီတွင် စိတ် ပျက်အားငယ်မှုကို မတွေ့ရပါ။ သူ့သားသမီးများနှင့် ဘ၀ကို ရဲရဲတင်းတင်းပင် ဖြတ်သန်းနေသည်။ ခင်ပွန်းဖြစ်သူ ယမကာကျေးကျွန်ဖြစ်ပြီးနောက် အိမ်ထောင်စုဝင်ငွေကို ဦးဆောင်ရှာဖွေခဲ့သူဖြစ်ပြီး ခင်ပွန်း အား အိမ်တွင်နေစေကာ သောက်လိုသမျှ ခွင့်ပြုခဲ့သည့် ဒေါ်လှရီသည် ခင်ပွန်းဆုံးပါးသွားချိန်တွင်လည်း သူ့အတွက် ထူးခြားမှုမရှိခဲ့ဘဲ လုပ်လက်စအလုပ်ကို ဆက်လုပ်ကာ မိသားစုအတွက် အဓိက၀င်ငွေကို ရှာဖွေပေးနေသည်။

သားသမီးခြောက်ဦး၏မိခင် ဒေါ်လှရီသည် ငယ်စဉ်ကပင် မိခင်၊ ဖခင်များ ဆုံးပါးသွားခဲ့သဖြင့် ပညာရေးကံ အားနည်းခဲ့သူဖြစ်သည်။ သူတို့၏ ဘ၀ဖြတ်သန်းမှုအရလည်း သားသမီးများအား ပညာရေးအမွေ ကောင်း စွာပေးနိုင်ခြင်းမရှိဘဲ အလယ်တန်းအဆင့်၊ မူလတန်းအဆင့်ဖြင့်ပင် သားသမီးများအား ကျောင်းမှနုတ်ပယ် ကာ လုပ်ငန်းခွင်အတွင်းသို့ ၀င်ရောက်စေခဲ့သည်။ သူ၏ သားသမီးများသည်လည်း သူ့လိုပင် ရေဝေးသု သာန်ကို အမှီပြုကာ လုပ်ကိုင်စားသောက်နေကြသည်။

သို့သော် ဒေါ်လှရီသည် လက်ရှိတွင် အလုပ်အကိုင်ရှိသည့် သားသမီးများ၏ ထောက်ပံ့မှုကိုမရရှိဘဲ သူ့ဝမ်း သူကျောင်းကာ အတူနေသမီးနှစ်ယောက်နှင့် ဘ၀ကို ဖြတ်သန်းလျက်ရှိသည်။ အဖွဲ့အစည်းများ ပေါ်ပေါက် လာသဖြင့် ၀င်ငွေလျော့ကျလာသည့် ဒေါ်လှရီသည် သူ၏ လျော့ကျသွားသည့်ဝင်ငွေကို တစ်ဖက်တစ်လမ်းမှ ပြန်ဖြည့်သည့်အနေဖြင့် ရေဝေးသုသာန်ရှိ အလုပ်သမားများအား ထမင်းချိုင့်ပို့ခြင်းအလုပ်ကိုပါ တွဲဖက်လုပ် ကိုင်နေရသည်ဟု ဆိုသည်။

မြန်မာမုန့်များလုပ်ရောင်းသည့် မျိုးရိုးမှ ဆင်းသက်လာသည့် ဒေါ်လှရီသည် သူ့တွင် အခြားအလုပ်တစ်ခုရွေး ချယ်ရန် အခွင့်အလမ်းရှိပါက ထမင်းဆိုင်လေးတစ်ဆိုင်ဖွင့်ကာ ရောင်းချလိုသည့် ဆန္ဒရှိသည်ဟုဆိုသည်။

သို့သော် အိမ်ထောင်ရေးကံမကောင်းခဲ့သူ ဒေါ်လှရီသည် လက်ရှိ သူလုပ်ကိုင်ရာ အလုပ်ကိုပင် အသက်ထက် ဆုံး လုပ်ကိုင်သွားရမည်ဟု ယူဆနေသူဖြစ်သည်။ ‘‘အလုပ်ကတော့ အသက်မသေမချင်း လုပ်စားနေရမှာ ပဲ’’ဟု မျက်နှာတွင် သနပ်ခါးအဖွေးသားလိမ်းထားသော ဒေါ်လှရီကပြောသည်။ သူ၏မျက်လုံးများကတော့ မပြီးဆုံးသေးသည့် ဘ၀တိုက်ပွဲကို တွေးတောရင်း မျှော်ငေးလျက်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ